အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ်ဟာ ကာရစ်ဘီယံပင်လယ်ပြင်အတွင်းမှာ သင်္ဘောတစင်းကို တိုက်ခိုက်ခဲ့လို့ လူ ၂ ယောက် သေဆုံးခဲ့တယ်လို့ ပြောကြားလိုက်ပြီး “လူသေစေတဲ့ တိုက်ခိုက်မှု” လုပ်ဆောင်ခဲ့တဲ့ ဝေဟင် ရုပ်သံမှတ်တမ်းကိုလည်း မေ ၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်စစ်တပ်ရဲ့ အဆိုအရ ကာရစ်ဘီယံပင်လယ်ထဲက အဲဒီသင်္ဘောကို အမည်မဖော်လိုတဲ့ “အကြမ်းဖက်စာရင်းဝင် အဖွဲ့အစည်းတွေ”က မောင်းနှင်နေတာဖြစ်တယ်လို့လည်း စွပ်စွဲထားပြီး ဘယ်အဖွဲ့တွေဆိုတာကိုတော့မဖော်ပြခဲ့ပါဘူး။
ဒီတိုက်ခိုက်မှုအတွင်း အမေရိကန်စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရတာမျိုး မရှိဘူးလို့ အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ်က ပြောပါတယ်။
သေဆုံးသွားသူတွေကို အသေးစိတ်အချက်အလက်တွေ ထုတ်ဖော်ခြင်းမရှိဘဲ “မူးယစ် အကြမ်းဖက်သမား အမျိုးသားတွေ”လို့ပဲ ဖော်ပြခဲ့ပါတယ်။
အခုလို တိုက်ခိုက်မှုမျိုးကို လူ့အခွင့်အရေးအဖွဲ့တွေကတော့ “တရားစီရင်မှုမဲ့ သတ်ဖြတ်ခြင်း” လို့ ရှုတ်ချနေကြပေမဲ့ ထရမ့်ပ် အစိုးရကတော့ ဒါဟာ “မူးယစ်ဆေးဝါးသုံး အကြမ်းဖက်သမားတွေ” ကို နှိမ်နင်းတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
Source: Reuters










