DVB Logo
Home
မြန်မာသတင်း
၅၉ (စ) အပါအဝင် ပုဒ်မ ၁၅ ခုစလုံး ပြင်ဆင်နိုင်ခြင်းမရှိဘဲ ရှုံးနိမ့်   
DVB
·
March 11, 2020
၅၉ (စ) အပါအဝင် ပုဒ်မ ၁၅ ခုစလုံး ပြင်ဆင်နိုင်ခြင်းမရှိဘဲ ရှုံးနိမ့်   
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ  ဒုတိယမြောက်နေ့အဖြစ် ဆက်လက်မဲခွဲဆုံးဖြတ်ရာမှာ ပုဒ်မ ၅၉ (စ) ပယ်ဖျက်ရေးနဲ့ ကာလုံပြင်ဆင်ဖွဲ့စည်းရေး အပါအဝင် ပုဒ်မ ၁၅ ခုလုံးကို ပြင်ဆင်နိုင်ခြင်းမရှိဘဲ ရှုံးနိမ့်သွားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေမူကြမ်းပါ  ဖွဲ့စည်းပုံပုဒ်မ - ၄၃၆ (က)နဲ့ အကျုံးဝင်တဲ့ ပုဒ်မ၊ ပုဒ်မခွဲ (၁၅)ခုကို ပြင်ဆင်ဖို့မဲပေးရာမှာ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းမကျော်တဲ့အတွက် မူလအတိုင်းမပြင်ဆင်ဘဲ ထားရှိဖို့ လွှတ်တော်နာယက ကြေညာခဲ့ပါတယ်။

 ပုဒ်မ ၅၉ (စ)ဟာ နိုင်ငံတော်အကြီးအကဲ သမ္မတနဲ့ ဒုသမ္မတတွေရဲ့ အရည်အချင်းသတ်မှတ်ချက် ဖြစ်ပြီး မိမိကိုယ်တိုင်နဲ့  မိဘ၊ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ ချွေးမနဲ့ သားမက်တွေပါ နိုင်ငံခြားသားမဖြစ်ရလို့ ပြဋ္ဌာန်းထားတာကို ပယ်ဖျက်ဖို့ အန်အယ်လ်ဒီပါတီက ကြိုးစားခဲ့တာဖြစ်ပါတယ်။

ပုဒ်မ ၅၉ (စ) ကို ပယ်ဖျက်ဖို့ ဒီကနေ့ လွှတ်တော်မှာမဲခွဲဆုံးဖြတ်ရာမှာ  ထောက်ခံမဲ ၃၉၃ မဲနဲ့ မဲအများစုရခဲ့ပေမယ့် ၇၅ ရာခိုင်နှုန်းမကျော်လို့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

မဲခွဲရင် ရှုံးမယ်ဆိုတာသိပေမယ့် စစ်တပ်ရဲ့လက်ရှိနိုင်ငံရေးသဘောထားကို ပြည်သူတွေ မျက်မြင်သိအောင် ဖွဲ့စည်းပုံပြင်ဖို့ အန်အယ်လ်ဒီက ကြိုးစားတာလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

တပ်မတော်နဲ့နီးစပ်တဲ့ နိုင်ငံရေးလေ့လာသူ ဒေါက်တာအောင်မျိုးကတော့ နိုင်ငံရေးကနေ တပ်မတော်စွန့်ခွာဖို့ အချိန်စောသေးတယ်လို့ သုံးသပ်ပါတယ်။

အာဏာရပါတီနဲ့ တခြားသောနိုင်ငံရေးပါတီတွေရဲ့ တပ်မတော်အပေါ်သဘောထား ပျော့ပြောင်းလာမှု အခြေအနေကလည်း နိုင်ငံရေးကနေ တပ်မတော်ဆုတ်ခွာဖို့ အချိန်ကို အဆုံးအဖြတ်ပေးလိမ့်မယ်လို့ လည်းပြောပါတယ်။ 

ဖွဲ့စည်းပုံပြင်ရေးအတွက် ဟောပြောလို့ တပ်မတော်ရဲ့တရားစွဲတာကို ရင်ဆိုင်နေရတဲ့ ပြည်ထောင်စုရှေ့နေများနှင့်ဥပဒေအထောက်အကူပြုသူများအဖွဲ့ ဥက္ကဋ္ဌ  တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်ကတော့ ဖွဲ့စည်းပုံကိုပြင်တာထက် အသစ်ပြန်ရေးတာသာ အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

မတ်လ ၁၀ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံပါ တပ်မတော် အာဏာတွေကို လျော့ချဖို့ ပုဒ်မတွေ အပါအဝင်  အချက်ပေါင်း ၁၄ချက်ကို ပြင်ဆင်ဖို့ မဲခွဲရာမှာ ၂ချက်ကိုသာ ပြင်နိုင်ပြီး ၁၂ချက်မပြင်နိုင်ခဲ့ပါဘူး။ 

ဒီနေ့ မတ်လ ၁၁ ရက်နေ့မှာ ပုဒ်မ ၅၉(စ) အပါအဝင် အချက်ပေါင်း ၁၅ချက်ကို ပြင်ဆင်ဖို့ မဲခွဲရာမှာလည်း တစ်ချက်ကိုမှ အန်အယ်လ်ဒီက မပြင်နိုင်ခဲ့ပါဘူး။ 

သတင်း-ဇေယျာချမ်းအေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013