DVB Logo
Home
မြန်မာသတင်း
တရားမ၀င်စားသောက်ကုန်အများစု ထိုင်းနိုင်ငံက တင်သွင်းဟုဆို
DVB
·
March 15, 2013
Donate to DVB

ကျန်းမာရေး အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန လက်မှတ်မပါဘဲ နယ်စပ်ကတဆင့် ၀င်ရောက်နေတဲ့ စားသောက်ကုန်တွေ အများစုဟာ ထိုင်းနိုင်ငံထဲက ဖြစ်တယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနက သိရပါတယ်။

စီးပွားကူးသန်းဝန်ကြီးရုံးညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက “ဖမ်းမိတဲ့ ကိန်းဂဏန်းတွေအရပြန်ကြည့်ရင်တော့ အဲဒါက ရာခိုင်နှုန်းအများကြီးတော့ မဟုတ်ပါဘူး။ ဖမ်းမိတဲ့ အသား၊ ငါး ဆိုတာထက် FDA အသိအမှတ်ပြုလက်မှတ်မပါတဲ့ စားသောက်ကုန်ပစ္စည်းတွေဆိုရင် ပိုကောင်းမယ်ထင်တယ်။ FDA အသိအမှတ်ပြုလက်မှတ်မပါဘဲ တရားမ၀င်သွင်းလာတဲ့ စားသောက်ကုန်တွေထဲမှာ ဆီလိုဟာမျိုးတွေ၊ အသားအစိုလိုဟာမျိုးတွေနဲ့ ခေါက်ဆွဲခြောက်၊ မုန့်အခြောက်လို တာရှည်ခံလုပ်ထားတဲ့ စားသောက်ကုန်တွေ ဒီလို ၃ မျိုးတော့ ကွဲနေတယ်။ အဓိကအနေနဲ့ ထိုင်းနိုင်ငံက ၀င်နေတာများတယ်။ တရုတ်ဘက်ကလည်း အထက်မြန်မာပြည်လမ်းကြောင်းအနေနဲ့ ၀င်နေတာ ရှိတယ်။ ကိန်းဂဏန်းအနေနဲ့ ထိုင်းနယ်စပ် မြ၀တီလမ်းကြောင်းဘက်က ပိုများတယ်” လို့ ပြောပါတယ်။

ပြည်တွင်းဈေးကွက်ထဲ တရားမ၀င် ၀င်ရောက်နေတဲ့ သားငါးတွေကို တွေ့ရင် အကြောင်းကြားဖို့ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနကလည်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။
ဒါနဲ့ ပတ်သက်ပြီး အဲ့ဒီဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကြီးက “တရားမ၀င် အသား၊ ငါးဆိုတာက ဥပမာ နိုင်ငံခြားကနေ တင်သွင်းတယ်ဆိုရင် ကျနော်တို့ဆီမှာ ကျန်းမာရေးစစ်ဆေးချက် ထောက်ခံချက်လက်မှတ်ထုတ်ရတယ်လေ။ အဲလို ထောက်ခံချက်လက်မှတ်ပါမလာရင် နယ်စပ်ဖြတ်ကျော်ကူးစက်ရောဂါတွေ ပါလာနိုင်တယ်။ ပါလာနိုင်လို့ အဲလို တရားမ၀င်အသား၊ ငါးတွေ တင်သွင်းရင်တော့ ကျနော်တို့ဌာနကို အကြောင်းကြားပါ။ ဌာနအနေနဲ့ လိုအပ်သလို စိစစ်ဆောင်ရွက်သွားမယ်။ အထူးသဖြင့်တော့ ရောဂါကာကွယ်ရေးနဲ့ပတ်သက်လို့ပါ” လို့ ပြောပါတယ်။

မြန်မာစီးပွားကူးသန်းဝန်ကြီးဌာနအနေနဲ့လည်း အသားအစိုတွေကို နယ်စပ်က တရားဝင်တင်သွင်းခွင့် ခွင့်ပြုမထားဘူးလို့ ဦးတင်ရဲဝင်းက ပြောပါတယ်။

“အသားအစိုနဲ့ပတ်သက်ရင် တင်သွင်းခွင့်မပေးပါဘူး။ အသားအစိုတွေမှာ FDA အသိအမှတ်ပြုလက်မှတ် စစ်ဆေးဖို့ခက်ခဲပါတယ်။ နောက် ပြည်တွင်းမှာလည်း အသားအစိုတွေနဲ့ပတ်သက်တဲ့ ထုတ်လုပ်မှုကိန်းဂဏန်းအရ လုံလောက်နေတဲ့အတွက် ပြည်ပကနေ လောလောဆယ် တင်သွင်းရန်မလိုသေးဘူးလို့ အသင်းအဖွဲ့တွေရဲ့ ထောက်ခံချက်လည်း ရယူထားတယ်။ တတိယအချက်က ၀င်လာတဲ့အသားအစိုတွေမှာလည်း ဥပမာအားဖြင့် တရုတ်နိုင်ငံဖြစ်ဖြစ်၊ ထိုင်းနိုင်ငံဖြစ်ဖြစ် အဲနိုင်ငံတွေက လူအများစားသုံးရန်သင့်တော်ပါတယ်ဆိုတဲ့ တရားဝင် အသိအမှတ်ပြုလက်မှတ်တွေ တခုမှလည်း ပါမလာလို့ပါ။”

လတ်တလောမှာ မြန်မာပြည်ထဲက အေးခဲအမဲသားတွေ တရုတ်ပြည်ကို တရားမ၀င် တင်ပို့နေတာ၊ ထိုင်းနိုင်ငံက အေးခဲကြက်သားတွေ တရားမ၀င် တင်သွင်းနေတာတွေ ရှိနေပြီး သက်ဆိုင်ရာက စစ်ဆေးတွေ့ရှိရင် ဖျက်ဆီးပစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013