DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံရှိ ရေကာတာစီမံကိန်းများကို ဒေသခံရွာသားများ ဆန့်ကျင်
DVB
·
March 14, 2013
မြန်မာနိုင်ငံရှိ ရေကာတာစီမံကိန်းများကို ဒေသခံရွာသားများ ဆန့်ကျင်
1 / 4
Donate to DVB

မြန်မာနိုင်ငံ ချင်းတွင်း၊ ဧရာဝတီ၊ ရွှေလီနဲ့ သံလွင်မြစ်ပေါ်မှာ တည်ဆောက်နေတဲ့ ရေကာတာတွေ ရပ်တန့်ပေးဖို့ ဒေသခံရွာသားနဲ့ သဘာ၀၀န်းကျင်ထိန်းသိမ်းရေးအဖွဲ့၊ လူထုအခြေပြုအဖွဲ့အစည်းတွေက ဆုတောင်းပွဲ၊ ဆန့်ကျင်ဆန္ဒထုတ်ဖော်ပွဲတွေ လုပ်ခဲ့ပါတယ်။

ဒီကနေ့ ကျရောက်တဲ့  အပြည်ပြည်ဆိုင်ရာ မြစ်ချောင်များဆိုင်ရာ လှုပ်ရှားမှု အထိမ်းအမှတ်နေ့မှာ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်တဘက်ခြမ်း ထိုင်းမြန်မာနယ်စပ်နဲ့ စစ်ကိုင်းတိုင်းက ရေကာတာစီမံကိန်းအနီး ကျေးရွာတွေမှာ ဆုတောင်းပွဲ၊ ဆန္ဒထုတ်ဖော်ပွဲတွေ ကျင်းပခဲ့တယ်လို့ မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာ ကွန်ရက်အဖွဲ့ရဲ့ ပြောခွင့်ရ ကိုစိုင်းစိုင်းက ပြောပါတယ်။

မြန်မာနိုင်ငံ သံလွင်၊  ချင်းတွင်း၊ ရွှေလီ၊ ဧရာဝတီမြစ် နဲ့ အခြား မြစ်လက်တက်တွေပေါ်မှာ အစိုးရနဲ့ အကျိုးတူ ကုမ္ပဏီတွေ၊ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ရေကာတာတည်ဆောက်ရေး၊  ရွှေ နဲ့ သတ္တုတူးဖော်ရေးတွေ ဆောင်ရွက်နေတာဟာ   ဒေသခံတွေအတွက်  အကျိုးခံစားခွင့်မရှိတဲ့အပြင် သူတို့သဘာဝ နေထိုင်စားသောက်မှုဘ၀တွေပါ ထိခိုက်စေတဲ့အတွက် ခုလို ဆန္ဒထုတ်ဖော်နေကြတာလို့ ကိုစိုင်းစိုင်းက ပြောပါတယ်။

“ဖွံ့ဖြိုးရေးဆိုတာ စီမံကိန်းတခုကို၊ အဆောက်အဦတခုကို လုပ်ဆောင်ပြီးတော့မှ ဒါဖွံ့ဖြိုးရေးဆိုတဲ့စကားလုံးကို သတ်မှတ်လို့မရသေးပါဘူး။ ဖွံ့ဖြိုးရေးဆိုတာ တပြိုင်နက်ထဲနဲ့ လူထုမှာရှိနေတဲ့ အချက်အလက်တွေရော၊ အသိပညာတွေရောနဲ့ သဘောတရားတွေပါ ပါမှ ဖွံ့ဖြိုးမှုဖြစ်ပါတယ်။”

ဧရာဝတီမြစ်ပေါ်မှာ ရေကာတာစီမံကိန်း ၇ ခု၊ ကချင်ပြည်နယ် မေခ၊ မလိခမြစ် နဲ့ မြစ်ဆုံမှာ ၇ ခု၊ သံလွင်မြစ်ပေါ်မှာဆိုရင် ရှမ်းပြည်နယ်ထဲက ကွန်လုံ၊ နောင်ဖာ၊ တာ့ဆန်း၊ ကယားပြည်နယ်ထဲက ရွာသစ်၊ လောပီတ   ရေအားလျှပ်စစ်စီမံကိန်း၊ ကရင်ပြည်နယ် ဟတ်ကြီး ရေကာတာစီမံကိန်း၊ ချင်းတွင်းမြစ်မှာ ထမံသီရေကာတာစီမံကိန်း စတဲ့ စီမံကိန်း ၂၅ ခုလောက် ရှိတယ်လို့ ဆိုပါတယ်။

ပြည်သူလူထုတွေ မပါဝင်လာသေးသရွေ့၊ သတင်းအချက်အလက်တွေ ပြည်သူတွေကို ထင်သာမြင်သာရှိအောင် မဆောင်ရွက်သေးသရွေ့ စီမံကိန်းတွေ ရပ်တန့်ဖို့ အဖွဲ့က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မေခမလိခ မြစ်ဆုံဒေသက   ရေကာတာစီမံကိန်းနဲ့ စက်ယန္တရားတွေနဲ့ ရွှေတူးဖော်မှု ဆန့်ကျင်ပွဲ၊ ဆုတောင်းပွဲတွေကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။

ဒီပွဲကို တန်ဖဲ၊ တောင်ပံ၊ မလိယံ၊ ကျင်ခန် စတဲ့ရွာက ဒေသခံ နဲ့ ဘာသာရေးဆရာတွေ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ ကချင်လူထုအခြေပြုဖွံ့ဖြိုးရေးအဖွဲ့ရဲ့  စီမံရေးတာဝန်ခံ ဆရာ ရှဂေါင်တန်ဂွန်းက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ချင်းတွင်းမြစ်ကမ်းနဘေးမှာ ကျင်းပမယ့် အခမ်းအနားကိုတော့  သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆယ်တန်းစာမေးပွဲနဲ့ တိုက်ဆိုင်နေတဲ့အတွက် ပြုလုပ်ခွင့် မပေးခဲ့လို့ ဒေသခံတွေက အစီအစဉ်တချို့ပြောင်းပြီး ကျင်းပခဲ့ပါတယ်။

ကူကီးလူငယ်ကွန်ရက်က ဦးဆောင်ပြီး ဒီနေ့မနက်ပိုင်းက ဟုမ္မလင်းမြို့တနေရာမှာ အခမ်းအနား ကျင်းပခဲ့ပြီး ထမံသီရေကာတာရပ်တန့်ရေး၊ သစ်ထုတ်လုပ်မှု၊ ရွှေတူးဖော်မှုများကိုလည်း လုံးဝရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ကြပြီး သဘာပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးတွေနဲ့ ပတ်သက်တဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင် မဲ့စရိန်းမြို့နယ် သောင်ရင်းမြစ်ကမ်းပါးမှာလည်း   နှစ်ဘက်နိုင်ငံက ဒေသခံတိုင်းရင်းသားတွေ လာရောက်ဆုံဆည်းပြီး သံလွင်မြစ် လွတ်လပ်စွာစီးဆင်းရေး၊ ရေကာတာ စီမံကိန်းရပ်တန့်ရေးတွေအတွက် ဘာသာပေါင်းစုံဆုတောင်းပွဲ ဆန္ဒထုတ်ဖော်ပွဲတွေ ကျင်းပခဲ့ပါတယ်။

ကယားပြည်နယ် ဖားဆောင်းမြို့နယ် ၀မ်အောင်းရွာက သံလွင်မြစ်ကမ်းနဘေးမှာလည်း သံလွင်ချစ်သူအဖွဲ့က ဦးဆောင်ပြီး ဆုတောင်းပွဲလုပ်ဖို့ စီစဉ်ထားရာ ဒေသခံအာဏာပိုင်တွေ လာရောက်ပိတ်ပင်ခဲ့တယ်လို့ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့က ခွန်းဘီတူးက ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ မြစ်ချောင်များဆိုင်ရာ လှုပ်ရှားမှု အထိမ်းအမှတ်နေ့ကို လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်က ရေကာတာဆောက်လုပ်မှုကြောင့် ဆိုးကျိုးခံခဲ့ရတဲ့ လူတွေ အချင်းချင်း ဘရာဇီးလ်နိုင်ငံမှာ တွေ့ဆုံဖလှယ်ပြီး သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013