DVB Logo
Home
မြန်မာသတင်း
လက်ပန်းတောင်းတောင် အစီရင်ခံစာထဲကအတိုင်း လုပ်ရန် ဒေါ်စု အာမခံပြောကြား
DVB
·
March 14, 2013
Donate to DVB

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ လက်ပန်းတောင်းဒေသ ကျေးရွာတွေက ရွာသားတွေနဲ့ တွေ့ဆုံရာမှာ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာကို ဖတ်ကြဖို့ ရွာသားတွေကို တိုက်တွန်းပြောဆိုပြီး အစီရင်ခံစာထဲမှာ ပါတဲ့အတိုင်း လုပ်ပေးဖို့ တာဝန်ယူတယ်လို့ ကတိပြုပါတယ်။

ဆည်တည်းရွာဟောင်းက ရွာသားတွေနဲ့ တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က ခုလို ကတိပြုခဲ့တာပါ။

“အစီရင်ခံစာထဲကအတိုင်းကို အမေတာဝန်ခံတယ်။ နောက်ပြီးတော့ ဦးပိုင်ကုမ္ပဏီကရော၊ ၀မ်ပေါင်ကုမ္ပဏီကရော ကတိက၀တ်ကို သူတို့ ကြေညာထားတယ်။ ဒီအတိုင်းမလုပ်ဘူးဆိုရင် အမေတာဝန်ယူတယ်။ အမေ့စကားရှိတယ်။ ဒီ အစီရင်ခံစာအတိုင်း မလုပ်ပေးလို့ရှိရင် အမေတာဝန်ယူမယ်။”

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာမှာ စီမံကိန်းလုပ်ခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးကျေးဇူးတွေ၊ ဖျက်သိမ်းလိုက်ခြင်းအားဖြင့် ရရှိလာမယ့် အကျိုးဆက်တွေအကြောင်း ပြည့်စုံစွာ ဖော်ပြထားပါတယ်။

ဦးပိုင်ကုမ္ပဏီကတော့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာမှာ ဖော်ပြအကြံပြုချက်တွေကို ၀န်ကြီးဌာနတွေရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်သွားမယ့်အပြင် နိုင်ငံတကာအဆင့်မီ ပြည်ပကျွမ်းကျင်သူ ကုမ္ပဏီတွေကို ငှားရမ်းပြီး စနစ်တကျ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ဝမ်ပေါင်ကုမ္ပဏီကလည်း စီမံကိန်းဧရိယာအတွင်းမှာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ အညီ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ စီမံကိန်း ပတ်ဝန်းကျင်ရှိ မိသားစုဝင်တွေနဲ့ သားသမီးတွေရဲ့ လူမှုဘ၀ ပိုမိုကောင်းမွန်အောင် ကြိုးစား ဖြည့်ဆည်းပေးသွားမယ်လို့ ဆိုပါတယ်။

မနေ့က စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကို စီမံကိန်း အကောင်အထည်ဖော်နေတဲ့ ဦးပိုင်ကုမ္ပဏီနဲ့ ၀မ်ပေါင်ကုမ္ပဏီတွေက ကြိုဆိုခဲ့ကြပေမယ့် နယ်မြေခံ ရွာသားရာပေါင်းများစွာကတော့ စီမံကိန်းလုံးဝရုပ်သိမ်းရေးကို တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမနက်က စလို့ စီမံကိန်းဧရိယာ၊ ဆည်တည်ရွာသစ်၊ တုံရွာနဲ့ ဆည်တည်ရွာဟောင်းတွေကို သွားရောက်တွေ့ဆုံနေတာပါ။ အဲဒီရွာတွေမှာ ရွာသားတွေရဲ့ မေးမြန်းချက်တွေကို ထောက်ရင် သတင်းစာပါ အစီရင်ခံစာအပြည့်အစုံကို စေ့ငအောင် ဖတ်ထားကြသူ ရှားတာကို သူကြုံတွေ့ရတယ်လို့ ပြောပါတယ်။

“ဒါပေမယ့် ဒီအစီရင်ခံစာကို ရအောင်ယူရမယ်။ ဖတ်ရမယ်။ ရွာသူရွာသားတွေအများသိအောင် ဖတ်ပြပေးရမယ်။ ရှင်းပြပေးရမယ်။ ဒီလောက်တော့ ကိုယ့်ရွာအတွက် ကိုယ်တာဝန်ယူပေးရမယ်” လို့ ပြောပါတယ်။

ဒီအစီရင်ခံစာဟာ မတ် ၁၂ ရက်နေ့ထုတ် မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေမှာ ပါရှိတာကြောင့် ရွာသားတွေကို တပိုဒ်ချင်း ဖတ်ပြရှင်းပြရမယ်လို့ ဒေါ်စုက ပြောပါတယ်။

နစ်နာခဲ့ရတဲ့ လယ်ယာမြေတွေအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးဖို့ လယ်ယာနဲ့ ဆည်မြောင်း ၀န်ကြီးဌာနရုံးက လာမယ့် ၁၅ ရက်၊ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ ရွာတွေကို ကွင်းဆင်းမှာဖြစ်လို့ အဲဒီအခါကျရင် နစ်နာချက်တွေကို တင်ပြကြပါလို့ ဒေါ်စုက ပြောပါတယ်။

“လယ်ဆည်ဝန်ကြီးဌာနကလည်း ဆင်းလိမ့်မယ်။ ဒီကိစ္စတွေကို ခေါင်းအေးအေးနဲ့ ဆွေးနွေးလို့ ရတယ်။ ငိုနေလို့ရှိရင် ဘာမှ ဆွေးနွေးလို့ မရဘူး။ ဘာဖြစ်လို့လည်းဆိုရင် ငိုနေရင် အမေလည်း ဘာမှနားမလည်တော့ဘူး။ ဘာပြောနေတယ်ဆိုတာ။ အဲဒီတော့ အဲဒါတွေကိုတင်ပြ။ လယ်ယာမြေပဲ စိုက်စားချင်တဲ့ လူဆိုလို့ရှိရင် စိုက်ပျိုးရေးနေရာတွေ လုပ်ပေးရမယ်ဆိုတာ အဲဒါ သူတို့ အမေ့ကို ကတိက၀တ်ခံထားတယ်။“

“တချို့လူငယ်တွေက စိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကျောင်း မလုပ်လိုကြတော့ဘူး။ သူတို့က မြို့တက်ချင်တယ်။ တခြားအလုပ်လုပ်ချင်တယ်။ အဲဒါကျတော့ သူတို့အတွက်လည်း အမေတို့ လုပ်ပေးရမယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ကို လိုက်ပါစောင့်ရှောက်တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဆည်တည်ရွာဟောင်းက လက်မခံတာကြောင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ၅ ဦးသာ ၀င်ရောက်ရှင်းပြခွင့်ရပြီး စီမံကိန်းဆက်လုပ်မယ့်ကိစ္စကို မကျေနပ်တဲ့ ရွာသားတွေက အော်ဟစ် မေးမြန်းတာကြောင့် အချိန်ယူရှင်းလင်းခဲ့ရပါတယ်။

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013