DVB Logo
Home
မြန်မာသတင်း
ပြည်ထဲရေးဝန်ကြီး လက်ပန်းတောင်း ဒုံးတောရွာသားများနှင့် ဆွေးနွေး
DVB
·
March 15, 2013
Donate to DVB

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို ဦးဆောင်တဲ့ ၇ ဦးပါအဖွဲ့ဟာ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင်ဒေသ ဒုံးတောကျေးရွာကို ရောက်ရှိပြီး စီမံကိန်းကြောင့် ထိခိုက်နစ်နာမှုတွေနဲ့ပတ်သက်ပြီး ကုစားပေးမယ့်အခြေအနေတွေကို ဒီနေ့မွန်းလွဲပိုင်းမှာ ညှိနှိုင်းနေပါတယ်။

သတင်းရယူနေတဲ့ ဒီဗွီဘီသတင်းထောက် မတင်မာဆွေက “သူတို့ရဲ့ အဓိကရည်ရွယ်ချက်က ကံကုန်းရွာက မိုးကြိုးဆာလဖျူရစ်အက်ဆစ်စက်ရုံကို စုံစမ်းစစ်ဆေးရေးကော်မရှင်က အကြံပြုထားတာက နိုင်ငံတကာက အသိအမှတ်ပြုလက်မှတ်ပေါ့နော်။ နောက်တချက်ကကျတော့ ဒေသခံတွေကို အန္တရာယ်မရှိအောင်ပေါ့။ ပြီးတော့ စက်မှုဝန်ကြီးဌာနက တရားဝင်လက်မှတ်ပေါ့။ အဲဒါကို မိုးကြိုးဆာလဖျူရစ်အက်စစ်စက်ရုံကို ဆက်ပြီးတော့လုပ်မယ်ပေါ့။”

ဝန်ကြီးက ဒုံးတောရွာ သောက်သုံးရေကိစ္စ၊ လျော်ကြေးပေးရေးကိစ္စနဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စတွေ လုပ်ဆောင်ပေးမယ့်အကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

“ဒုံးတောကျေးရွာမှာကျတော့ ဒုတ္ထာရည်တွေ စိမ့်ပြီးတော့ ၀င်နေတဲ့အတွက်ကြောင့် သောက်သုံးရေဟာ မသန့်ရှင်းတော့ဘူးပေါ့။ အဲဒီရေတွေကို သန့်ရှင်းအောင် မြန်မာယန်စီကုမ္ပဏီကနေပြီးတော့ တာဝန်ယူပြီးတော့ ပြုလုပ်ပေးမယ်ပေါ့ဗျာ။ နောက်ပြီးတော့ ရပ်ရွာလူထုတွေအတွက် ဒေသဖွံ့ဖြိုးရေးတွေကို ကုမ္ပဏီက အကုန်လုပ်ပေးမယ်။ အဲဒါဆိုရင် သူတို့ လက်သင့်ခံလားမှာပေါ့။ ဒုံးတောကတော့ အကုန်လက်သင့်ခံတယ်။ ဒေသဖွံ့ဖြိုးအောင်လုပ်ပေးမယ်။ နောက်ပြီးတော့ ယာမြေတွေကို အလျော်မပေးဘဲ ထားတဲ့ဟာတွေ တချို့တ၀က်ကိုလည်း လျော်ပေးမယ်။ နောက် ကျေးလက်ဆေးပေးခန်းလည်း ထားပေးမယ်။ အားလုံးဆိုလို့ရှိရင် ဒုံးတောက လက်သင့်ခံတယ်ခင်ဗျ။“ လို့  ပြောပါတယ်။

ဒုံးတောနဲ့ ကံကုန်းကျေးရွာဟာ နီးကပ်တဲ့ရွာစဉ်တဆက်ဖြစ်ပြီး ဒီပွဲကို တက်ရောက်လာတဲ့ ကံကုန်းရွာသားတွေကတော့ လက်မခံကြဘူးလို့ ဆိုပါတယ်။

ဒုံးတောကျေးရွာမှာ ဒုတ္တာရည်တွေကြောင့် ကြုံတွေ့နေရတဲ့ အခက်အခဲကို မြန်မာယန်စီ ကုမ္ပဏီက ဖြေရှင်းပေးမှာဖြစ်ပြီး မိုးကြိုးဆာလဖျူရစ်အက်စစ်စက်ရုံကိစ္စက မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီနဲ့ သက်ဆိုင်တာ ဖြစ်ပါတယ်။

ဒီနောက် ပြည်ထဲရေးဝန်ကြီးနဲ့အဖွဲ့ဟာ ဒုံးတောရွာကနေ မိုကြိုးဆာလဖျူရစ်စက်ရုံ တည်ရှိရာ ကံကုန်းကျေးရွာကို သွားရောက်ပြီး ရွာသားတွေနဲ့ တွေ့ဆုံဖို့ ပြင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013