DVB Logo
Home
မေးမြန်းခန်း
၂၀၀၈ ဖွဲ့စည်းပုံပြင်ရန် လွှတ်တော် ခြေလှမ်းစပြီ
DVB
·
March 15, 2013
၂၀၀၈ ဖွဲ့စည်းပုံပြင်ရန် လွှတ်တော် ခြေလှမ်းစပြီ
1 / 3
Donate to DVB

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ နဲ့ ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ရေး အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်က သဘောတူလိုက်ပါတယ်။

ဒီနေ့ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးထဲမှာ ၀က်လက်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် သူရဦးအေးမြင့်က အရေးကြီးအဆို တင်သွင်းခဲ့တာဖြစ်ပြီး မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းဇော်က ထောက်ခံဆွေးနွေးခဲ့တာပါ။

[caption id="attachment_37465" align="alignleft" width="249" caption="သီပေါမြို့နယ်ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်း"][/caption]

ပြည်သူ့လွှတ်တော်က ဆုံးဖြတ်သဘောတူလိုက်တဲ့ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီနဲ့ ကော်မရှင် ဖွဲ့စည်းဆောင်ရွက်ရေးတိုက်တွန်းကြောင်း အဆိုကို ပြည်ထောင်စုလွှတ်တော်ထံ သ၀ဏ်လွှာပေးပို့သွားမှာဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် နာယကက ကော်မတီနဲ့ ကော်မရှင်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဖွဲ့စည်း လုပ်ဆောင် သွားဖို့ရှိတယ်လို့ သီပေါမြို့နယ်ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်းက ပြောပါတယ်။

ဦးရဲထွန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီနေ့ လွှတ်တော်ထဲမှာ သူရဦးအေးမြင့်က ၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့ လေ့လာသုံးသပ်ရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်ရေး အရေးကြီး အဆိုတင်တာ လွှတ်တော်က သဘောတူလိုက်တယ်လို့ သိရတယ်။

“ဟုတ်တယ်။ သူရဦးအေးမြင့်ကနေပြီး အရေးကြီးအဆိုအဖြစ်နဲ့ တင်တာပေါ့နော်။ ဖွဲ့စည်းပုံအခြေခံဥပဒေက အမှန်တကယ်ပြောမယ်ဆိုရင် ၂၀၀၈ က အတည်ပြုခဲ့ပြီးတော့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနဲ့ အတည်ပြုခဲ့တယ်။ ၂၀၁၀ ရွေးကောက်ပွဲ ပြီးတဲ့အချိန်မှာ အဲဒီဖွဲ့စည်းပုံအရ စပြီး ကျင့်သုံးတာဖြစ်တယ်ဆိုတော့ အခု ၂ နှစ်ကျော်ပဲ ရှိသေးတာ။ ပြောမယ်ဆိုရင် အသစ်ကျပ်ချွတ်ဖွဲ့စည်းပုံလို့တောင် ပြောလို့ရပါတယ်။ ဒီဖွဲ့စည်းပုံကို ပြင်ဖို့ စဉ်းစားလာတယ်ဆိုတာက တချက်က ပြည်တွင်းမှာ ပြည်တွင်းငြိမ်းချမ်းမှုဖော်ဆောင်ရေး ကိစ္စတွေ၊ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး မရနိုင်သေးတဲ့ ကိစ္စတွေကို သူတို့ ဆွေးနွေးကြရင်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်သင့်တဲ့အပိုင်းတွေ ပါတယ်ဆိုတာ အသိအမှတ်ပြုလို့ ရိုးရိုးသားသား စေတနာထားပြီး သုံးသပ်တဲ့အပိုင်းက ကောင်းတယ်လို့ ကြိုဆိုရမှာပေါ့။

“ဒါပေမယ့် တဖက်က ပြောမယ်ဆိုရင်တော့လည်း အသစ်ကျပ်ချွတ်ဖွဲ့စည်းပုံကြီးကို ပြင်ဖို့ စဉ်းစားရတယ်ဆိုတော့ ၂၀၀၈ ခုနှစ်က အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူအားလုံး၊ တိုင်းရင်းသားအားလုံးရဲ့ သဘောဆန္ဒ၊ အများစုကို ကိုယ်စားပြုပြီးတော့ အတည်ပြုခဲ့တာ ဟုတ်မှဟုတ်ပါ့မလား ဆိုတဲ့သံသယကို ၀န်ခံလိုက်ရာ ရောက်သွားတာပေါ့။ ကျနော့်အနေနဲ့ကတော့ ဘာပဲဖြစ်ဖြစ် ကောင်းတယ်၊ သူတို့ရဲ့ ရိုးသားမှုကို ဖော်ပြတာလို့ ခံယူပြီး ကြိုဆိုပါတယ်။”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ရေးအဆိုကို လွှတ်တော်က သဘောတူလိုက်ပြီး ပြည်ထောင်စုလွှတ်တော်ကို သ၀ဏ်လွှာပေးပို့ ဆောင်ရွက်သွားတယ်ဆိုတာ သူ့ရဲ့လုပ်ငန်းစဉ် ဘယ်လိုဆောင်ရွက်သွားမှာလဲ။

“ခန့်မှန်းကြည့်ရတာကတော့ ဒီကော်မတီ၊ ကော်မရှင်ကို ပြည်သူ့လွှတ်တော်အနေနဲ့ပဲ ဖွဲ့စည်းတာမျိုးမလုပ်ဘဲနဲ့ ပြည်ထောင်စုလွှတ်တော်အနေနဲ့ ဖွဲ့စည်းတာမျိုး လုပ်စေချင်တဲ့သဘော ရှိပါတယ်။ အဲဒါဆိုရင်တော့ လွှတ်တော် ၂ ရပ်လုံးကို ခြုံငုံပြီး ပူးပေါင်းကော်မတီဖွဲ့တာမျိုးဖြစ်စေ၊ ကော်မရှင်ဖွဲ့တာမျိုးပဲ ဖြစ်စေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မယ့်သဘောပါ။ ကော်မတီသဘောမျိုး ဖွဲ့တယ်ဆိုရင်လည်း လွှတ်တော် ၂ ရပ်လုံးက ကိုယ်စားလှယ်တွေ ပါဝင်နိုင်မှာပေါ့။ ကော်မရှင်ဆိုရင်လည်း လွှတ်တော် ၂ ရပ်လုံးက လွှတ်တော်ကိုယ်စားလှယ်တွေအပြင် ပြင်ပပညာရှင်တွေ ပူးပေါင်းပြီးတော့ အပိုင်းလိုက်အပိုင်းလိုက် လေ့လာဖို့အတွက် ဆပ်ကော်မတီလေးတွေ၊ ဆပ်ကော်မရှင်လေးတွေ ဖွဲ့စည်းပြီး လုပ်ကြမယ်လို့ ယူဆပါတယ်။”

လွှတ်တော်ပိုင်းကနေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ ပထမဆုံး စလှမ်းလိုက်တဲ့ ခြေလှမ်းလို့ ပြောလို့ ရမလား။

“လွှတ်တော်ပိုင်းကလို့ ပြောနိုင်သလို အနိုင်ရ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ စပြီးလှမ်းလိုက်တဲ့ ခြေလှမ်းဖြစ်တယ်။ သို့သော် ကျနော်သိရသလောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ချင်တဲ့ နိုင်ငံရေးအုပ်စုအသီးသီးတွေရဲ့ စိတ်ဝင်စားမှုတွေက တအုပ်စုနဲ့ တအုပ်စု မတူကြဘူး။ ဥပမာ တိုင်းရင်းသားတွေက ပြည်နယ်ရဲ့ ဥပဒေပြုခွင့်အာဏာနဲ့ အုပ်ချုပ်ခွင့်အာဏာနည်းနေတဲ့ကိစ္စတွေကို တိုင်းရင်းသားတွေက စိတ်ဝင်စားသလို အန်အယ်လ်ဒီကကျတော့လည်း သမ္မတရွေးချယ်ရေး အရည်အချင်းသတ်မှတ်ချက်တွေနဲ့ ပတ်သက်လို့ ပြင်ဖို့ စိတ်ဝင်စားနေတယ်။ နိုင်ငံတော်သမ္မတနဲ့ အုပ်ချုပ်ရေးအဖွဲ့ကကျတော့လည်း သမ္မတက ဥပဒေပြုရေးဖြစ်စဉ်မှာ သူ့ရဲ့ ၀င်ရောက်ပါဝင်နိုင်မှုအခန်းကဏ္ဍက အရမ်းနည်းနေတယ်။ ဆိုလိုတာက အမေရိကန်သမ္မတ တယောက်လို သိပ်ပြီးတော့ သဘောမတူတဲ့ ဥပဒေကို ဗီတိုအာဏာ ကျင့်သုံးခွင့် ကျနော်တို့ လွှတ်တော်မှာမရှိဘူး။ ဒါကြောင့် အုပ်ချုပ်ရေးကို အခိုင်အမာဆောင်ရွက်ရတဲ့ သမ္မတက ကိုယ့်စိတ်တိုင်းကျ ဥပဒေမပြုနိုင်ဘဲနဲ့ လွှတ်တော်ရဲ့ဥပဒေပြုမှုအောက်မှာ လိုက်လုပ်နေရသလိုဖြစ်တယ်။ အဲလိုဖြစ်တော့ သမ္မတကပြင်ချင်တဲ့အပိုင်းကလည်း ဥပဒေပြုရေးနဲ့ပတ်သက်တဲ့ အပိုင်းမှာပြင်ချင်တာတွေ ရှိလိမ့်မယ်။

“ထိုနည်းအတူပဲ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အခုရွေးကောက်ပွဲစနစ်အရဆိုရင် ပါတီကြီးတွေဖြစ်တဲ့ တစညတို့လို၊ ပြည်ခိုင်ဖြိုးလို ပါတီကြီးတွေက လွှတ်တော်ထဲမှာ အမတ်ဦးရေရမယ့် နေရာအချိုးအစား အရမ်းနည်းလိမ့်မယ်။ ရွေးကောက်ပွဲဥပဒေကို ပြင်ချင်တဲ့ ပါတီကြီးများထဲမှာလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ပါတယ်။ အဲတော့ အဲအစိတ်အပိုင်းကိုလည်း ပြည်ခိုင်ဖြိုးပါတီက ပြင်ချင်ပုံရတယ်။ ကျနော်သုံးသပ်တာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ချင်တဲ့ နိုင်ငံရေးအုပ်စုတွေဟာ သူတို့ရဲ့ အကျိုးစီးပွားအလိုက်၊ စိတ်ဝင်စားမှုအလိုက်၊ အပိုင်းလိုက် အပိုင်းလိုက် တအုပ်စုနဲ့တအုပ်စု မတူကြဘူး။ တဖွဲ့နဲ့တဖွဲ့မတူကြဘူး။ အသီးသီး ကွဲကွဲပြားပြားရှိပါတယ်။”

အဲတော့ အသီးသီးကွဲပြားနေတဲ့ဆန္ဒတွေအပေါ်မူတည်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေး ကော်မတီ၊ကော်မရှင်တွေဖွဲ့တဲ့အခါမှာ အင်အားစုတွေ၊ ပါတီတွေအားလုံးက ကိုယ်စားလှယ်တွေအားလုံးကို ထည့်သွင်းပြီး ဖွဲ့စည်းဆောင်ရွက်သွားမှာလား။

“ဒါတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ပြည်ထောင်စုလွှတ်တော်ကဖွဲ့စည်းပေးမယ်ဆိုရင်တော့ လွှတ်တော်နာယကရဲ့သဘောထားက အဓိကကျပါလိမ့်မယ်။ အဲလို အကျယ်အပြန့်ပါနိုင်အောင်၊ ပညာရှင်တွေလည်းပါနိုင်အောင် ဖွဲ့မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။”

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ လေ့လာသုံးသပ်တာ၊ ပြင်ဖို့တွေကို မြန်မြန်ဆန်ဆန်လုပ်မယ့် သဘောတွေ့ရလား။

“မြန်မြန်ဆန်ဆန်လုပ်မယ့်သဘောတော့မတွေ့ရဘူး။ ခန့်မှန်းတာတော့ ဒီသက်တမ်း မတိုင်ခင် ၁ နှစ်၊ ၂ နှစ်အတွင်းမှာတော့ လုပ်ကောင်းလုပ်နိုင်ပါတယ်။ ၂၀၁၅ မတိုင်ခင်ပေါ့။ ၂၀၁၅ မတိုင်ခင် ပြင်သင့်တာတွေပြင်ပြီးတော့ အဓိကအားဖြင့် ပြင်သင့်တယ်လို့ အဲဒီကော်မရှင်၊ ကော်မတီအဖွဲ့ခွဲတွေက သုံးသပ်ပေမယ့် အဓိကအားဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြင်လိုတဲ့ဆန္ဒရှိဖို့။ သူသဘောပေါက်ဖို့က အဓိက အချက်လိုဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ လွှတ်တော်ထဲမှာပါဝင်နေတဲ့ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက တယောက်မှ မထောက်ခံရင် အဲပြင်ဆင်ချက်ဟာ အောင်မြင်နိုင်မှာ မဟုတ်လို့ပါ။”

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013