DVB Logo
Home
မြန်မာသတင်း
အရပ်ဘက်စက်လှေများအား ကာကွယ်ပေးရန် တပ်မတော်နှင့် အေအေကို ခူမီးချင်းကောင်စီ မေတ္တာရပ်ခံ
DVB
·
March 1, 2020
အရပ်ဘက်စက်လှေများအား ကာကွယ်ပေးရန် တပ်မတော်နှင့် အေအေကို ခူမီးချင်းကောင်စီ မေတ္တာရပ်ခံ
Donate to DVB

ချင်းပြည်နယ်အတွင်း တပ်မတော်နဲ့အေအေအဖွဲ့အနေနဲ့ ပလက်ဝနဲ့ကျောက်တော်ကြား ပြေးဆွဲနေတဲ့ အရပ်ဘက်စက်လှေတွေကို လူသားချင်း စာနာထောက်ထားပြီး ကာကွယ်စောင့်ရှောက်ကူညီပေးဖို့ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီက ဖေဖော်ဝါရီ ၂၉ ရက်မှာ ကြေညာချက်ထုတ်ပြန်ပြီး မေတ္တာရပ်ခံလိုက်ပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့အပါအဝင် မြို့နယ်အတွင်းက ကျေးရွာတွေမှာ တပ်မတော်နဲ့အေအေတို့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ဒေသခံတွေအနေနဲ့ မြို့နယ်ပြင်ပဒေသတွေဆီ ဆက်သွယ်သွားလာရေး လမ်းကြောင်းပြတ် တောက်နေသလို လုံခြုံစွာသွားလာဖို့ အာမခံချက်မရှိတာ တလလောက်ရှိပြီလို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

လက်နက်ကိုင်အဖွဲ့တွေဟာ  ပလက်ဝနဲ့ ကျောက်တော်ကြား သွားလာနေတဲ့ အရပ်ဘက်စက်လှေနဲ့ ကူးတို့တွေကို ဖေဖော်ဝါရီ ၂၂၊ ၂၇၊ ၂၉ ရက်တွေမှာ လက်နက်နဲ့ပစ်ခတ်တာ၊ ဒေသခံတွေကို ခြိမ်းခြောက်စစ်ဆေးတာ ဒေသဖွံ့ဖြိုးရေးယာဉ်တွေကို ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်က ကျောက်တော်မှာ နှစ်ပတ်လောက် ပိတ်မိနေတဲ့ ချင်းလူမျိုး ကျောင်းသား ကျောင်းသူတွေနဲ့ အရပ်သား ၅၀ ကျော်ဟာ စက်လှေ ၁၁ စီးနဲ့ ပြန်လာချိန် ကျောက်တော်မြို့ တင်းမနဲ့ ပွီးပုန်းရွာတွေနားမှာ သေနတ်ပစ် ခြိမ်းခြောက်တဲ့အပြင် ၂ နာရီကျော်ကြာ စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက် အရသိရပါတယ်။

အလားတူ ဖေဖော်ဝါရီ ၂၇ ရက်မှာလည်း ပလက်ဝကနေ ရခိုင်ပြည်နယ် ကျောက်တော်ကို ထွက်ခွာလာတဲ့ လိုင်းစက်လှေကို ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နောက်ထပ် ၂ ရက်အကြာမှာတော့ ကုလားတန်စီမံကိန်းအတွက် မတူပီကနေ ပလက်ဝကို ပို့တဲ့ စက်သုံးဆီတင် ကုန်တင်ကားကိုလည်း ပစ်ခတ်မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

အခုလို ဖြစ်စဉ်တွေကြောင့် ပလက်ဝမြို့က ချင်းလူမျိုးဒေသခံတွေအတွက် အကျပ်အတည်း ဖြစ်စေတဲ့အပြင် မလိုလားအပ်တဲ့ လူမျိုးရေးတင်းမာမှုတွေဆီ ဆက်ပြီး ဦးတည်နိုင်တယ်လို့လည်း  ထုတ်ပြန်ချက်မှာ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီက သုံးသပ်ထားပါတယ်။

ဒါ့ကြောင့် အရပ်ဘက်စက်လှေတွေ ပလက်ဝမြို့နယ်အတွင်း ဒေသခံတွေအတွက် စားနပ်ရိက္ခာ သယ်ယူတာ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် သွားလာနေတာတွေကို လူသားချင်းစာနာထောက်ထားမှုအရာ ကာကွယ်စောင့်ရှောက်ပေးဖို့ တပ်မတော်နဲ့ အေအေအဖွဲ့ကို တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013