DVB Logo
Home
Lead Story
ဒေါကလိုးခူရွာရဲ့ ရိုးရာဓလေ့ တောလိုက်ပွဲ
DVB
·
March 10, 2020
ဒေါကလိုးခူရွာရဲ့ ရိုးရာဓလေ့ တောလိုက်ပွဲ
1 / 4
Donate to DVB

ကယားပြည်နယ်၊  လွိုင်ကော်မြို့နယ် ချိကယ်ဒေါကလိုးခူကျေးရွာလေးမှာ ရိုးရာဓလေ့ တောကောင်လိုက်ပွဲကို  ဒီကနေ့ မတ်လ ၁၀ ရက်နေ့က ရွာလုံးကျွတ် ပြုလုပ်နေပါတယ်။ 

တောကောင်လိုက်ပွဲနေ့ မသတ်မှတ်ခင် ရွာရှိ နတ်ဆရာတွေကို ကြက်ရိုးထိုးပြီး တောလိုက်ရမယ့်ရက်ကို ရွေးချယ်ရတာပါ။

ကြက်ရိုးထိုးလို့ရလာတဲ့ အဖြေအရ ရွာရဲ့ တောလိုက်ရမယ့်ရက်ကို သတ်မှတ်ပြီး မနက်စောပိုင်းကတည်းက ရွာကတောလိုက်နိုင်တဲ့ အမျိုးသားအားလုံးစုပြီး တောလိုက်ဖို့ ပြင်ဆင်ကြရပါတယ်။

တောမထွက်ခင် တောပစ်မယ့် တူမီးသေနတ်တွေကို ကြက်ဥနဲ့ လမိုင်းတင်ပြီး အဲဒီကြက်ဥကို ခွဲကြည့်ရာ ဒီကနေ့ တောကောင် ရနိုင်လား၊ မရနိုင်ဘူးလား စတာတွေကို ရွာသားတွေက နိမိတ်ဖတ်ကြပါတယ်။



တောလိုက်ပွဲကို ဦးဆောင်တဲ့ နတ်ဆရာတယောက်က  ကြက်ဥကိုကြည့်ပြီး “အဲဒီမှာ အမည်းစက်လေးတွေ ၃ လုံးရှိတယ်။ အဲဒါက ဒီဟာ ပစ်လို့ရှိရင် ခဲဘယ်နှလုံးထိမယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ တောကောင်ရမယ်ပေါ့” လို့ ရှင်းပြပါတယ်။

ဒီကြည်ဥကြည့် နိမိတ်ဖတ်ပြီးနောက်မှာတော့ ရွာလုံးကျွတ် တောထဲကို ထွက်ခွာသွားကြပါတယ်။

ရွာမှာတော့ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးတွေသာ ကျန်ခဲ့ပြီး ရွာထဲကိုလည်း ဝင်ထွက်သွားလာခွင့်မပြုပါဘူး။ ရွာထိပ်မှာဆိုရင် ဝါးလုံးတွေနဲ့ကာထားပြီး တောလိုက်ပွဲရှိကြောင်း၊ ရွာထဲမဝင်ရ စတဲ့ ပိုစာလေးတွေ ကပ်ထားပါတယ်။

ကျေးရွာက လူကြီးတယောက်ဖြစ်တဲ့ ခူးလေးရယ်က “ ရိုးရာဓလေ့က ဟိုးရှေး ဘိုးဘွား၊ ဘီဘင်ကတည်းက တောလိုက်ပွဲရှိတယ်။ ငှက်လိုက်ပွဲရှိတယ်။ တံခွန်တိုင်ရှိတယ်၊ နောက် ဒီးကူပွဲရှိတာပေါ့နော်။ ဒါပေမဲ့ တောလိုက်ပွဲက တခြားဧည့်သည် ရွာထဲဝင်လို့မရဘူး။ နောက်တခါ သူတို့တောလိုက်သွားပြီဆိုရင် သူတို့ ဆောင်ရန်၊ ရှောင်ရန်လေးတွေ ရှိတယ်။ ပဲပုပ်တို့၊ ငါးရံ့၊ ငါးရံ့ခေါင်းတိုတို့ ထည့်သွားလို့မရဘူး။ နောက်ထမင်းထုပ်ကို အင်ဖက်နဲ့ပဲ ထုပ်ရတယ်။ ငှက်ပျောဖက်နဲ့ မရဘူး။ အဲလိုတောလိုက်မှ ပြည့်ပြည်စုံစုံ အောင်မြင်မှုရှိတယ်။ ” လို့ ပြောပါတယ်။

ရွာမှာ ကျန်ခဲ့သူတွေအားလုံးလည်း ဆူညံသံတွေ မပြုရဘဲ တိတ်ဆိတ်စွာ နေထိုင်ကြရပါတယ်။ အမျိုးသမီးတွေလည်း အဝတ်မလျှော်ဖို့၊ ကလေးတွေလည်း ရွာတွင်း ဆူဆူညံညံမလုပ်ဖို့၊ ရွာမှာ ဆူညံနေမှာစိုးရိမ်လို့ ဆိုင်တွေအားလုံး ပိတ်ထားသလို၊ လျှပ်စစ်မီးကိုပါ ပိတ်ထားပါတယ်။

အမျိုးသားတွေ တောလိုက်နေချိန် အိမ်မှာ ဆူညံနေရင် တောလိုက်တဲ့သူတွေ မတော်တဆ ဖြစ်မှာကို စိုးရိမ်တာဖြစ်တယ်လို့ နောက်ထပ်အသက် ၈၀ ကျော် အဘိုးအို ဦးဘကိုက ပြောပါတယ်။

 “ရွာထဲမှာ နေတဲ့လူလည်း အပြင်မထွက်ရဘူး။ အပြင်မှာနေတဲ့သူလည်း အထဲမဝင်ရဘူး။ အဲဒီအန္တရာယ်ကို ကြောက်လို့၊ အခန့်မသင့်ရင် ထိခိုက်တတ်တယ်။ အရင်ကလည်း ဖြစ်ဖူးတယ်လေ။  အသံတိတ်တိတ်နေရတယ်။ အကယ်၍ ရပြီဆိုခါမှ အဝင် အထွက်လည်း ပေးတယ်။ ဘာပဲလုပ်လုပ် ရပြီပေါ့။ တောကောင်မရမချင်းတော့ သူတို့က ပိတ်တယ်။ ”

ဒီကနေ့ တောလိုက်လို့ မရရင်  တောကောင်မရမချင်း နောက်တရက် ထပ်ပြီး လိုက်ကြရတယ်လို့ ပြောပါတယ်။  ပစ်ခတ်လို့ရလာတဲ့ တောကောင်ကိုလည်း ရိုးရာနဲ့ ထမ်းပိုး သယ်ယူလာရပြီး ညနေမှပဲ ရွာထိပ်က နတ်စင်မှာ ထားထားရပါတယ်။

အဲဒီနောက် နတ်ဆရာက ဦးခေါင်းကိုကိုင်ပြီး သားကောင်ရဲ့ဦးခေါင်းကို ပူဇော်ရတယ်လို့လည်း ဆိုပါတယ်။ ဒီလိုပူဇော်ပြီးနောက် ကျန်ရှိနေတဲ့ အသားတွေကို ရွာမှာရှိတဲ့ အိမ်တိုင်းကို ခွဲဝေပို့ဆောင်ပေးရပါတယ်။

“တောကောင်တွေ ရလာလို့ရှိရင် ကျနော်တို့ နားနေတဲ့အရှေ့ဘက်နားမှာ နေရာရှိတယ်။ အဲဒီမှာ တထောက်လောက် နားတယ်။ နားပြီး ညနေစောင်းဆိုရင် ဒီတောင်ခြေမှာသွားပြီးတော့ ပြန်လာပူဇော်တယ်။ ပူဇော်ပြီးမှ သားကောင်ရဲ့အသားကို တအိမ်ထောင်စု နည်းနည်း စီဝေရတယ်။ နောက်ပြီးတော့ တောလိုက်တဲ့သူ တောကောင်ရလို့ရှိရင် ခေါင်ရည် တအိမ်ကို ၃ ပုလင်း၊ အရက်ကျတော့ ၂ ပုလင်း၊ အဲလို ပျော်ပျော်ပါးပါးနဲ့ လုပ်ကြတယ်”လို့ ခူးလေးရယ်က ပြောပါတယ်။

ဒီလိုခွဲဝေရာမှာလည်း သားကောင်တကောင်ဆိုရင် တုတ်တချောင်းစီ လုပ်ရပါတယ်။ သားကောင် ၂ ကောင်ရရင် နှစ်ချောင်း အဲလိုတွေ လုပ်ရပါတယ်။ သားကောင် ၂ ကောင်ရဲ့ အသားကို တုတ်တချောင်းနဲ့ ရောသီလို့မရဘူးလို့လည်း ဆိုပါတယ်။



လွိုင်ကော်မြို့နယ် ဒေါကလိုခူးကျေးရွာမှာ အခုလို ကယားတို့ရဲ့ ရိုးရာ တောကောင်လိုက်ပွဲတွေကို နှစ်စဉ် ကျင်းပလာပေမယ့် နေရာဒေသတချို့မှာ တောကောင်တွေ ရှားပါးလာခြင်းကြောင့် အခုလိုပွဲမျိုး မကျင်းပနိုင်တာတွေ ရှိတယ်လို့လည်း ခူးလေးရယ်က ပြောပါတယ်။

“ဒီအရှေ့ပိုင်း သုံးလေးရွာ တောနဲ့နီးတဲ့ရွာတွေတော့ လုပ်တာပေါ့။ ဟိုးကွင်းပြင်ဘက်တို့ ဘာတို့တော့ သူက တောနဲ့လည်း အလှမ်းဝေးတယ်။ နောက်တောကောင်လည်း ရှားသထက် ရှားလာတော့ အခု သူတို့က မလိုက်ဖြစ်တော့ဘူး။”

အဲလိုရိုးရာတောလိုက်ပွဲ မပြုလုပ်နိုင်တော့တဲ့ ကျေးရွာ ၁၀ ကျော်လောက်ရှိပါတယ်။ ဒါပေမဲ့ နှစ်စဉ် သူတို့ပူဇော်နေတဲ့နတ်ကို တောကောင်အစား ကြက်တွေနဲ့အစားထိုး ပူဇော်ကြတယ် လို့လည်း ပြောပါတယ်။ 

ဒေါကလိုးခူကျေးရွာဟာ လွိုင်ကော်မြို့နဲ့ ထိစပ်နေတဲ့ကျေးရွာဖြစ်ပြီး အိမ်ခြေ ၁၃၂ အိမ်ရှိကာ လူဦးရေ ၆၀၀ နီးပါး နေထိုင်တဲ့ရွာဖြစ်ပါတယ်။

ကယားရိုးရာ တောလိုက်ပွဲကို နှစ်စဉ် မတ်လအတွင်းမှာ ကျင်းပလေ့ရှိကြပြီး ကြက်ရိုးထိုးတဲ့အပေါ်မှာ မူတည်ပြီး တရွာနဲ့တရွာ ကျင်းပတဲ့ရက် ကွာခြားနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013