မိုင်းဆတ်တွင် စိတ်ကြွဆေးပြားနှင့်ဆက်စပ်ပစ္စည်းများ ကျပ်သိန်း ၁၃၀၀၀ ကျော်ဖိုး ဖမ်းမိ
DVB
·
February 29, 2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်မှာ တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ရာမှ ကျပ်သိန်း ၁၃၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားနဲ့ ဆက်စပ်ပစ္စည်းမျိုးစုံ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
မိုင်းတုံမြို့နယ် မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စုအတွင်း စကခ ၁၄ လက်အောက်ခံ ခမရ ၅၇၉ တပ်လှုပ်ရှားစစ်ကြောင်းက နယ်မြေရှင်းလင်းနေတုန်း ဟွေမော်ရွာ အရှေ့မြောက်ဘက် ၂ မိုင်လောက်အကွာ ငှက်ပျောတောအတွင်းကနေ တန်ဖိုး ကျပ်သိန်း ၁၃၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားနဲ့ ဆက်စပ်ပစ္စည်းမျိုးစုံ ဖော်ထုတ် သိမ်းဆည်းရမိခဲ့တာပါ။
သိမ်းဆည်းရမိတဲ့ wy စိတ်ကြွဆေးပြား နှစ်ထောင်ပြားစီပါတဲ့ အထုပ် ၆၀၅ ထုပ် ကျပ်သိန်း ၁၂၀၀၀ ကျော်နဲ့ ကြေမွပျက်စီးနေတဲ့ ဆေးမှုန့် ၁၅ ဒသမ ၇၅ ကီလိုဂရမ်၊ တန်ဖိုးကျပ်သိန်း ၁၅၀၀ ကျော်နဲ့ တခြားဆက်စပ်ပစ္စည်းတွေကို တပ်မတော်က မူးယစ်တပ်ဖွဲ့ထံ ဖော်ဝါရီလ ၂၈ ရက်နေ့မှာ အပ်နှံလွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါမူးဆေးနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမှုနဲ့ ပတ်သက်ပြီး မိုင်းတွမ်းနယ်မြေရဲစခန်းက မူးစိတ်ပုဒ်မ ၁၉(က)၊ ၁၆(ခ)တို့နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။