
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ပျဉ်းကိုင်းအုပ်စုမှာ မတ်လ ၂ ရက်က ရေဦး-တန့်ဆည်-ကလေးဝကားလမ်းအတိုင်းမောင်းနှင်လာတဲ့ ကားတစ်စီးကို ရဲကင်းကနေ မသင်္ကာလို့ တားဆီးစစ်ဆေးရာမှာ အိန္ဒိယအဖြူရောင်ကတ်အတုကိုင်ဆောင် ခရီးသွားလာ နေသူ ၂ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
ခရီးသွားလာခွင့် အထောက်အထားမပြနိုင်တဲ့ အိန္ဒိယနိုင်ငံက အဖြူရောင်ကတ်ကိုင်ဆောင်ထားသူ Arfat AHamat ခေါ် မိုဟာမက် အာဖက် (၂၀ နှစ်) နဲ့ Wakila ခေါ် တော်စမီနာ (၂၀ နှစ်)တို့ကို ယာဉ်မောင်း ကျော်စိုးလင်း (၂၅ နှစ်)၊ မင်းသိင်္ခ (၂၄ နှစ်) တို့နဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။
သက်ဆိုင်ရာရဲတပ်ဖွဲ့တာဝန်ရှိသူတွေက မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရဲ့ အကူအညီနဲ့ ဆက်လက်စစ်ဆေးရာ အိန္ဒိယနိုင်ငံ အဖြူရောင်ကတ်ကိုင်ဆောင်ထားသူ Arfat AHamat ခေါ် မိုဟာမက် အာဖက်ဟာ ဘူးသီးတောင်မြို့နယ်၊ ထမောင်းချောင်းအုပ်စု၊ ဆင်ဖြူတောင် ကျေးရွာက ဖြစ်ပြီး Wakila ခေါ် တော်စမီနာကလည်း ဘူးသီးတောင်မြို့နယ်၊ ရွာမကျောက်တောင်ကျေး ရွာက ဖြစ်တယ်လို့ သိရပါတယ်။
သူတို့ကိုင်ဆောင်ခဲ့တဲ့ အဖြူရောင်ကတ်ကလည်း အတုတွေဖြစ်တယ်လို့ ဆိုပါတယ်။ ယာဉ်မောင်း ကျော်စိုးလင်းနဲ့ မင်းသိင်္ခတို့ဟာ ဒီပဲယင်းမြို့နယ်ကဖြစ်ပြီး ကလေးဝအထွက်လမ်းမှာ အမည်မသိ လူတစ်ဦးက မိုဟာမက်အာဖက်နဲ့ တော်စမီနာတို့ နှစ်ဦးကို ရွှေဘိုမြို့နယ် ကားလမ်းဘေးတစ်နေရာမှ ချပေးဖို့ ငွေကျပ် ၁ သိန်း ပေးတာကြောင့် တင်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ စစ်ဆေးချက်တွေအရ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ မြို့နယ်လဝကတာဝန်ရှိသူက မင်းကင်းမြို့မရဲစခန်းမှာ လဝကအက် ပုဒ် ၁၃/၁ နဲ့ မိုဟာမက်အာဖက်နဲ့ တော်စမီနာတို့ကို အရေးယူထားသလို ကျော်စိုးလင်း၊ မင်းသိင်္ခတို့ နှစ်ဦးကိုလည်း လဝကအက် ပုဒ်မ ၁၃/၅ နဲ့ အသီးသီး အမှုဖွင့်ကာ အရေးယူ ဆောင်ရွက်နေပါတယ်။











