
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကံကော်တောင်ကျေးရွာကို စစ်အာဏာရှင်တပ်က ဇွန် ၂၃ ရက်မှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာသား ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့ကာ ကားနဲ့ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂွမြို့နယ်၊ ကံကော်တောင်ကျေးရွာကို စစ်အာဏာရှင်တပ်က ဇွန် ၂၃ ရက် ည ၁၀ နာရီ ၁၈ မိနစ်နဲ့ ၂၇ မိနစ်တို့မှာ ဂျက်ဖိုက်တာတစီးနဲ့ လေကြောင်းကနေ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျေးရွာသား ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဂွဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ကံကော်တောင်ကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းအနီးနဲ့ စာသင်ကျောင်းအနီးကို ဇွန်လ ၂၃ ရက်နေ့မှာ စစ်တပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့တာ ရှိတယ်။ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး ထိခိုက် ဒဏ်ရာရရှိသွားတာ ရှိတယ်။ လူအသေအပျောက် မရှိပေမဲ့ နွားနှစ်ကောင် သေသွားတာရှိတယ်။ အိမ်တွေလည်း ပျက်စီးသွားတာရှိသလို ကားတစီးလည်း ထိခိုက်ပျက်စီးသွားတယ်။”
စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသူတွေကတော့ ကံကော်တောင်ကျေးရွာက ဒေါ်လှကေသီ (၅၅ နှစ်)၊ မနှောင်းသဇင်ထွေး (၁၉ နှစ်)၊ ဦးချစ်ဆွေ (၅၂ နှစ်) နဲ့ ဦးကျော်ဝင်း (၆၀ နှစ်) တို့ ဖြစ်ကြပါတယ်။
ဇွန် ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေကလည်း တိုက်ပွဲဖြစ်ပွားတာမျိုး မရှိဘဲ ဂွမြို့နယ်၊ ကျောက်ချွန်ကျေးရွာနဲ့ ရမ္မာကျွန်းကျေးရွာတို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာသား ၂ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရရှိကာ နေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
စစ်အာဏာရှင်တပ်ဟာ ဇွန်လအတွင်းမှာ ဂွမြို့နယ်က ကျေးရွာတွေကို ဆက်တိုက် လေကြောင်းတိုက်ခိုက်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိလာနေတာ ဖြစ်ပါတယ်။
ဇွန် ၁၇ ရက်ကလည်း ကျောက်တော်မြို့နဲ့ လမ်းမတော်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၉ ယောက် သေဆုံးပြီး ၁၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဇွန် ၂၄ ရက်မှာလည်း မောင်တောမြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ နေအိမ်တချို့ ထိခိုက် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်က အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်လာနေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ် အထူးသတိပြုကြဖို့လည်း အာရက္ခတပ်တော်က တိုက်တွန်းထားပါတယ်။










