DVB Logo
Home
ဆောင်းပါး
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုအရည်အချင်းကို ပြသလိုက်တဲ့ ကြေးနီစီမံကိန်း အစီရင်ခံစာ
DVB
·
March 14, 2013
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုအရည်အချင်းကို ပြသလိုက်တဲ့ ကြေးနီစီမံကိန်း အစီရင်ခံစာ
Donate to DVB

လတ်တလော လက်မခံနိုင်တဲ့သူတွေ ရှိနေတဲ့တိုင် မတ်လ ၁၁ ရက်နေ့က သမ္မတဆီ တင်ပြီး အများပြည်သူကို ထုတ်ပြန်လိုက်တဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကိုကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ကို စီမံခန့်ခွဲနိုင်တဲ့ အရည်အချင်းပြည့်မီသူတယောက်ဖြစ်ကြောင်း သက်သေပြလိုက်သလို ဖြစ်သွားခဲ့ပါတယ်။ ဘာကြောင့် ဒီလိုပြောနိုင်သလဲ ဆိုတာ ခုတပတ် ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။

အစီရင်ခံစာမှာ ဒီ စီမံကိန်းကို ဒီအတိုင်း ဆက်လုပ်ရင် သဘာဝပတ်ဝန်းကျင် အတွက်ရော၊ ဒေသခံပြည်သူတွေနဲ့ နိုင်ငံအတွက်ပါ သိပ်အကျိုးမများတာကြောင့် ဒီနည်းလမ်းကို မရွေးသင့်ဘူးလို့ အကြံပြုခဲ့ပါတယ်။ အလားတူ စီမံကိန်းကို လုံးဝ ရပ်ဆိုင်းလိုက်ရင် တရုတ်နဲ့ ပြဿနာပေါ်ရုံမက နိုင်ငံတကာမှာ မြန်မာနိုင်ငံ ပုံရိပ်မကောင်းမှာ၊ ပြည်သူတွေအတွက် အကျိုးမများမှာ၊ သဘာဝ ပတ်ဝန်းကျင် ပြန်လည် ပြုပြင်နိုင်ရေး အခက်အခဲ ရှိလာမှာဖြစ်တဲ့အတွက် ဒီ လမ်းကြောင်းကိုလည်း မရွေးချယ်သင့်ကြောင်း အကြံပေးပါတယ်။

အစီရင်ခံစာမှာ အဓိက အကြံပြုဖော်ပြထားတာကတော့ စီမံကိန်းနဲ့ ပတ်သက်ပြီး အဘက်ဘက်က ဖြစ်ပေါ်နေတဲ့ အားနည်းချက်ကို ပြုပြင်စေပြီး ဆက်လုပ်ကိုင်စေတဲ့ နည်းပဲဖြစ်ပါတယ်။ ဒီလို စီမံကိန်း ဆက်လုပ်ဖို့ အကြံပြုဖော်ပြထားပေမယ့် အစီရင်ခံစာမှာ အစိုးရအဖွဲ့၊ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီ၊ တရုတ်ကုမ္ပဏီ၊ ရဲတပ်ဖွဲ့နဲ့ ဥပဒေပိုင်းဆိုင်ရာ စတဲ့ ဘက်အသီးသီးရဲ့ အားနည်းချက်တွေကိုတော့ မထောက်ညှာစတမ်း ဝေဖန်ဆန်းစစ်ထားတာ တွေ့နိုင်ပါတယ်။

အစိုးရနဲ့ ပတ်သက်တဲ့ အားနည်းချက်ကို ဝေဖန်ထောက်ပြရာမှာ စာချုပ်ပါ ဖော်ပြချက်တွေအရ နိုင်ငံအနေနဲ့ ဦးပိုင်နဲ့ တရုတ်ကုမ္ပဏီ ပြောဆိုနေသလို အကျိုးအမြတ် သိပ်ရမှာ မဟုတ်တဲ့အတွက် လုပ်ပိုင်ခွင့်ရှိတဲ့ ဘောင်ထဲကနေ စာချုပ်ကို ပြန်ချုပ်စေဖို့အထိ အကြံပြုထားတာ တွေ့ရပါတယ်။ ဦးပိုင်ကုမ္ပဏီနဲ့ ပတ်သက်ပြီးတော့လည်း ကံကုန်းရွာက ဆာဖျူရစ် အက်စစ်စက်ရုံဟာ စက်မှုဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ တည်ဆောက်ထားတာ မဟုတ်ခြင်း၊ အိုင်အက်စ်အို လက်မှတ်ရယူထားခြင်းလည်း မရှိတဲ့အတွက် ခွင့်ပြုချက်နဲ့ အိုင်အက်စ်အို လက်မှတ်ရယူဆောင်ရွက်ဖို့ အကြံပြုထားပါတယ်။

တရုတ်ကုမ္ပဏီနဲ့ ဦးပိုင် ကုမ္ပဏီဘက်ကိုတော့ ပြုပြင် လုပ်ကိုင်ရမယ့် အချက်အလက် အများအပြား အကြံပြုထားတာ တွေ့နိုင်ပါတယ်။ အဲဒီမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစီအမံတွေကို စနစ်တကျ ပြန်လုပ်ဖို့၊ သိမ်းထားတဲ့ မြေဧရိယာဟာ စီမံကိန်းက လိုအပ်တဲ့ မြေအကျယ်အ၀န်းထက် ပိုများနေလို့ အဲဒီ လယ်ယာတွေကို ပြန်ပေးဖို့၊ လယ်သမားတွေကို လယ်ယာမြေတွေနဲ့ ပတ်သက်တဲ့ လျော်ကြေးပေးစေရာမှာ ပွင့်လင်းမြင်သာမှုမရှိ၊ ရိုးသားမှု မရှိခဲ့တဲ့အတွက် ခေတ်နဲ့လျော်ညီတဲ့ နှုန်းထားအတိုင်း ပြန်လည် ပြင်ဆင်တွက်ချက်ပေးဆောင်စေဖို့၊ ဒေသခံတွေ အလုပ်အကိုင်ရရှိရေး သေချာအောင် စီစဉ်ပေးဖို့၊ ဒါတင်မက တခြား ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးဆိုင်ရာ ပံ့ပိုးမှုတွေ လုပ်ပေးဖို့ အကြံပြုခဲ့ပါတယ်။

ဆန္ဒပြ သပိတ်စခန်းကို ဖြိုခွင်းစဉ်ကာလ ရဲတပ်ဖွဲ့တွေရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံ အသုံးပြုတဲ့ မီးခိုးဗုံး ပြဿနာကအစ အသေးစိတ် ဆန်းစစ် ဝေဖန်ထားပြီး နောင် အဓိကရုဏ်းနှိမ်နင်းတာတွေ လုပ်တော့မယ်ဆိုရင် နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ ခုကတည်းက အမြန်လေ့ကျင့်ထားသင့်တဲ့အကြောင်း လိုအပ်ရင် နိုင်ငံတကာအကူအညီ ရယူဖို့လိုတဲ့အကြောင်းလည်း ထောက်ပြထားပါတယ်။ ဒါတင်မက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေနဲ့ ပတ်သက်ပြီး နည်းဥပဒေ ပုဒ်မ ၁၈ မှာ ခွင့်ပြုချက်နဲ့ ပတ်သက်လို့ တိုင်း ဒါမှမဟုတ် ပြည်နယ် ရဲမှူးက အဆုံးအဖြတ်ပေးရမယ် ဆိုတဲ့ အချက်ကို ပယ်ဖျက်သင့်ကြောင်းကိုပါ ဖော်ပြထားပါတယ်။

စီမံကိန်းနယ်မြေထဲက သာသနိက အဆောက်အဦတွေနဲ့ ပတ်သက်ပြီးတော့လည်း စနစ်တကျ လေ့လာစူးစမ်း တင်ပြထားပြီး စီမံကိန်း ဆက်လုပ်ရင် ဘယ်လို အခြေအနေမှာဖြစ်ဖြစ် ပြိုကျ ပျက်စီးမှုတွေ ရှိနိုင်တာကြောင့် သင့်တော်ရာတနေရာရာကို ရွှေ့ပြောင်းစေဖို့လည်း ရဲရဲဝံ့ဝံ့ အကြံပြုထားပါတယ်။

အစီရင်ခံစာတခုလုံးကို ခြုံငုံသုံးသပ်ရရင် စီမံကိန်းကို ဆက်ပြီး လုပ်ကိုင်ဆောင်ရွက်မယ်ဆိုရင် အစိုးရ၊ ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်ကုမ္ပဏီတွေကနေ လုပ်ကိုင်ဆောင်ရွက်ပေးရမယ့် ကိစ္စ၊ တာဝန်ယူရမယ့် ကိစ္စ အများအပြား ရှိနေတာ တွေ့ရမှာဖြစ်သလို ဒီလို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ရင် ဒေသခံတွေ အတွက် အကျိုးများရုံမက တိုင်းပြည်အတွက်လည်း အကျိုးရှိမယ့် ရလဒ်တွေ ထွက်လာမှာဖြစ်ပါတယ်။ ဒါတင်မက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး နောင်မျိုးဆက်တွေအတွက်ပါ ထည့်သွင်းတွက်ချက် တောင်းဆိုမှုတွေ လုပ်ထားတာကြောင့် ဘက်ပေါင်းစုံက ပြည့်စုံတဲ့ အဆင့်အတန်း အလွန်မြင့်တဲ့ ရဲရင့်တဲ့ အစီရင်ခံစာ တစောင်လို့ သုံးသပ်ရခြင်း ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲနိုင်တဲ့ ခေါင်းဆောင်မှု အရည်အချင်းပြည့်ဝသူ တယောက်လို့ မှတ်ချက်ချနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013