Home
မြန်မာသတင်း
ကျေးရွာအနီး မိုင်းမထောင်ရန် တပ်မတော်နှင့် အေအေကို ရွာသားများ တောင်းပန် 
DVB
·
March 12, 2020
89913207_248318292857238_8270274929371381760_o
ကျေးရွာအနီး လယ်ကွင်းတွေထဲမှာ မိုင်းထောင်တာမလုပ်ကြဖို့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အာကာတောင်ကျေးရွာနေ ရွာသားတွေက တပ်မတော်နဲ့ အေအေ ရခိုင်လက်နက်ကိုင်အဖွဲ့ကို မေတ္တာရပ်ခံ လိုက်ပါတယ်။ အာကာတောင်ကျေးရွာက မွတ်စလင်လူငယ် ၂ ဦး မတ်လ ၁၀ ရက် ညနေ ၄ နာရီ လောက်က မိုင်းနင်းမိလို့ ဘူးသီးတောင်ဆေးရုံသို့ ယူလာစဉ် လမ်းမှာ ၁ ဦးသေဆုံးသွားခဲ့ပြီး ကျန် ၁ ဦးကတော့ ဒဏ်ရာပြင်းထန်စွာနဲ့ ဘူးသီးတောင်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတာပါ။ အာကာတောင်ကျေးရွာက ရွာလူကြီးတစ်ဦးဖြစ်တဲ့ မာမတ်အာလီက "အခု ၂ ဦး မိုင်းထိသွားပြီ၊ ပတ်ဝန်းကျင်မှာလည်း မိုင်းတွေရှိနေအုံးမယ်ဆိုတော့ နွားကျောင်းသွားဖို့တောင် မလွယ်တော့ဘူး။ အဲဒါကို ဘယ်လိုလုပ်ရမယ်ဆိုတာ စဉ်းစားလို့မရတော့ဘူး။  အဲ့ဒီပတ်ဝန်းကျင်မှာ တိုက်ပွဲတွေတော့ဖြစ်ခဲ့တယ်။ ဘယ်သူတွေထောင်တာလဲတော့ မသိဘူး။ နေ့ဘက် အမျိုးသမီးတွေ ကလေးတွေ သွားလာကြရင် မိုင်းတွေက ပေါက်လာအုံးမယ်။ ဒါ့ကြောင့်တပ်မတော်ဖြစ်ဖြစ် အေအေ ဖြစ်ဖြစ်ရွာနားကပ်ပြီးတော့ မိုင်းတွေမထောင်ကြဖို့ ရွာလူကြီးတစ်ဦးအနေနဲ့ မေတ္တာရပ်ခံပါတယ်"လို့ ပြောပါတယ်။ သေဆုံးသူ ၁၃ နှစ်သား မာမောက်ဂျော်မီလ်ရဲ့ ရုပ်အလောင်းကိုတော့ မတ်လ ၁၁ ရက် မနက်မှာ သူ့မိသားစုက အာကာတောင်ကျေးရွာကို ပြန်လည်ယူဆောင်သွားခဲ့ကြပါတယ်။ ဒဏ်ရာရရှိသူ  အေနာတူလာ အသက် ၁၂ နှစ်ကတော့ ဒဏ်ရာပြင်းထန်လို့ ဘူးသီးတောင်ဆေးရုံမှာ တက်ရောက်ဆေကုသမှု ခံယူနေပါတယ်။  သေဆုံးသွားသူရဲ့  အစ်ကိုဖြစ်သူ မာမတ်အီလီယက်က " ကျနော်တို့ရွာ အရှေ့ဘက်ကျပါတယ်။ သမီးလှကျေးရွာနဲ့ အာကာတောင်ကျေးရွာအကြား လယ်ကွင်းပြင်မှာ မိုင်းပေါက်လို နွားသွားကျောင်းတဲ့ ကလေး ၂ ဦးထိခိုက်ပါတယ်။ ညနေ ၄ နာရီလောက်မှာပါ။ ဒဏ်ရာရတဲ့ကလေး ၂ ဦးကို ဘူးသီးတောင်ကို ခေါ်လာတယ်။ လမ်းမှာ တစ်ဦး ဆုံးသွားတယ် ကျန်တစ်ဟောက်က ဘူးသီးတောင်ဆေးရုံမှာဆေးကုသနေပါတယ်။ ဘယ်အဖွဲ့ကထောင်တဲ့မိုင်းလဲ သိပါဘူး။”လို့ပြောပါတယ်။ အာကာတောင်ကျေးရွာမှာ လက်ရှိ အိမ်ခြေ ၄၀၀ ကျော် လူဦးရေ ၂၀၀၀ ကျော်နေထိုင်ပြီး ၂၀၁၇ အကြမ်းဖက်ဖြစ်စဉ်ကြောင့်  အိမ်ခြေ ၁၀၀ ကျော်လောက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားပါတယ်။   သတင်း- လင်းလက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024