DVB Logo
Home
မြန်မာသတင်း
ဘာသာရပ်များကို မိခင်ဘာသာဖြင့် သင်ကြားပါက ပိုတိုးတက်မည်
DVB
·
March 14, 2013
Donate to DVB

တိုင်းရင်းသားကလေးတွေအနေနဲ့ ဘာသာရပ်တွေ သင်ကြားရာမှာ မိခင်ဘာသာစကားနဲ့ သင်ကြားခွင့်ရမယ်ဆိုရင် ကျောင်းသားတွေ ပိုမိုနားလည်လွယ်ကူပြီး အတွေးအခေါ်ပိုင်းနဲ့  တီထွင်ကြံဆမှု အပိုင်းတွေမှာ ပိုတိုးတက်လာမယ်လို့ တိုင်းရင်းသားစာပေပညာရှင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနက သက်ဆိုင်ရာ တိုင်းရင်းသားစာပေတွေကို စာသင်ကျောင်းတွေမှာ တရားဝင်သင်ကြားခွင့်ပြုလိုက်တာကို လက်ခံကြိုဆိုပေမယ့်လည်း ဒါဟာ မိခင်ဘာသာတတ်မြောက်ရေးအတွက်သာ ဖြစ်တယ်လို့ ၀ါရင့်ပညာရေးဝန်ထမ်း အထက်မြန်မာပြည် အခြေခံပညာဦးစီးဌာနရုံးချုပ် အငြိမ်းစား ညွှန်ကြားရေးမှူး နိုင်ငွေသိန်းက ပြောပါတယ်။

တိုင်းရင်းသား ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ သင်္ချာ၊ သိပ္ပံနဲ့ ပထ၀ီစတဲ့ ဘာသာရပ်တွေကို   မြန်မာစာနဲ့ မသင်ဘဲ မိခင်တိုင်းရင်းသားစာပေနဲ့သာ သင်ကြားခွင့် ရမယ်ဆိုရင် ပညာကို လက်တွေ့ကျကျ အသုံးချနိုင်ပြီး တိုးတက် ဖွံ့ဖြိုးစေမယ်လို့ သူက ခုလို ပြောပါတယ်။

“နားမလည်တဲ့ဘာသာစကားနဲ့ သင်တာ တိုင်းရင်းသားကလေးက မြန်မာကလေးလောက် ဘယ်တော့မှ နားလည်မှာမဟုတ်ဘူး။ အကယ်ဒမစ်ကို သူ့မိခင်စကားနဲ့သင်ပါ။ ဘာပဲသင်သင် သူနားလည်မယ်။ သင်ရိုးအသစ်ဆွဲရမယ်။ သင်ရိုးသည် အရေး၊ အဖတ်၊ အပြော၊ နားထောင်စွမ်းရည်တွေအကုန်လုံး မူလတန်းပြီးရင် ဘယ်ကလေးမဆို ချင်းကလေး၊ ကရင်ကလေး စသည်ဖြင့် အားလုံးက ကျွမ်းနေရမယ်ဆိုတဲ့အနေအထား ဖြစ်အောင်ကို သင်ပေးရမယ်။ ”

တိုင်းရင်းသား သင်ရိုးညွှန်းတမ်းတွေဟာ မိမိ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံတွေပေါ် အခြေခံရမှာ ဖြစ်တယ်။   မြန်မာစာနဲ့ မြန်မာစကားကိုတော့  ရုံးသုံး၊ ဘုံသုံးစာပေနဲ့ စကားအဖြစ်၊ အင်္ဂလိပ်ဘာသာကိုလည်း  နိုင်ငံတကာသုံး ဘာသာစကားအဖြစ် သင်ယူရမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဗဟို ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးစိုင်းခမ်းစင်ကလည်း တိုင်းရင်းသားဒေသက ကလေးတွေဟာ  မြန်မာစာနဲ့ သင်တဲ့ဘာသာရပ်ကို အလွတ်ကျက်နိုင်ပေမယ့် အဓိပ္ပာယ်ကိုတော့ နားမလည်ကြဘူးလို့ ပြောပါတယ်။

“လက်သည်းခြေသည်း ရှည်တဲ့အခါ အမြဲကြည့်နေရ ဖြတ်လိုက်ရ ဆိုတဲ့ စာပိုဒ်ကို မူလတန်းက သင်ခဲ့တယ်။ အဓိပ္ပာယ်နားမလည်ပါဘူး။ အလယ်တန်းရောက်မှ ဒီစကားဘာဆိုလိုလဲဆိုတာ ပြန်ဆိုတယ်။ အဓိပ္ပာယ်ကိုတော့ အထက်တန်းရောက်မှ နားလည်တာပေါ့လေ။ ကိုယ့်ဘာသာစကားမဟုတ်တော့ အလွတ်ကျက်ထားပေမယ့် နားမလည်ဘူးဆိုတဲ့ အဆင့်မှာရှိခဲ့ဖူးပါတယ်။ တိုင်းရင်းသားဘာသာ စာပေတွေဟာ မိမိတို့ရဲ့ သင်ကြားလိုတဲ့ အဆင့်ပေါ့လေ။ ဒေသဆိုင်ရာ လူမျိုးဆိုင်ရာ ဘာသာစကားကို လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်းနဲ့ သင်ယူနိုင်ခွင့်ရှိရင် အကောင်းဆုံးပါပဲ။”

ကရင်စာပေနဲ့ ယဉ်ကျေးမှုအသင်း (ရန်ကုန်)ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးစောလှထွန်းက “အရင်အစိုးရတွေတုန်းက တိုင်းရင်းသားစာပေသင်ကြားခွင့်ရှိတယ်လို့ ပြောတော့ ပြောတာဘဲ။ ဒါပေမယ့် ထိထိရောက်ရောက် အားပေးတာမျိုး မရှိဘူး။ တချို့နေရာမှာဆို တိုင်းရင်းသားစာကို သူပုန်စာလို့ပြောပြီး ဖမ်းတာဆီးတာတွေတောင် လုပ်ခဲ့တယ်။ ဒါကြောင့် တော်တော်များများက ကိုယ့်လူမျိုးစာပေထက် အန္တရာယ်လည်းကင်း၊ အလုပ်အကိုင်ရဖို့လည်း အခွင့်အရေးပိုသာတဲ့ မြန်မာစာနဲ့ အင်္ဂလိပ်စာတွေမှာ ပိုကြိုးစားကြတယ်။ ခေတ်အခြေအနေကလည်း အဲသလိုပေးခဲ့တယ်။ ဒီလိုနဲ့ တိုင်းရင်းသားစာအုပ်စာပေ ထုတ်ဝေနိုင်မှု အားနည်းပြီး  ဘာသာဗေဒပညာရပ်ဆိုင်ရာ စာပေတွေ ကောင်းကောင်း ဘာသာပြန်နိုင်မယ့် ရေးသားနိုင်မယ့် ပုဂ္ဂိုလ်တွေ ရှားပါးလာတယ်” လို့ ပြောပါတယ်။

ရခိုင်စာပေကတော့  လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော်ကတည်းက သင်ကြားခွင့်တွေ ပျောက်ကွယ်ခဲ့ပြီး  အခုအစိုးရခေတ်ရောက်မှ အခွင့်အလမ်းတွေ ပြန်ရလာတာလို့ ရခိုင်စာပေယဉ်ကျေးမှုနဲ့ သမိုင်းသုတေသီ ဒွါရ၀တီ အရှင်ကုသလက မိန့်ကြားပါတယ်။

“ဒီအခွင့်အရေးမျိုးက ဘုန်းကြီးတို့ နှစ်ပေါင်း ၂၂၈ နှစ် မရခဲ့ပါ။ ခေတ်အဆက်ဆက် အမြဲတမ်း တိုင်းရင်းသားစာပေတွေကို ဖိနှိပ်ခဲ့တယ်။ ရခိုင်ကလေးငယ်တွေ မြန်မာစာနဲ့သင်တာ အခက်အခဲအများကြီးရှိတာ တွေ့ရတယ်။ အပြင်မှာသင်တာထက် ကျောင်းတွင်းထဲသင်တာက ပိုခရီးရောက်တယ်လေ။ မသင်မနေရဆိုရင် ကလေးတွေ မရရအောင်ကြိုးစားမယ် မသိသိအောင် အားထုတ်မယ်ဆိုတော့ ပိုခရီးရောက်တယ်လေ။ ကျောင်းချိန်ပြင်ပမှာဆိုရင် သူက သင်ချင်သင်၊ မသင်ချင် မသင် အဲလိုဖြစ်နေတာကို။”

အစိုးရက တိုင်းရင်းသားစာပေသင်ကြားရေးမှာ တိုင်းရင်းသားစာပေကို တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ဆက်သွယ်သင့်တယ်လို့ ရှမ်းစာပေ သင်ရိုးညွှန်းတမ်းရေးဆွဲရေးကော်မတီဝင်တဦးဖြစ်သူ ဒေါ်နန်းဝိုးဆိုင်က ခုလို ပြောပါတယ်။

“တိုင်းရင်းသားစာပေသင်ကြားဖို့ တာဝန်ပေးတာဟာ တက္ကသိုလ်ကဆရာတွေကို ပေးတာများတယ်။ အဲဒီဆရာ၊ ဆရာမတွေက တိုင်းရင်းသားဘာသာစကားကို တကယ်တတ်ကျွမ်းတာမဟုတ်တော့ အခက်အခဲဖြစ်တယ်။ နိုင်ငံတော်အစိုးရကနေ တိုင်းရင်းသားစာပေ ဘာသာစကားတွေကို တကယ်အားပေးချင်တယ်ဆိုရင် တကယ့်တိုင်းရင်းသား ကိုယ်စားလှယ်တွေက ထောက်ခံရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ တိုက်ရိုက်ဆက်သွယ်ဖို့ သင့်တယ်လို့ ယူဆတယ်။ ဒါဆိုရင် အများကြီး ပိုအဆင်ပြေလာမယ်လို့ ယူဆတယ်။”

တိုင်းရင်းသားစာပေတွေ အစိုးရကျောင်းမှာ ကျောင်းချိန်ပြင်ပကနေ သင်ကြားခွင့်ပြုပြီး  အခြေပညာမူလတန်းအဆင့် သင်ရိုးညွှန်းတမ်းဖတ်စာအုပ် ထုတ်ဝေရေးအတွက် အစိုးရကလည်း ပံ့ပိုးကူညီနေတယ်လို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဒီလဆန်းပိုင်း နေပြည်တော်မှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားစာပေသင်ရိုးညွန်းတမ်း အကြိုညှိနှိုင်းစည်းဝေးပွဲမှာ ပြောကြားခဲ့ပါတယ်။

အခုနေချိန်ခါ ကချင်၊ ကရင်၊ ရခိုင်၊ ရှမ်း၊ မွန်၊ ချင်း၊ ကယား၊ ပအိုဝ်းနဲ့ ရှမ်းနီ စတဲ့ တိုင်းရင်းသား စာပေပညာရှင်အသီးသီးက သင်ရိုးညွှန်းတမ်းတွေ ပြုစုလျက်ရှိပြီး မတ်လကုန် နောက်ဆုံး ထားပြီးတော့ မူကြမ်းကို တင်ပြဖို့နဲ့ နောက်လာမယ့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှာ စတင်သင်ကြားဖို့၊  သင်ရိုးညွှန်းတမ်း ရေးဆွဲဖို့ လိုအပ်တဲ့ အခြားတိုင်းရင်းသားတွေလည်း လာရောက် ဆက်သွယ်နိုင်တယ်လို့ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013