DVB Logo
Home
မြန်မာသတင်း
ကရင်တိုင်းရင်းသား နှီးနှောဖလှယ်ပွဲ ပြည်တွင်းတွင် ကျင်းပမည်
DVB
·
March 19, 2013
ကရင်တိုင်းရင်းသား နှီးနှောဖလှယ်ပွဲ ပြည်တွင်းတွင် ကျင်းပမည်
Donate to DVB

ကရင်တိုင်းရင်းသားရေးရာ နှီးနှောဖလှယ်ပွဲတခုကို ကရင်ပြည်နယ် ဘားအံမြို့မှာ မတ် ၂၉ ရက်နဲ့ ၃၀ ရက်နေ့တွေမှာ ကျင်းပမယ်လို့ ကေအန်ယူဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်က ပြောပါတယ်။

[caption id="attachment_37575" align="alignright" width="300" caption="နော်စီဖိုးရာစိန်"][/caption]

ဒီအစည်းအဝေးကို  ကရင်အမျိုးသားအစည်းအရုံး၊ တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)၊ ကေအန်ယူ/ကေအန်အယ်လ်အေ (ငြိမ်းချမ်းရေးကောင်စီ)နဲ့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ စတဲ့ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြို့ပေါ်က ကရင်အဖွဲ့အစည်းတွေ၊ ကရင်အမျိုးသားရေး လုပ်ဆောင်ကြတဲ့အဖွဲ့တွေက တက်ရောက်ဖို့ ရှိပါတယ်။

ဒီအစည်းအဝေးနဲ့ပတ်သက်လို့ ကေအန်ယူအစည်းအရုံး ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန်က “ဒါကတော့ ကရင်နှီးနှောဖလှယ်ပွဲ (seminar) တခုပါ။ ကရင်တမျိုးသားလုံးရဲ့ အစည်းအဝေးကြီးတခုဖြစ်တယ်။ အကြောင်းရင်းကတော့ ကရင်တမျိုးသားလုံးရဲ့ စည်းလုံးညီညွတ်မှုကို တည်ဆောက်ဖို့၊ ပြီးတော့ ငြိမ်းချမ်းရေးသွားတဲ့လမ်းကို တမျိုးသားလုံးအနေနဲ့ တည်ဆောက်ဖို့အတွက် လုပ်ဆောင်ချက်ဖြစ်တယ်” လို့ ဆိုပါတယ်။

ကရင်အဖွဲ့အစည်းတွေ ပြည်တွင်းမှာ တရားဝင် ပထမဆုံးတွေ့ဆုံတာဟာ ရှေ့ဆက်သွားဖို့ အစပြု စုစည်းကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“တမျိုးသားလုံးရဲ့ စည်းလုံးညီညွတ်မှုနဲ့ အခန်းကဏ္ဍပါ။ အကျိုးကျေးဇူးကိုလုပ်ဆောင်နိုင်ဖို့အတွက်၊ အားလုံးစုစည်းပြီး ရပ်တည်သွားဖို့အတွက်ပေါ့။ တမျိုးသားလုံးရှေ့ဆက်သွားဖို့အတွက်ပေါ့။”

မွန်တိုင်းရင်းသားတွေကလည်း မွန်လူထုလူတန်းစာအလွှာတွေပါဝင်တဲ့ ကျယ်ပြန့်တဲ့ ဆွေးနွေးပွဲတွေကို မနှစ်က ကျင်းပခဲ့ပြီး ရှမ်းတိုင်းရင်းသားတွေကလည်း ဆွေးနွေးခဲ့ပြီး ဘုံရပ်တည်ချက်သဘောထားတွေ ရဖို့ ကြိုးပမ်းနေပါတယ်။

မနက်ဖြန်ကျရင်လည်း ရှမ်းပြည်နယ် လားရှိုးမြို့မှာ ကရင်နီနဲ့ရှမ်းပြည်နယ်က တိုင်းရင်းသားတွေ ယုံကြည်မှုတည်ဆောက်ရေး ဆွေးနွေးပွဲလုပ်ဖို့ရှိပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအပါအ၀င် ၀န်ကြီး ၃ ဦး တက်ရောက်ဖို့ ရောက်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013