DVB Logo
Home
မြန်မာသတင်း
ယာယီနိုင်ငံကူး လက်မှတ်သက်တမ်း ထပ်မံတိုးမြှင့်
DVB
·
March 18, 2013
ယာယီနိုင်ငံကူး လက်မှတ်သက်တမ်း ထပ်မံတိုးမြှင့်
Donate to DVB

ထိုင်းနိုင်ငံရောက် တရားမ၀င်ရွှေ့ပြောင်းအလုပ်သမားတွေကို နိုင်ငံသားစိစစ်ရေးနဲ့ ယာယီနိုင်ငံကူးလက်မှတ်တွေ လုပ်ပေးနေရာမှာ သတ်မှတ်ထားတဲ့ရက်အတွင်း မပြီးမြောက်တဲ့အတွက် သက်ဆိုင်ရာက အချိန် ထပ်တိုးပေးလိုက်ပါတယ်။

ထိုင်းနိုင်ငံထဲမှာ တရားမ၀င် ၀င်ရောက်နေထိုင်နေတဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံက အလုပ်သမားနဲ့ မိသားစုဝင်တွေကို တရားဝင် နေထိုင်ခွင့်ရဖို့အတွက် ထိုင်းအစိုးရက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ကနေ မတ်လ ၁၆ ရက်နေ့အထိ  နိုင်ငံသားစိစစ်ရေးနဲ့ နိုင်ငံကူးလက်မှတ် လျှောက်ထားရေးတွေ လက်ခံဆောင်ရွက်ပေးနေရာမှာ ဆောင်ရွက်ပေးမှု မပြီးပြတ်တဲ့အတွက် မတ် ၃၁ ရက်နေ့အထိ တိုးမြှင့်ပေးလိုက်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန အလုပ်သမားစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး နိုင်းပရ၀ိတ် ခိန်းဖွန်က ၂၀၁၃ မတ် ၁၃ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘန်ကောက်မှာရှိတဲ့   နိုင်ငံခြားအလုပ်သမားစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ကျဝန်ထမ်းတဦးက “ဒါဟာ နောက်ဆုံးအကြိမ် လမ်းဖွင့်ပေးတာ ဖြစ်တဲ့အတွက် အလုပ်သမားတွေအနေနဲ့ နီးစပ်ရာ  ၀မ်းစတော့ပ်ဆားဗစ်စင်တာ  နေရာတွေမှာ အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။   မြန်မာအလုပ်သမားတွေထဲမှာ ၁ သိန်းကျော်ပဲ လာပြီး စာရင်းပေးထားပါသေးတယ်။ မလုပ်ရသေးတဲ့သူ နောက်ထပ် အများကြီး ရှိသေးတယ်လို့ ခန့်မှန်းရပါတယ်။ မတ် ၃၁ ရက်နေ့ နောက်ပိုင်းဆိုရင် တရားမ၀င် အလုပ်သမား နှိမ်နင်းရေး  ဆောင်ရွက်ဖို့ ညွှန်ကြားချက် ထုတ်ထားတာတွေ ရှိပါတယ်” လို့ ဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ တနေရာတည်းမှာ အပြီးအစီး နိုင်ငံသားစိစစ်ရေးနဲ့ ယာယီနိုင်ငံကူးလက်မှတ်တွေ လျှောက်ထားနိုင်ဖို့ ဘန်ကောက်ခရိုင် နယ်မြေ ၁၀ ခုအပြင် ချင်းရိုင်း၊ ချင်းမိုင်၊ တာ့ခ်၊ ခွန်ကဲန်၊ ပထုန်ဌာနီ၊ ကန်ချနဘူရီ၊ ဆမွတ်ဆာခွန်း၊ လယောင်း၊ ရနောင်း၊ ဆူရတ်ဌာနီနဲ့ ဆုန်ခရာ စတဲ့ ခရိုင်တွေမှာ ၀မ်းစတော့ပ်ဆားဗစ်စင်တာတွေ ဖွင့်ထားကြောင်း၊ အစီအစဉ် မြန်ဆန်စေဖို့ ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီပေါင်း ၁၂ ခုရှိတယ်လို့လည်း အဆိုပါဝန်ထမ်းက ဆိုပါတယ်။

ဒီအစီအစဉ်ကို ဖေဖော်ဝါရီ ၁၅ ကနေ မတ်လ ၁၆ ရက်နေ့အထိ ဆောင်ရွက်ပေးမယ်လို့ ကြေညာထားပေမယ့်လည်း ၀န်ထမ်းနဲ့ စက်ပစ္စည်းတွေ အဆင်မသင့်တဲ့အတွက် သတ်မှတ်ထားတဲ့အချိန်အတိုင်း ၀န်ဆောင်မှုမပေးနိုင်ကြောင်း၊ ချင်းမိုင်ခရိုင်မှာဆိုရင် မတ်လဆန်းပိုင်းမှ လုပ်ငန်းစနိုင်တယ်လို့ ဘာသာပြန် စေတနာ့ဝန်ထမ်းတဦးက ပြောပါတယ်။

ထိုင်းအစိုးရက ခုလိုလမ်းဖွင့်ပေးလိုက်ပေမယ့် အလုပ်သမားတွေကြားမှာတော့ သွားရောက် ဆက်သွယ်ဆောင်ရွက်နိုင်ဖို့ အခက်အခဲတွေ ရှိနေတဲ့အတွက် သူတို့ သတ်မှတ်ထားတဲ့အချိန်အတွင်း ထိုင်းနိုင်ငံက  မြန်မာရွှေ့ပြောင်းအလုပ်သမားအားလုံး လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ မြန်မာရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။

“မြန်မာဝန်ကြီး အဆုံးအဖြတ်က ဘတ် ၄၈၅၀ နှစ်ဖက် အပြီးအငြိမ်းလို့ပြောတယ်။ အရပ်ထဲမှာက ၁ သောင်းကနေ ၂ သောင်းဖြစ်နေတယ်။ နေရာတိုင်းမှာ ဈေးအမျိုးမျိုးဖြစ်နေတော့ ပြည်သူလူထုက ဘယ်သူ့ကို ယုံလို့ယုံရမှန်းမသိတော့ စိတ်ဝင်စားမှုနည်းသွားကြတယ်။ ကျနော်တို့ကလည်း ဒါ အစိုးရကို တင်ပြရတယ်။ ပွဲစားတွေမပါတဲ့ လမ်းကြောင်းကို တွန်းပို့တာပဲ။ လုပ်ငန်းရှင်တွေကတော့ အေဂျင်စီတွေနဲ့ပဲ လုပ်မယ်ပြောတယ်။ ထိုင်းအစိုးရက တရားဝင်ဖွဲ့စည်းပေးတဲ့ အေဂျင်စီ ၁၀ ခုရှိတယ်။ မြန်မာအစိုးရမှာလည်း ၆၄ ခုရှိတယ်။ ထိုင်းနိုင်ငံနဲ့ပတ်သက်လို့ အေဂျင်စီဖွဲ့ထားပေးတာ။ အေဂျင်စီအဖွဲ့က ထိုင်းနိုင်ငံမှာ ရုံးလာထိုင်ပြီး အတတ်နိုင်ဆုံးနှုန်းထားနဲ့ အနိမ့်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးပါမယ်လို့တော့ ကတိပေးတယ်။ ဘယ်လောက်ဆိုတာတော့ ဒီနေ့ထိ မသိရသေးဘူး။”

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၂ သန်းကျော်ရှိပြီး ၁ သန်းကျော် ယာယီနိုင်ငံကူး လက်မှတ်လုပ်ဖို့ ကျန်ရှိနေသေးတယ်လို့ မြန်မာအစိုးရက တရားဝင်သတင်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013