DVB Logo
Home
မေးမြန်းခန်း
ပေါင်းစည်းလယ်ယာမြေကိစ္စ စိုက်ပျိုးရေးပညာရှင်နှင့် မေးမြန်းချက်
DVB
·
March 14, 2013
ပေါင်းစည်းလယ်ယာမြေကိစ္စ စိုက်ပျိုးရေးပညာရှင်နှင့် မေးမြန်းချက်
Donate to DVB

ဆန်စပါးအထူးပြုကုမ္ပဏီတွေနဲ့ စိုက်ပျိုးရေးကုမ္ပဏီတွေဟာ လယ်သမားတွေနဲ့ ပေါင်းပြီး ပေါင်းစည်းလယ်ယာ စနစ်နဲ့ လာမယ့်မိုးရာသီမှာ လယ်ဧက ၁ သန်းကျော် စတင် လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပြောပါတယ်။

မတ် ၁၃ ရက်က ရန်ကုန်မြို့မှာ  ပြုလုပ်ခဲ့တဲ့ မြန်မာ-ထိုင်း-ဗီယက်နမ် ဆန်စပါးလုပ်ငန်းရှင်တွေ တွေ့ဆုံဆွေးနွေးပွဲမှာ ထုတ်ဖော်ပြောဆိုလိုက်တာ  ဖြစ်ပါတယ်။

အရင် န၀တ၊ နအဖ စစ်အစိုးရခေတ်က ပြုလုပ်ခဲ့တဲ့ ပေါင်းစည်းလယ်ယာစနစ်ကြောင့် လယ်သမားတွေ လယ်ယာလက်လွတ် ဆုံးရှုံးခဲ့ရဖူးပါတယ်။

ဘာကြောင့် လယ် လက်လွတ် ဆုံးရှူံးခဲ့ကြရတာလဲ။ ဘယ်လိုလယ်မြေတွေမှာ ပေါင်းစည်းလယ်ယာစနစ် လုပ်ကိုင်ဆောင်ရွက်သင့်ပါသလဲ။ ပေါင်းစည်းလယ်ယာစနစ်နဲ့ လယ်မဲ့ယာမဲ့တွေကို ဘာတွေလုပ်ပေးဖို့ လိုမလဲ ဆိုတာတွေကို သိရအောင် စိုက်ပျိုးရေးပညာရှင် ဦးဘဟိန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းချုပ်က ပေါင်းစည်းလယ်ယာစနစ်ကို ပြန်လုပ်မယ်ပေါ့။ အရင် န၀တ၊ နအဖ ခေတ်တုန်းကလည်း လုပ်လာတာပဲ။ အဲတုန်းကလည်း ပေါင်းစည်းဆိုပြီး ကုမ္ပဏီတွေက လယ်သမားတွေလယ်သိမ်းပြီး အခု ပြဿနာတွေတက်နေကြတယ်။ အခုလည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပြန်လုပ်မယ်ဆိုပြီးပြောနေကြတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဆရာအမြင်သိပါရစေ။

“ပေါင်းစည်းလယ်ယာလုပ်မယ်ဆိုတဲ့ မြေယာမှာ နေရာဒေသကိုရွေးသင့်တာကတော့ ရေကြီးကွင်း၊ ရေနက်ကွင်းလိုတွေမှာ ပေါင်းစည်းလယ်ယာမဖြစ်မနေ လုပ်ပေးသင့်တယ်။ နောက်တချက်က မိုးတော်၊ ရေတော် တကယ်သေချာရေရာတဲ့နေရာမျိုးတွေမှာဆိုရင် တကယ့် မြေမဲ့ယာမဲ့တွေကို ဦးစားပေးပြီးတော့ မွေးမြူရေးတို့လိုမျိုး ကျနော့်အနေနဲ့ဆိုရင်တော့ အဲလိုလုပ်ပေးချင်တယ်။”

ပြီးခဲ့တဲ့ခေတ်မှာ ပေါင်းစည်းလယ်ယာဆိုပြီး ကုမ္ပဏီတွေနဲ့ လယ်သမားတွေလုပ်ကြတာ နောက်ဆုံး ကုမ္ပဏီတွေက တဖက်လှည့်နဲ့ လယ်သိမ်းသွားသလိုမျိုးဖြစ်သွားကြတယ်။ အဲဒါ ဘာကြောင့်ဖြစ်သွားတာပါလဲ။

“ကျနော်သိသလောက်က ရေနက်ကွင်းတွေ၊ ရေကြီးကွင်းတွေမှာ ပေါင်းစည်းလယ်ယာဆိုပြီး ခေါ်ကြတယ်။ ပထမတော့ လယ်သမားအတွက် လုပ်ပေးသေးတယ်၊ ငါးကန်တွေပေါ့။ ငါးကန်ကို ကျောက်ပြင်ပုံစံမြင်ကြည့်ပါ။ ကျောက်ပြင်ပုံစံမျိုးတူးလိုက်တာ။ ပတ်ပတ်လည်မှာ သနပ်ခါးရည်စီးကျတဲ့ အပိုင်းထဲရေထည့်ပြီး ငါးမွေးတာ။ ကျောက်ပြင် သနပ်ခါးတုံးသွေးတဲ့နေရာမျိုးကို စပါးစိုက်တာ။ ကျောက်ပြင်နှုတ်ခမ်းက ဘောင်မှာက ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ နှစ်ရှည်ပင်တွေ စိုက်တယ်။ ပထမတော့ တကယ့်လယ်သမားတွေကို ဦးစားပေးသေးတယ်။ နောက်တော့ ရေကြီးကွင်းရေနက်ကွင်းတွေမှာ လယ်သမားတွေ လုပ်ကွက်တွေ ရှိတယ်။ အဲလုပ်ကွက်တွေက လယ်သမားတွေက သူတို့ကိုယ်တိုင်ဖော်ထုတ်ထားတဲ့ မြေတွေ။ အဲမြေတွေကို မြေစာရင်းက လယ်သမားတွေဆီကနေ မြေခွန်သဘောမျိုးကောက်တာ။ လယ်သမားတွေက မြေခွန်ပေးရတာပေါ့။ သို့သော်လည်း အဲမြေခွန်တွေက တရားဝင်ကောက်တဲ့ မြေခွန်မဟုတ်ဘူး။ နိုင်ငံတော်ရဲ့ အခွန်ထဲ ၀င်သွားတာမဟုတ်ဘူး။ မြေစာရင်းက မသိတဲ့ လယ်သမားတွေကို ခေါင်းပုံဖြတ်တာပေါ့ဗျာ။ မြေစာရင်းက လုပ်စားတာ။ သူတို့က မြေခွန်တော့ကောက်တယ်၊ နိုင်ငံတော်ကိုတော့ မသွင်းဘူးပေါ့။ နောက်ပိုင်းကျတော့ လုပ်ငန်းရှင်တွေကို ပေးတော့မယ်ဆိုတော့ အဲမြေတွေကို သိမ်းပေးတော့ လယ်သမားတွေဆီမှာလည်း တရားဝင်ပြေစာဖြတ်ပိုင်းကလည်း မရှိတော့ လယ်သမားတွေက ငုတ်တုတ်ခံလိုက်ရတာပေါ့။ သိမ်းတယ် သူတို့ကိုပေးလိုက်တယ် အဲနည်းနဲ့ လယ်သမားတွေက လက်လွတ်ဆုံးရှူံးသွားတာ။”

အဲတော့ အစိုးရကတော့ မဟုတ်ဘူး။ မြန်မာနိုင်ငံဆန်စပါးအသင်းက အခုပြန်လုပ်မယ် ဆိုတော့ ဘယ်လိုဖြစ်သင့်လဲ ဆရာ။ ပေါင်းစည်းလယ်ယာလုပ်မယ်ဆိုရင်။

“လုပ်မယ်ဆိုရင်တော့ ရေကြီးကွင်း ရေနက်ကွင်း မြေယာတွေကို စပါး ၅ မျိုး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ နှစ်ရှည်ပင်တွေကို ခုနက ကျနော်ပြောတဲ့ပုံစံမျိုးနဲ့ မွေးမြုရေးရော ဘဲ၊ ငါး စသည်ဖြင့်ပေါ့။ ဒါမျိုးကို ပြဿနာရှိတဲ့ ရေကြီးကွင်း၊ ရေနက်ကွင်းနေရာတွေမှာ လုပ်သင့်တယ်။ နောက် ရေတော်၊ မိုးတော် မြေယာမျိုးတွေကျတော့ လယ်သမားတွေက မဆိုးဘူးပေါ့။ သူတို့ ၀င်ငွေလေးတွေက ထိုက်သင့်သလောက် ကောင်းသေးတာပေါ့။ သို့သော် အဲမှာရှိနေတဲ့ မြေမဲ့ယာမဲ့ပေါ့၊ မြေမဲ့ယာမဲ့ကို ကျနော်တို့က ဥပေက္ခာပြုနေတယ်လို့ ထင်တယ်။ မြေမဲ့ယာမဲ့ကို ဥပေက္ခာမပြုသင့်ဘူး။ ဘာလို့လဲဆိုတော့ ကျေးရွာ တရွာမှာ မြေမဲ့ယာမဲ့နဲ့ မြေယာရှိက ထက်ဝက်စီလောက်ရှိနေတယ်။ မြေမဲ့ကို ကျနော်တို့က ကူညီပံ့ပိုးပေးမှ။ ဥပမာ အောက်ပြည်အောက်ရွာမှာဆိုရင် စပါးရိတ်ချိန်နဲ့ စိုက်ချိန် ဒီ ၂ ချိန်လောက်ပဲ သူတို့မှာ အလုပ်မယ်မယ်ရရရှိတယ်။ ကျန်တဲ့အချိန်တွေမှာ သိပ်မရှိဘူး။ ဥပမာ နွေစပါးစိုက်ချိန်ဆိုရင်တော့ အလုပ်နည်းနည်းပိုတာပေါ့။ ကျန်တဲ့အချိန်မှာဆိုရင် သူတို့က မြေပိုင်ယာပိုင်တွေဆီမှာ ခေါက်စားဆိုတဲ့ပုံစံမျိုးနဲ့ ငွေချေးပြီး သူတို့ရဲ့ ၀မ်းရေးကိုဖြည့်ရတယ်။ ခေါက်စားဆိုတာက ကောက်စိုက်ချိန်မှာ ကောက်စိုက်ခက တရက်ကို ၁၅၀၀-၂၀၀၀ ရတယ်ဆိုပါတော့။ သူတို့က ကောက်စိုက်ချိန်မှာလိုက်လုပ်ပါ့မယ်. အခုတော့ ကြိုကောက်စိုက်ခ ပေးပါဆိုပြီး ချေးရတယ်။ တကယ့်ရာသီချိန်မှာ ကောက်စိုက်ခ ၁၅၀၀ လောက်မှာ သူတို့က ၁၀၀၀ လောက်နဲ့ပဲ စားရတာ။ ၂၀၀၀ ဆိုရင် သူတို့ ၁၀၀၀ လောက်နဲ့ ချေးပြီးစားရတာ။ အဲစရိတ်နဲ့ပဲ သူတို့က ကောက်စိုက်ရတာ။ ဆိုလိုတာက မြေမဲ့ယာမဲ့တွေကို နည်းနည်း ဦးစားပေးသင့်တယ်။ ၀က်မွေးတာ၊ ဘဲမွေးတာနဲ့ ငါးမွေးတာ စသည်ဖြင့်ပေါ့လေ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013