DVB Logo
Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် ရပ်နားခဲ့သည့် စက်ရုံက လုပ်သားများ အလုပ်ပြန်မရမှာ စိုးရိမ်
DVB
·
March 4, 2020
ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် ရပ်နားခဲ့သည့် စက်ရုံက လုပ်သားများ အလုပ်ပြန်မရမှာ စိုးရိမ်
Donate to DVB

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်က ဟွာမှုန်အထည်ချုပ်စက်ရုံဟာ တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ကုန်ကြမ်းပစ္စည်းတွေပြတ်တောက်ပြီး ယာယီပိတ်သိမ်းပြီးခဲ့ရလို့   စက်ရုံအလုပ်သမားတွေက အလုပ်ပြန်မရမှာ စိုးရိမ်နေပါတယ်။

စက်ရုံယာယီပိတ်ချိန်မှာ အလုပ်သမားတွေကို နစ်နာကြေးပေးခဲ့တာဟာ အလုပ်အပြီးထုတ်ပယ်သလိုဖြစ်နေတဲ့အတွက် အလုပ်သမားတွေက စက်ရုံပြန်ဖွင့်ချိန်မှာ အလုပ်ပြန်မရတော့မှာကို စိုးရိမ်နေတာပါ။

ဒီကိစ္စ တိုင်းအစိုးရအဖွဲ့က တာဝန်ရှိသူတွေအနေနဲ့ ဝင်ရောက်ဖြေရှင်းပေးဖို့ မတ်လ ၃ ရက် နေ့လယ်ပိုင်းက အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေက အစိုးရအဖွဲ့ရုံးကိုလာရောက်ပြီး တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းနဲ့တွေ့ဆုံကာ ရှင်းပြခဲ့တယ်လို့ အလုပ်သမား သမဂ္ဂခေါင်းဆောင် တဦးဖြစ်တဲ့ မစုပုံချစ်က  ပြောပါတယ်။

“ခုက အလုပ်သမား ၁၀၀၀ လောက် အလုပ်လက်မဲ့ဖြစ်နေတာပါ၊ အလုပ်ထုတ်ပယ်သလိုဖြစ် နေလို့ နစ်နာကြေးမယူသေးတဲ့သူတွေ အားလုံးဆို ၂၀၀ လောက်ရှိမယ်၊ စက်ရုံမန်နေဂျာကို မေးတော့ နစ်နာကြေးပေးထားတဲ့သူတွေ အကုန်လုံးကို အလုပ်ကနေ ထုတ်လိုက်တာလို့ ပြောပါ တယ်။ စက်ရုံကို ယာယီပိတ်တယ်လို့ ပြောတယ်။ ပြန်ဖွင့်ရင် အလုပ်လျှောက်လွှာဖြည့်ပြီး အလုပ်ပြန်လျှောက်ရမယ် ခန့်ချင်မှခန့်တော့မယ်ဆိုတော့ ဒါက အလုပ်ထုတ်သလို ဖြစ်နေပါတယ်” လို့ ပြောပါတယ်။

စက်ရုံယာယီပိတ်သိမ်းချိန်မှာ အလုပ်သမားကို ပေးအပ်တဲ့ နစ်နာကြေးပေးတဲ့ပုံစံမှာ အလုပ် အပြီးထုတ်တဲ့ပုံစံဖြစ်နေပြီး စက်ရုံကထုတ်ပေးထားတဲ့ ယူနီဖောင်းနဲ့ ဝန်ထမ်းကတ်တွေကို ပြန်လည်ပေးအပ်ဖို့ ပြောဆိုခဲ့လို့ အလုပ်သမား ၁၆၅ ဦးက နစ်နာကြေးမယူဘဲ ကြားဝင်ဖြေရှင်းပေးဖို့အတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းနဲ့ တွေ့ဆုံပြီး အလုပ်သမားတွေရဲ့ စိုးရိမ်ပူပန်မှုကို ဖြေရှင်းပေးဖို့ အကူညီတောင်းခံခဲ့တာပါ။

"သူတို့စိတ်ထဲမှာ ခံစားနေရတာက ငါတို့ သပိတ်မှောက်ခဲ့တဲ့ အတွက် မှတ်ထားပြီးတော့ သူတို့ကို ဖယ်ရှားပြီးတော့ ကျန်တဲ့သူတွေကိုပဲပြန်ခန့်မယ်၊ သပိတ်မှောက်ခဲ့တဲ့အဖွဲ့ကို လက်မခံဘူးလုပ်လိုက်ရင် ဆိုပြီး တွေးပြီးတော့ သူတို့က ပေးတဲ့နစ်နာကြေးကို လက်မခံဘူး။ သူတို့က အလုပ်ပိတ်ထားတဲ့အတွက် လစာတဝက်နဲ့ ပိတ်ထားတဲ့လတွေကို သွားချင်တယ်။ အလုပ်ရှင် ဘက်ကလည်းမမှားဘူး အမိန့်ညွှန်ကြားချက်ရှိတယ် ဥပဒေအတိုင်း ပေးထားတယ် "လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီး ဒေါက်တာ စိုးဝင်းက  ပြောပါတယ်။

မတ်လ ၅ ရက်နေ့မှာ  စက်ရုံပိုင်ရှင်ရော အလုပ်သမား အဖွဲ့ရော အစိုးရအဖွဲကတာဝန်ရှိသူတွေ တွေ့ဆုံပြီး တိုင်ပင်ဆွေးနွေတာတွေ ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်လို့လည်း  ပြောပါတယ်။

စက်ရုံပိတ်ရတဲ့အတွက် အလုပ်သမားတွေကို ဖေဖော်ဝါရီ ၂၉ ရက်နေ့က စက်ရုံလုပ်ငန်း ပိုင်ရှင် မန်နေးဂျင်းဒါရိုက်တာ Mr Jin Hua လက်မှတ်ရေးထိုးထားတဲ့ ဝန်ထမ်းတွေကို ဖေဖော်ဝါရီ တလစာအပြင် ကြိုတင်အကြောင်းကြားတလစာ (Notice ကြေး)၊ နှစ် အလိုက် အလုပ်ရပ်စဲ နစ်နာကြေးနဲ့ အချိုးကျလုပ်သက်ခွင့်ကြေးတွေကိုပါ တခါထဲပေးချေ သွားမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမားအချင်းချင်းရိုင်းပင်း ကူညီရေးအဖွဲ့ အငြင်းပွားမှုဖြေရှင်းရေးတာဝန်ခံ ဒေါ်ခခ က “ဟွာမှုန်အထည်ချုပ်စက်ရုံအလုပ်ပိတ်သိမ်းခြင်းဟာ ကိုရိုနာဗိုင်းရပ်စ့်ကြောင့် ကုန်ကြမ်းမရရှိတော့လို့ ကုန်ကြမ်းမရတော့လို့ စက်ရုံတွေပိတ်ရတယ်။ အဲ့တာကို လက်ခံပါတယ်။ ဒါပေမယ့် စက်ရုံ ပိတ်သိမ်းတဲ့ပုံစံက နှစ်ပိုင်းရှိတယ် ခေတ္တလား အပြီးပိတ်သိမ်းတာလား။ ခေတ္တပိတ်သိမ်းတာ သေချာတယ်ဆိုရင် အလုပ်သမားတွေရဲ့ လုပ်အားခ ထက်ဝက်နှုန်းနဲ့ ၄ လတာကာလ အတွက်ကို ပေးချေရမယ်။ အလုပ်ရုံကို အပြီးပိတ်တယ်ဆိုရင် အလုပ်ထုတ်နစ်နာကြေးတွေ ခံစားခွင့်တွေကို ပေးချေရမှာပါ။ ခုစက်ရုံပိတ်လိုက်တာက ဥပဒေအနဲ့အညီဘယ်လောက် လုပ်ထားပါတယ်ပြောပြော အမှန်တကယ်လုပ်ထုံးလုပ်နည်း အမှန်တကယ်မဟုတ်ဘူးဆိုတာကိုတွေ့ရပါတယ် ဥပဒေနဲ့ မညီဘူးဆိုတာကို တွေ့ရတယ်" လို့ ပြောပါတယ်။

ဟွာမှုန်အထည်ချုပ်စက်ရုံဟာ ၂၀၁၄ ခုနှစ်ကစတင်ပြီး ဧရာဝတီတိုင်း၊ ကန်ကြီးထောင့် မြို့နယ်မှာဖွင့်လှစ်ခဲ့တာဖြစ်ပြီး စက်ရုံအလုပ်သမား ၁၀၀၀ ကျော်ခန့်ရှိကာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့မှ ၂၀၂၀  ဇန်နဝါရီလ ၁၃ ရက်နေ့ထိ ၃၆ ရက်ကြာ စက်ရုံအလုပ်သမားတွေက သပိတ်မှောက်ခဲ့ပါတယ်။

 တိုင်းအစိုးရအဖွဲ့ရဲ့ ဝင်ရောက်ညှိနှိုင်းပေးမှုနဲ့ နှစ်ဦးနှစ်ဖက်ပြန်လည် အဆင်ပြေမှုရရှိကာ အလုပ်ပြန်လည်စတင်ခဲ့ပြီး ၄၆ ရက်အကြာမှာ စက်ရုံကို ရက်အကန့် အသတ်မရှိ ယာယီပိတ်သိမ်းခဲ့တာဖြစ်တယ်လို့ အလုပ်သမားအချင်းချင်းရိုင်းပင်းကူညီရေး အဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

သတင်း-မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013