DVB Logo
Home
မြန်မာသတင်း
ဂျော်ဒန်ရောက် မြန်မာအလုပ်သမားများ ပြည်တော်ပြန်ရေး အခက်အခဲဖြစ်
DVB
·
March 14, 2013
Donate to DVB

ဂျော်ဒန်နိုင်ငံအထည်ချုပ်စက်ရုံက မြန်မာနိုင်ငံပြန်ဖို့ အခက်တွေ့နေကြတဲ့ မြန်မာ အလုပ်သမားတွေဟာ မြန်မာအစိုးရက လွှတ်လိုက်တယ်ဆိုတဲ့ အလုပ်သမားဝန်ကြီးဌာနက ကိုယ်စားလှယ် ၂ ဦးကို အားကိုးတကြီး မျှော်လင့်နေကြပါတယ်။

မတ် ၁၁ ရက်နေ့က မြန်မာနိုင်ငံ ပြန်ရောက်လာတဲ့ ဂျော်ဒန်အထည်ချုပ်စက်ရုံ မြန်မာ အလုပ်သမား ၃ ဦးက ရန်ကုန်မြို့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်းမှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အခုလို ပြောကြားလိုက်တာပါ။

ပြန်ရောက်လာတဲ့ အလုပ်သမား မဇာဏီဝင်းက “သမီးတို့ အဓိကပြောချင်တာကတော့ လူကြီးတွေ အရင်ရောက်ဖို့ပဲပေါ့နော်။ ပိုက်ဆံက ဟိုရောက်မှ စီစဉ်လို့ရတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ဘက်က လူကြီးတွေဖြေရှင်းပေးရင်တော့ ပြေလည်မယ်လို့တော့ ပြောတာပဲ။ လာမယ်ဆိုပြီး သတင်းလွှင့်ထားတဲ့ လူကြီးတွေကိုပြောတာပါ” လို့ ဆိုပါတယ်။

ဂျော်ဒန်အထည်ချုပ်စက်ရုံက မြန်မာအလုပ်သမားအများစုဟာ မြန်မာနိုင်ငံ ပြန်လာချင်ကြပေမယ့် အခက်တွေ့နေကြပုံကို ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ အလုပ်သမားရေးတာဝန်ခံ မမာမာဦးက အခုလို ပြောပါတယ်။

“ဟိုမှာကျန်ရစ်ခဲ့သူတွေက ပြန်ချင်တယ်။ ဒါပေမယ့် စာချုပ်သက်တမ်း မပြည့်သေးတဲ့အတွက် လေယာဉ်လက်မှတ်အတွက် ဘာညာကအစ လျော်ကြေးပေးပြီး ပြန်ရမယ်ဆိုတော့။ မပေးနိုင်တော့ မပြန်ရဘူး။ မဇာဏီဝင်းရွှေကတော့ လျော်ကြေးပေးပြီး ပြန်လာတယ်။ ကျန်တဲ့လူ ၂ ယောက်က လုပ်သက်စေ့လို့ ပြန်လာခဲ့တာ။ သူတို့က ကျန်ခဲ့တဲ့လူတွေကို စိတ်ပူ စိုးရိမ်တယ်။ အဲဒါ ဟိုကလူတွေကလည်း မြန်မာပြည်ပြန်ရောက်တဲ့အခါ သူတို့ကို အကူအညီပေးဖို့ရာ စကားပါးလိုက်တယ်။”

ဂျော်ဒန်အထည်ချုပ်စက်ရုံမှာ သွားရောက်လုပ်ကိုင်နေသူတွေဟာ တရားမ၀င်အေဂျင်စီတခုရဲ့ ပို့ဆောင်ပေးမှုနဲ့ လုပ်ကိုင်နေကြတာဖြစ်ပြီး တလလုပ်ခလစာ အမေရိကန်ဒေါ်လာ ၂၀၀ ပဲ ရရှိကြပြီး အချိန်ပိုကြေးလည်း မရတာကြောင့် အဆင်မပြေ ဖြစ်နေကြတာပါ။

ဂျော်ဒန်အထည်ချုပ်စက်ရုံက မြန်မာအလုပ်သမားပြဿနာနဲ့ ပတ်သက်ပြီး အလုပ်သမားဝန်ကြီးဌာနက ကိုယ်စားလှယ် ၂ ဦးစေလွှတ်ပြီး ဖြေရှင်းဖို့ လုပ်နေတာပါ။ ဂျော်ဒန်မှာ မြန်မာသံရုံး မရှိတဲ့အတွက် အစ္စရေး နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကတဆင့် ကူညီလုပ်ဆောင်ပေးမယ်လို့ သက်ဆိုင်ရာက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

ဒီအလုပ်သမားပြဿနာနဲ့ ပတ်သက်ပြီး မတ်လ ၁၂ ရက်က ကျင်းပခဲ့တဲ့ လွှတ်တော်ထဲ မေးမြန်းခဲ့ရာမှာလည်း အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက လက်ရှိမှာ ကိုယ်ပိုင်မိသားစုပြဿနာတွေကြောင့် မြန်မာနိုင်ငံပြန်လိုသူ အချို့နဲ့ အလုပ်ဆက်လက်လုပ်ကိုင်လိုခြင်းမရှိဘဲ ပြန်လိုတဲ့ အလုပ်သမားတွေလည်း ရှိနေတယ်လို့ ဖြေကြားပါတယ်။

ပြန်လာလိုသူတွေ အဆင်ပြေချောမွေ့စွာ ပြန်လာနိုင်ရေးနဲ့ ရသင့်‌တဲ့ အခွင့်အရေးတွေ ရရှိနိုင်ရေး အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ၁ ဦး၊ ဒုတိယညွှန်ကြားရေးမှူး ၁ ဦးကို ဂျော်ဒန်နိုင်ငံကို စေလွှတ်ကြောင်း၊ ပြဿနာတွေ အေးဆေးစွာ ကူညီဆောင်ရွက်ပေးနိုင်မှု အတွက်  ပြေလည်မှုရရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဂျော်ဒန်နိုင်ငံ Ramtha မြို့ CMJ အထည်ချုပ်စက်ရုံက မြန်မာအလုပ်သမား ၁၃၀၀ လောက်ဟာ လုပ်ခလစာ အပါအ၀င် တခြား မပြေလည်မှုတွေကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်ကစပြီး ဆန္ဒပြနေခဲ့ကြတာပါ။ ပြန်လာသူတွေရဲ့ ပြောဆိုချက်အရ အခုအချိန်ထိ မြန်မာအလုပ်သမား ၄၀၀ လောက်ဟာ ဆက်လက်ဆန္ဒပြနေကြတုန်းလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013