
မြန်မာ့ဂီတလောကမှာထင်ရှားတဲ့ ဂန္ထဝင် အနုပညာရှင် တယော ကိုတင်ရီဟာ နှလုံးသွေးကြောပိတ်ရောဂါနဲ့ မတ်လ ၆ ရက် မနက်က ရန်ကုန်မြို့မှာ ကွန်လွန်သွားပါတယ်။
တယော ကိုတင်ရီကို ၁၉၄၂ ဇန်နဝါရီ ၁ဝ ရက်က ဧရာဝတီတိုင်းဒေသကြီး ဓနုဖြုမြို့နယ်မှာ နာရီပြင်ဆရာမိဘတွေဖြစ်တဲ့ ဦးလှမြင့်နဲ့ ဒေါ်တင်ညွန့်တို့ကနေ မွေးဖွားခဲ့ပြီး မွေးချင်း မောင်နှမ ၅ ဦးရှိပါတယ်။
ငယ်စဉ်ကတည်းက ထူးထူးခြားခြား တေးဂီတကို ဝါသနာထုံသူဖြစ်တဲ့အလျှောက် ရပ်ကွက်ထဲက မယ်ဒလင် ဆရာနောက် တကောက်ကောက်လိုက်ကာ မယ်ဒလင်ပညာ သင်ယူခဲ့ဖူးပါတယ်။ ရန်ကုန်မြို့ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ၁၉၆ဝ ပြည့်နှစ် အသက် ၁၈ နှစ် အရွယ်မှာ ရန်ကုန် ပန်တျာကျောင်းကို တက်ရောက် ပညာသင်ကြားခဲ့ပါတယ်။
တယောကိုတင်ရီဟာ ပန်တျာကျောင်းမှ တယော ဦးရှုမောင်၊ ဂီတာ ဦးစိမ်းမောင်၊ ရကန် ဦးတင်၊ မြန်မာညွှန့် ဦးချစ်မောင်၊ ဂီတသင်္ကေတ ဦးစောသာထာ၊ အဆို ဦးဘသက်စတဲ့ ဝါရင့် အနုပညာရှင်ဆရာတွေ ဆီကနေ ဂီတ ပညာရပ်တွေ ဆည်းပူ လေ့လာခဲ့သူဖြစ်ပါတယ်။
ပန်တျာကျောင်းမှာ ဒုတိယနှစ် ပညာသင်ကြားနေစဉ်၊ ကမ္ဘာအေးပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ရာ တပြည်လုံးမှာ ဒုတိယ ရရှိခဲ့ပါတယ်။ တတိယနှစ်မှာ ကနေဒီကျွန်းစဖွင့်တဲ့ အထိမ်းအမှတ် ပြိုင်ပွဲမှာ ပထမဆု ဆွတ်ခူး ရရှိခဲ့ပါတယ်။ သူဟာ ဘဝတလျောက်လုံး တယောပညာရှင် အဖြစ်နဲ့သာ ဘဝကို ရပ်တည်ခဲ့သူဖြစ်ပါတယ်။











