
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပုသိမ်တက္ကသိုလ်မှာ ဖေဖော်ဝါရီ ၂၇ ရက် မနက်ပိုင်း က တတိယအကြိမ်မြောက် ရေသဘင်ပွဲတော်ကို တက္ကသိုလ်ဘောလုံးကွင်းအတွင်းမှာ ကျင်းပပါတယ်။
ပုသိမ်တက္ကသိုလ်မှာ ကျောင်းလာတက်ရတဲ့ အနယ်နယ်အရပ်ရပ်က ကျောင်းသား ကျောင်းသူတွေ ဆရာ ဆရာမတွေ နွေရာသီကျောင်းပိတ်ရက် နှုတ်ဆက်တဲ့အနေနဲ့ ပြုလုပ်တာဖြစ်ပြီး ရိုးရာဓလေ့ကို အလေးထားချစ်မြတ်နိုးစေဖို့ ထိန်းသိမ်းနိုင်ဖို့ရည်ရွယ်ပြီးတော့ သနပ်ခါးလူးတဲ့ အစီအစဉ်ပါထည့်သွင်းပြုလုပ်ခဲ့တာဖြစ်တယ်လို့ ပွဲကျင်းပရေးကော်မတီက မခင်စန္ဒာစိုးကပြောပါတယ်။
ပုသိမ်တက္ကသိုလ် သမိုင်းတတိယနှစ်ကျောင်းသူ ပုသိမ်မြို့အလှမယ် မသဇင်ခိုင်က "ဒီနှစ်မှာတော့ ရိုးရာဓလေ့ကို ထိန်းသိမ်းလိုတဲ့ ရည်ရွယ်ချက်နဲ့ သနပ်ခါးလူးပေး တဲ့အစီအစဉ်ပါထည့်သွင်းပြုလုပ်တာပါ။ သူငယ်ချင်း ကျောင်းသား ကျောင်းသူတွေ အပြန်အလှန် သနပ်ခါးလူးပေးရတာ ကြည်နူးစရာပါ၊ အတာရေကအေး သနပ်ခါးကအေးဆိုတော့ ပိုပြီးပျော်ဖို့ကောင်းပါတယ်"လို့ ပြောပါတယ်။
ရေသဘင်ပွဲတော်ကို အဆိုတော်တွေဖြစ်တဲ့ အိုအေစစ်၊ မီစန္ဒီတို့ လာရောက်သီဆိုဖျော်ဖြေ ခဲ့ပြီး ကျောင်းသားကျောင်းသူတွေက ယိမ်းအကတွေ သံချပ်တွေနဲ့ ဖျော်ဖြေခဲ့ကာ သင်္ကြန်မုန့်တွေ ဖြစ်တဲ့ မုန့်လုံးရေပေါ်၊ သာကူ၊ ဆန်ပြုတ်၊ မုန်လက်ဆောင်နဲ့ အခြားမုန့်တွေကိုလည်း ကျွေးမွေးဧည့်ခံခဲ့ပါတယ်။
ပုသိမ်တက္ကသိုလ် ဓါတုဗေဒဌာနက ကထိက ဆရာမဖြစ်သူ ဒေါ်ကြူကြူဝင်းက ရေသဘင်ပွဲနဲ့ပတ်သက်ပြီး “ကျောင်းသား ကျောင်းသူတွေ ပျော်နေတာ မြင်ရတော့ ကျမတို့လည်း ပျော်ရပါတယ်၊ ကျမတို့ ခေတ်က ဒီလိုခံစားလို့ရတဲ့ အခြေအနေတွေ မရှိခဲ့ပါဘူး။ ခုလည်း ဆရာနဲ့ တပည့်ပူးပေါင်းစီစဉ်နေတော့ ပိုကောင်းပါတယ်” လို့ ပြောပါတယ်။
ပုသိမ်တက္ကသိုလ်မှာ ရေသဘင်ပွဲတော်ကို ၂၀၁၈ ခုနှစ်ကစတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီနှစ် တတိယအကြိမ်မြောက်ကျင်းပတဲ့ ရေသဘင်ပွဲတော်ကို ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးတက်ရောက်ခဲ့ပြီး ပုသိမ်တက္ကသိုလ်ပေါမောက္ခချုပ် ဒေါက်တာစီစီလှဘူးနဲ့ တာဝန်ရှိသူတွေက ဖွင့်လှစ်ပေးခဲ့ပါတယ်။
မင်းထက်မုန်း (ပုသိမ်)










