DVB Logo
Home
မြန်မာသတင်း
အန်စီအေစာချုပ်လက်မှတ်ထိုးထားသည့်  RCSS/SSA နှင့် မြန်မာတပ်မတော် တိုက်ပွဲဖြစ် 
DVB
·
February 28, 2020
အန်စီအေစာချုပ်လက်မှတ်ထိုးထားသည့်  RCSS/SSA နှင့် မြန်မာတပ်မတော် တိုက်ပွဲဖြစ် 
Donate to DVB

အစိုးရနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (အန်စီအေ) ချုပ်ဆို ထားတဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA တပ်ဖွဲ့ဝင်တွေနဲ့ မြန်မာ တပ်မတော် လက်အောက်ခံတပ်ဖွဲ့တွေအကြား ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းဟိုင်းကျေးရွာမှာ  တိုက်ပွဲတွေ ဖြစ်နေပါတယ်။

RCSS/SSA တပ်ဖွဲ့ဝင်တွေဟာ လွိုင်တွမ်းတောင်ပေါ်မှာ အခြေချလှုပ်ရှားသွားလာနေစဉ်  မြန်မာ့တပ်မတော်ဘက်က ဖေဖော်ဝါရီ ၂၇ ရက် မနက် ၇ နာရီ ၅၀ မိနစ်လောက်မှာ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့  ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေးက ဒီဗွီဘီကို ပြောပါတယ်။ 

“ကျနော်တို့ တပ်ဖွဲ့ဝင်တွေက အဲဒီတောင်ကုန်းနားမှာ ဟိုးအရင် အန်စီအေ လက်မှတ် မထိုးခင်ကတည်းက လှုပ်ရှားသွားလာ အခြေချနေတာပါ။  မနေ့မနက်ကတော့ မြန်မာ့တပ်မတော် ဘက်က မပြောမဆိုနဲ့ လာပြီးပစ်ခတ်တယ်။ အဲဒီတော့ နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှု ရှိတယ်။ မနေ့က တနေကုန်၊ လေယာဉ်ပျံ တစီးလည်း လာဝဲပျံသွားတယ်။ ဒီကနေ့ မနက်မှာတော့ တိုက်ပွဲ ရှိတယ်လို့ အစီရင်ခံလာတာ မရှိပေမယ့် တပ်မတော်ဘက်က လူအင်အားထပ်ဖြည့်ပြီး တောင်ကုန်း တဝိုက်မှာ နေရာလာယူထားကြတယ်။ မော်တာနဲ့ ပစ်လာတယ်။ အချိန်မရွေး ပစ်ခတ်မှုပြန်ဖြစ်နိုင်တဲ့သဘောရှိတယ်။”

လာရောက်ပစ်ခတ်တဲ့ထဲမှာ ခမရ ၅၂၅၊  ၅၂၀၊ ၅၇၅၊ ၅၇၄ အစရှိတဲ့ တပ်ရင်းလက်အောက်ခံတပ်ဖွဲ့ဝင်တွေပါဝင်ပြီး အင်အား ၄၀၀ ကျော်က အလှည့်အပြောင်းနဲ့ တိုက်နေတယ်လို့ ဆိုပါတယ်။  ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရတာ ရှိမရှိတော့ မစိစစ်ရသေးဘူးလို့ ဆိုပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ခိုလမ်မြို့မှာရှိတဲ့ RCSS ဆက်ဆံရေးရုံးကတော့ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တာဝန်ရှိသူဆီအကြောင်းကြားထားတယ်လို့ သိရပါတယ်။  

ဒီပစ်ခတ်မှုဟာ ယုံကြည်မှုပျက်ပြားစေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပါ ထိခိုက်နိုင်တဲ့ အတွက်  နှစ်ဦးနှစ်ဘက် အမြန်ဆုံးတွေ့ဆုံဆွေးနွေး သင့်တယ်လို့ ဆိုပါတယ် ။ 

သူတို့အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားပြီး UPDJC  ပြည်ထောင်စုငြိမ်းချမ်းမှု ဆွေးနွေးရေး ပူးတွဲကော်မတီ အစည်းအဝေးနဲ့ JMC ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ အစည်းအဝေးတွေ ဆက်သွားဖို့  ဒီလ ၂၄ ရက်နေ့ ဗဟို ကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ထားပေမယ့်လည်း တပ်မတော်ကလာရောက် ပစ်ခတ်တဲ့ကိစ္စ မဖြေရှင်းနိုင်ရင်တော့ အဆိုပါဆုံးဖြတ်ချက်ကို ပြန်သုံးသပ်ရမယ်လို့ ဗိုလ်မှူးကြီး အုမ်ခေးက ပြောပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ စတုထ္ထအစည်းအဝေးကို  သတ်မှတ်ထားတဲ့အချိန်ကာလထဲမှာ ကျင်းပနိုင်ဖို့နဲ့ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်ပြီးကျင်းပဖို့ ကြိုးစားနေကြချိန်မှာ ခုလိုပစ်ခတ်မှုတွေ ပေါ်ပေါက် လာတာဖြစ်ပါတယ်။ 

ရှမ်းပြည်တပ်မတော် RCSS/SSA ဟာ အစိုးရနဲ့ အန်စီအေ စာချုပ်လက်မှတ်ထိုးထားတာ ၄ နှစ်ကျော်ခဲ့ပြီ ဖြစ်ပေမယ့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆွေးနွေးပွဲမှာ တစ်ဆို့မှုတွေရှိနေဆဲဖြစ်ပြီး အောက်ခြေပိုင်းမှာလည်းထိတွေ့ ပစ်ခတ်မှုတွေ ရှိနေပါတယ်။

ဓာတ်ပုံ- TaiFreedomShan  

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013