DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးများ စကားဝိုင်း Hilton မန္တလေး ဟိုတယ်တွင် ကျင်းပ
DVB
·
March 8, 2020
Donate to DVB

မတ်လ ၈ ရက်နေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ Hilton မန္တလေး ဟိုတယ်မှာ အမျိုးသမီးများ စကားဝိုင်းကို ကျင်းပခဲ့ပါတယ်။

ဒါ့အပြင် ဟိုတယ်အမျိုးသမီး ဝန်ထမ်းတွေရဲ့ လုပ်အားခနဲ့ အမျိုးသမီးအသုံးအဆောင်ပစ္စည်းတွေနဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို ဝယ်ယူပြီး မန္တလေးမြို့အတွင်းက ဆင်းရဲနွမ်းပါးချို့တဲ့တဲ့ အမျိုးသမီးဂေဟာတွေကို သွားရောက်လှူဒါန်းခဲ့ကြတယ်လို့လည်း သိရပါတယ်။

လုပ်ငန်းခွင်အတွင်း ခန္ဓာကိုယ် မကျန်းမာမှု၊ စိတ်ဖိစီးမှုတွေ ရင်ဆိုင်ရတဲ့အခါ ဘယ်လို အပြောင်းအလဲ လုပ်သင့်တယ်ဆိုတာကို သိစေချင်တဲ့အတွက် စကားဝိုင်းကျင်းပပေးတာလို့ Hilton မန္တလေး ဟိုတယ်က Finance Manager ဒေါ်ဝင့်မာလင်းက ပြောပါတယ်။

စကားဝိုင်းမှာ Hilton မန္တလေးမှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီး ဝန်ထမ်းတွေနဲ့ သူတို့နဲ့ ပတ်သက်တဲ့ ဆွေမျိုးသားချင်းတွေကို ဖိတ်ခေါ်ဆွေးနွေးပေးခဲ့တာလည်း ဖြစ်ပါတယ်။

ဒီစကားဝိုင်းမှာ မန္တလာဆေးရုံက ဒေါက်တာမေနိုင်ဝင်းက ဦးဆောင်ပြီး ကျန်းမာပျော်ရွှင်သောနေထိုင်မှုဘဝ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပေးခဲ့တာလည်း ဖြစ်ပါတယ်။

"လုပ်ငန်းခွင်ဝင်တယ်ဆိုရင်တော့ လေ့ကျင့်ခန်းအနေနဲ့ အများကြီး လူတိုင်းအချိန်ပေးပြီးတော့ လုပ်စရာတော့မလိုဘူး။ အဓိကအားဖြင့်တော့ တရက်ကို မိနှစ် ၂၀ လောက်ပဲ လမ်းလေးလျှောက်တာပဲ ဖြစ်ဖြစ်။ ကိုယ့်ရဲ့အခန်းထဲမှာပဲ အမြဲတမ်းထိုင်ပြီး အလုပ်လုပ်ရတဲ့လူတွေ ဆိုလို့ရှိရင် အခန်းထဲမှာပဲ အမြဲတမ်း ထိုင်မနေပဲနဲ့ အပြင်ဘက် ပတ်ဝန်းကျင်ကို လေ့လာဆန်းသစ်တာမျိုး လမ်းလေးလျှောက်လိုက် လေ့ကျင့်ခန်းလေးလုပ်လိုက်၊ ကိုယ်လက်လှုပ်ရှားမှု နည်းနည်းလေးလုပ်လိုက်တာနဲ့ တရက်တာအတွက် လုံလောက်တယ်ပေါ့နော။ အဲ့ဒါလေးသာ တစိုက်မက်မက်လုပ်ပေးသွားမယ် ဆိုလို့ရှိရင် ကိုယ့်ရဲ့ဘဝမှာကျန်းမာပြီး အောင်မြင်ပျော်ရွှင်တဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်" လို့ ဒေါက်တာ မေနိုင်ဝင်းက ပြောပါတယ်။

ဒီနေ့ခေတ်မှာ အမျိုးသမီးတွေဟာ နေ့စဉ်များပြားတဲ့ လုပ်ငန်းဆောင်တာတွေကို အမျိုးသားတွေနဲ့တန်းတူ ဆောင်ရွက်လာတာနဲ့အမျှ မိမိကိုယ်တိုင်နဲ့ မိမိတို့မိသားစုတွေအတွက် ကျန်းမာပျော်ရွှင်တဲ့ နေထိုင်မှု ဘဝပုံစံကို ဖန်တီးနိုင်ဖို့လိုအပ်တယ်လို့လည်း ဆိုပါတယ်။

ဒီကနေ့မှာ Hilton (နေပြည်တော်) နဲ့ Hilton (ငပလီ) တို့မှာလည်း အမျိုးသမီးတွေအတွက် ကျန်းမာရေးဗဟုသုတ နဲ့ အမျိုးသမီး အကြမ်းဖက်မှုဆိုင်ရာ အသိပညာမျှဝေပွဲတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မန္တလေး၊ နေပြည်တော်နဲ့ သံတွဲမြို့တွေက အမျိုးသမီးရိပ်မြုံတွေ၊ မိဘမဲ့ကလေးကျောင်းတွေနဲ့ ဆေးရုံတွေမှာ အကူအညီလိုအပ်နေတဲ့ အမျိုးသမီးတွေအတွက် လစဉ်သုံးပစ္စည်းတွေ၊ အမျိုးသမီးအသုံးအဆောင်နဲ့ အဝတ်အစားတွေကိုလည်း လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013