DVB Logo
Home
မြန်မာသတင်း
ကိုရိုနာအန္တရာယ်ကြားက ပခန်းကိုကြီးကျော်နတ်ပွဲ၊ ကြက်တိုက်ပွဲ အစဉ်အလာမပျက်ကျင်းပ
DVB
·
March 3, 2020
ကိုရိုနာအန္တရာယ်ကြားက ပခန်းကိုကြီးကျော်နတ်ပွဲ၊ ကြက်တိုက်ပွဲ အစဉ်အလာမပျက်ကျင်းပ
1 / 5
Donate to DVB

မြန်မာနိုင်ငံမှာ ဒုတိယအကြီးဆုံးနတ်ပွဲဖြစ်တဲ့ ပခန်းပွဲ(ခေါ်) ကိုကြီးကျော်ပွဲ(ခေါ်) ရွှေကူနီပွဲကို ဖေဖော်ဝါရီ ၂၃ ရက်က စတင်ကျင်းပနေရာမျာ နတ်ပွဲရဲ့ အစဉ်အလာတစ်ရပ်ဖြစ်တဲ့ ကြက်တိုက်ပွဲကို မတ်လ ၂ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲတော်ကို မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ရွှေကူနီ-ထန်းတော ကျေးရွာမှာ ကျင်းပတာဖြစ်ပြီး ကြက်တိုက်ပွဲမှာ အညာနဲ့အောက်ပြည် ခွဲခြားထားကာ ရန်ကုန်ဒိုင်နဲ့ မုံရွာဒိုင်တွေက ပါဝင်ယှဉ်ပြိုင်ကြပါတယ်။

နှစ်စဉ်ကျင်းပတဲ့ ဒီပွဲတော်ကို တပေါင်းလဆန်း ၁ရက်နေ့ကနေ တပေါင်းလပြည့်နေ့အထိ ကျင်းပတာဖြစ်ပြီး ပွဲတော်ကာလ ၁၅ရက် အတွင်း မြန်မာနိုင်ငံအရပ်ရပ်က နတ်ကိုးကွယ်သူတွေနဲ့ လည်ပတ်သူ တသန်းလောက် လာရောက်ကြတယ်လို့ နယ်ခံတွေက ပြောပါတယ်။ 

အခုနှစ်မှာတော့ လာရောက်လည်ပတ်သူ နည်းပါးတယ်လို့ နတ်ဒေဝါ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့(ဗဟို)နာယက ဦးစန်းလှိုင်ထွန်း(မိတ္ထီလာမြို့) က ပြောပါတယ်။

"အစဉ်အဆက်ပေါ့၊ ဘဘကျော်၊ အဖေကြီး ပခန်းဦးမင်းကျော် နှစ်စဉ်ထာဝရ ကိုးရက်နေ့ဆိုရင် ရှေးခေတ်က ညောင်ပင်ကြီးတွေရှိတယ်။ အဲ့ဒီညောင်ပင်အောက်မှာပေါ့ ဒီမင်း လူ့လက်ထက်တုန်းက သောက်တယ်၊ စားတယ်၊ ကြက်လောင်းကစားမှု ပြုတယ်၊ ကြက်တွေ တိုက်တယ်ပေါ့။ အဲ့ဒီအထိမ်းအမှတ်ကို ကျန်နေတဲ့ နတ်ဆရာလေးတွေက အစဉ်အလာမပျက် မိရိုးဖလာရိုးရာကိုလည်း ထိန်းသိမ်းစောင့်ရှောက်ပြီးတော့ ကြက်တိုက်တဲ့ပွဲတော် ကိုးရက်နေ့ ဆယ်နာရီဆိုရင် ကြက်တိုက်ပွဲ စပေးရတယ်။ အဲ့ဒီမှာ ရန်ကုန်ဒိုင် နောက်မုံရွာဒိုင်၊ ဒိုင်နှစ်ဒိုင်နဲ့ ကြက်များအပါအဝင် ကြက်ခွပ်ကြတယ်။ ဒါရှေးရဲ့ အစဉ်အလာ မပျက်အောင် အလုပ်လုပ်ရတာ၊ လက်ဆင့်ကမ်း အမွေပေါ့၊ ဟိုးခေတ်ကဆိုရင် ရန်ကုန်ဒိုင်ဒေါ်နီတို့ ဘာတို့ဆိုတာ လူကြီးတွေပေါ့။ နောက် ရွှေဘိုသိန်းပေါ့၊နောက် ခုတစ်ဆက်ပေါ့။ အားလုံးသုံးဆက်ရှိသွားပြီ၊ အဲ့ထဲမှာကတော့ ခု ပြောနေတဲ့ပုဂ္ဂိုလ်က ဒိုင်ချုပ်၊ အရှုံးအနိုင်ကို ဆုံးဖြတ်ချက်ချပေးရတယ်။ စည်းကမ်းနည်းလမ်းတွေကို အရင်ဆုံးချမှတ်ပြီးတော့ အလုပ်လုပ်ပေးရတယ်။ ဒီနှစ်ကတော့ ရန်ကုန်ရော မုံရွာရောက သုံးလားလွှတ်တာမှာ လယ်ဗယ်တူ ဖြစ်သွားတယ်"လို့ ပြောပါတယ်။

ကြက်ခွပ်ရာမှာ ခြေနဲ့လက်ကို အပြင်ထုတ်ပြီး သွက်သွက်လက်လက်ခွပ်ရတာဖြစ်ပြီးနှစ်ဖက် အားပေးတဲ့ပရိတ်သတ်မှာ တားထားတဲ့ စည်းကိုနင်းမိတဲ့ဘက်က အရှုံး၊ ညောင်းလို့ ထိုင်ချတဲ့ဘက်က အရှုံး စတဲ့ စည်းကမ်းတွေ သတ်မှတ်ထားပါတယ်။

ပွဲတော်ကာလကတော့ တပေါင်းလဆန်း ၃ ရက်နေ့မှာ ချိုးရေတော်သုံးတဲ့နေ့၊ လဆန်း ၄ ရက်နေ့မှာ ရွှေဘုံဆင်း ခေါ် ရွှေချနေ့၊ လဆန်း ၅၊၆၊၇၊၈ နေ့တွေမှာ နတ်ချော့ကြတဲ့နေ့၊ လဆန်း ၉ရက်နေ့မှာကြက်တိုက်နေ့၊ တပေါင်းလဆန်း ၁၀ရက်နေ့မှာ နတ်ချော့နေ့၊ တပေါင်းလဆန်း ၁၁ရက်နေ့မှာ တောင်ပြုံးမင်း ၂ပါးကြိုဆိုသောနေ့၊ တပေါင်းလဆန်း ၁၂ရက်နေ့မှာ နောင်တော်ကြီး နန်းတက်တဲ့နေ့၊ တပေါင်းလဆန်း ၁၃ရက်နေ့မှာ ရွှေကိုင်းမယ်တော်ကြီးလာသောနေ့နဲ့ တပေါင်းလပြည့်နေ့မှာ ဆွမ်းတော်ကြီးလောင်းလှူမှုတွေကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။

 

သတင်း- ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013