DVB Logo
Home
မြန်မာသတင်း
စဥ့်ကိုင် တောင်သူများ သိမ်းဆည်းခံထားရသည့် လယ်မြေများတွင် ထွန်တုံးတိုက်ပွဲ ဆင်နွှဲ
DVB
·
March 19, 2013
စဥ့်ကိုင် တောင်သူများ သိမ်းဆည်းခံထားရသည့် လယ်မြေများတွင် ထွန်တုံးတိုက်ပွဲ ဆင်နွှဲ
1 / 2
Donate to DVB

မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် ခံလူးအုပ်စု တဘက်ဆွဲကျေးရွာ တောင်သူလယ်သမားတွေဟာ  သိမ်းဆည်းခံထားရတဲ့ လယ်မြေတွေမှာ မနေ့က ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြပါတယ်။

မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် ခံလူးအုပ်စု တဘက်ဆွဲကျေးရွာရှိ လယ်မြေဧက ၁၀၀၀ ကျော်လောက်ကို အမှတ် ၃၀၂၇ လေကြောင်းရန်ကာကွယ်ရေးတပ်က ၂၀၀၀ ပြည့်နှစ်က သိမ်းဆည်းခဲ့ပြီး ၂၀၀၂ ခုနှစ်မှာ အရာရှိတွေနဲ့ တပ်သားတွေ နေထိုင်ဖို့ စစ်တန်းလျား၊ အဆောက်အဦတွေကို ဆောက်လုပ်ခဲ့ပါတယ်။

တောင်သူတွေဟာ သိမ်းဆည်းထားတဲ့ လယ်မြေတွေ ပြန်လည်ရရှိရေးအတွက် ပိုလျှံမြေနေရာတွေမှာ အုပ်စုခွဲပြီး ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။

ထွန်တုံးတိုက်ပွဲကို အမှတ် ၃၀၂၇ လေကြောင်းရန်ကာကွယ်ရေးတပ် တပ်ရင်းမှူးက ဦးအုန်းကြိုင်က လာရောက်တားဆီးခဲ့တဲ့အတွက် လယ်သမားတွေကို ကူညီပေးနေတဲ့ အန်အယ်လ်ဒီပါတီ လူငယ်တာဝန်ခံ ကိုမျိုးမင်းဆန်း၊ မိတ္ထီလာမြို့ ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ဒေါ်မြင့်မြင့်အေးနဲ့ တောင်သူတွေဟာ တပ်ရင်းမှူးနဲ့ အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။

တပ်ရင်းမှူး ဦးအုန်းကြိုင်က ဒီကိစ္စ စစ်ထောက်ချုပ်ရုံး ဗိုလ်ချုပ် မင်းနိုင်ကို တင်ပြပေးမှာဖြစ်ကြောင်း၊ တပ်ပိုင်မြေအဖြစ် သိမ်းဆည်းထားမှုကနေ ရုပ်သိမ်းဖို့ အမိန့်ပေးရင် လယ်သမားတွေကို ပြန်လည်လုပ်ကိုင်ခွင့် ပေးမည်ဖြစ်ကြောင်း၊ အထက်အမိန့်မရသေးချိန်မှာ အခုလို ဆင်းထွန်ပါက တပ်လုံခြုံရေးအရ သူ့အနေနဲ့ တားဆီးပြီး ဥပဒေအရ ပြုလုပ်သွားမယ့်အကြောင်း ပြောဆိုခဲ့ပါတယ်။

“တပ်တည်လိုက်ပြီးတဲ့အခါကျတော့ လုံခြုံရေးဧရိယာက သူ့ဟာသူ ရှိပြီးသား။ လွတ်တဲ့ဟာတွေက စစ်ထောက်ချုပ်က ပြန်ပေးမယ်လို့ ပြောထားပြီးသားပါ။ ဒါပေမယ့် ဘယ်ဟာတွေ ပေးမယ်ဆိုတာ ကျနော်တို့က မသိသေးဘူး။ ကျနော်တို့လည်း သတင်းစာထဲမှာ ဖတ်ထား သိထားပြီးသားတွေ။ ဒါပေမယ့် ဒီဟာက လုံခြုံရေးအရလည်း နီးနေတဲ့အခါကျတော့ မလွယ်ဘူး။”

စစ်ထောက်ချုပ်ရုံး ဗိုလ်ချုပ်မင်းနိုင်က ပိုလျှံမြေတွေ လယ်သမားတွေကို ပြန်ပေးမယ်လို့ ပြောဆိုထားပြီးဖြစ်တဲ့အတွက် စိုက်ပျိုးခွင့်ပေးသင့်တယ်လို့ ကိုမျိုးမင်းဆန်းက တပ်ရင်းမှူးကို ပြန်လည်ရှင်းလင်း ပြောကြားပါတယ်။

“စစ်ထောက်ချုပ် ဗိုလ်ချုပ်မင်းနိုင် ပြောနေတဲ့အနေအထားမျိုးမှာ တရားဝင် ပြန်ပေးသင့်နေပြီ။ မပေးသေးဘူးဆိုရင်လည်း ပေးအောင်လို့ ကျနော်တို့က ဆက်လုပ်သွားမှာပဲ။ ဘယ်တော့မှ နောက်ဆုတ်မှာမဟုတ်ဘူ။”

ဒေါ်မြင့်မြင့်အေးက မြေယာဥပဒေဟာ မှားယွင်းနေကြောင်း၊ တောင်သူတွေရဲ့ ဓားမဦးချ လုပ်ကိုင်စားခဲ့တဲ့ လယ်ယာမြေတွေကို တောင်သူတွေသာ ပိုင်ဆိုင်သင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

“တောင်သူတဦးချင်းစီရဲ့မိဘဘိုးဘွားတွေက စိုက်ခဲ့တဲ့မြေ။ အစိုးရရဲ့ တာဝန်က တောင်သူတွေကို မြေတောင်မြှောက်ပေးရမှာ။ မိတ္ထီလာမှာ စစ်တပ်က သိမ်းထားတာတွေ အများကြီးရှိတယ်။ သုံးတာကနည်းနည်း သိမ်းထားတာက အများကြီးပဲ။

သိမ်းဆည်းစဉ်အခါက ၁ ဧက ကျပ်သိန်း ၃၀ လောက်ပေါက်ဈေးရှိပေမယ့် ကျပ် ၅၀၀၀ နဲ့ ဈေးဖြတ်ပြီး မယူရင် နိုင်ငံတော်ပုန်ကန်မှုနဲ့ ဖမ်းဆီးမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တဲ့အတွက် ယူခဲ့ရတယ်လို့ တောင်သူလယ်သမားတွေက ပြောပါတယ်။

အခုအခါ ဒီမြေတွေဟာ ၁ ဧကကို ကျပ်သိန်း ၁၀၀ ကျော် ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။

အမှတ် ၃၀၂၇ လေကြောင်းရန်ကာကွယ်ရေးတပ်က တောင်သူတွေဆီထံကနေ အဓမ္မသိမ်းထားတဲ့ မြေတွေကို လုံးဝ ပြန်မပေးပါက ဗဟိုအထိ အဆင့်ဆင့်တင်ပြသွားမယ်လို့ ကိုမျိုးမင်းဆန်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013