DVB Logo
Home
မြန်မာသတင်း
ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်သည့် ကုလသဘောတူချက် လက်မှတ်ထိုးရန် တိုက်တွန်း
DVB
·
March 19, 2013
ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်သည့် ကုလသဘောတူချက် လက်မှတ်ထိုးရန် တိုက်တွန်း
Donate to DVB

ညှဉ်းပန်းနှိပ်စက်မှုနဲ့ တခြား လူမဆန်တဲ့ ကြမ်းကြုတ်ရက်စက်မှု၊ ဂုဏ်ငယ်စေတဲ့ အပြုအမူနဲ့ အပြစ်ပေးမှုတွေကို  ဆန့်ကျင်တဲ့ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ သဘောတူညီချက်ကို မြန်မာနိုင်ငံက လက်မှတ်ရေးထိုးဖို့ ပြည်သူ့လွှတ်တော်က တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပွင့်ဖြူမြို့နယ်က ပြည်သူ့လွှတ်တော် အမတ် ဦးအောင်မိုးညိုက ညှဉ်းပန်းနှိပ်စက်မှုနဲ့ တခြား လူမဆန်တဲ့ ကြမ်းကြုတ်ရက်စက်မှု ဂုဏ်ငယ်စေတဲ့အပြုအမူနဲ့ အပြစ်ပေးမှုတွေကို  ဆန့်ကျင်တဲ့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်ကို လတ်မှတ်ရေးထိုးဖို့ တိုက်တွန်းတဲ့ အဆိုကို တင်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။

လွှတ်တော်ကတော့ ဒီတိုက်တွန်းချက်အဆိုကို မှတ်တမ်းတင်ထားပြီးတော့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက လေ့လာသုံးသပ်ပြီးဆောင်ရွက်သင့်တာတွေ ဆက်ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့တယ်လို့ ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်းက ပြောပါတယ်။

“ဒေါက်တာ အောင်မိုးညို ညွှန်းတာက လူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်ပြီးတော့ ပြုမူတဲ့ အပြုအမူမျိုးတွေနဲ့ ပြစ်ဒဏ်ပေးမှုမျိုးတွေပေါ့။ သူပြောသွားတဲ့ ဥပမာ ၃ ခုက ရဲကနေ တရားခံကိုဖမ်းတဲ့အခါမှာ ရက်ရက်စက်စက်ရိုက်နှက်တာတို့။ အမှုစစ်ဆေးတဲ့အခါမှာလည်း တရားသဖြင့် စစ်ဆေးတာမဟုတ်ဘဲ တဖက်သတ်ဆောင်ရွက်တာတို့ အဲဒါတွေထောက်ပြပြီး မဖြစ်စေဖို့အတွက် သူက နိုင်ငံတကာစာချုပ် လက်မှတ်ထိုးသင့်တယ်လို့ တိုက်တွန်းတာ။”

“ပြန်ရှင်းပြတဲ့ ပြည်ထောင်စုအဆင့်ဝန်ကြီးတယောက်ပြောတာကတော့ နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာစာချုပ်ကို အရှေ့တောင်အာရှနိုင်ငံတွေကလည်း အကုန်လုံး လက်မှတ်မထိုးသေးဘူးလို့ ပြောတယ်။ ဆိုလိုတာက လူ့အခွင့်အရေးကြေညာစာတမ်းမှာလည်း ကိုယ့်နိုင်ငံနဲ့ကိုက်ညီတဲ့အပိုင်း၊ လိုလားတဲ့အပိုင်းရှိသလို၊ မကိုက်တဲ့အပိုင်းတွေလည်းရှိတယ်လေ။ ဦးရွှေမန်းကလည်း ဒါကိုပြန်သုံးသပ်ပြီး မှတ်တမ်းတင်တဲ့သဘောမျိုး မှတ်တမ်းတင်ထားမယ်။”

ရဲတွေရဲ့ မတရားဖမ်းဆီးမှုတွေနဲ့ပတ်သက်ပြီး ဦးအောင်မိုးညိုက ထောက်ပြပြောဆိုခဲ့တဲ့အပေါ် ပြည်ထဲရေးဒုဝန်ကြီးရဲ့ ဖြေကြားချက်ကိုလည်း ဦးရဲထွန်းက အခုလို ရှင်းပြပါတယ်။

“ဦးအောင်မိုးညို တင်ပြ အဆိုပြုချက်ထဲမှာ ထောက်ပြတဲ့ ရဲကနေ မတော်မတရားထွက်ချက်ရယူတဲ့ ကိစ္စတွေ၊ ဖမ်းဆီးတဲ့ကိစ္စတွေနဲ့ ပတ်သက်ရင်လည်း ပြည်ထဲရေး ဒုဝန်ကြီးက ပြန်ရှင်းပြတဲ့အထဲမှာ ဒါတွေက ဥပဒေနဲ့မညီလို့ အဲလိုလုပ်ဆောင်တာတွေကို စစ်ဆေးတွေ့ရှိရင် တာဝန်ရှိသူကိုအရေးယူမယ်ပေါ့။ အရင်က တာဝန်ရှိသူကို အရေးယူဖို့ ညွှန်ကြားထားရာကနေ အခု အထက်အဆင့်ဆင့် တာဝန်ရှိသူတွေကိုပါ အရေးယူဖို့ လုပ်ဆောင်နေပါတယ်လို့ ပြောသွားတယ်။”

ဒါ့အပြင် ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန်ရဲ့ ထိုင်းနိုင်ငံမှာ အကျဉ်းကျခံနေရတဲ့ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံမှာ အကျဉ်းကျ ခံနေတဲ့ ထိုင်းနိုင်ငံသား ကိစ္စတွေကိုလည်း မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

တရားဝင် စာရင်းဇယားတွေအရ ထိုင်းနိုင်ငံမှာ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသား အကျဉ်းသား ၃၀၀၀ လောက်ရှိပြီး လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ ကြိုးစားနေတဲ့ အကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက ပြန်လည်ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013