DVB Logo
Home
မြန်မာသတင်း
မီးရှို့နှိပ်စက်ခံခဲ့ရသည့် ဆိုင်အကူကလေးငယ်အမှု တရားလိုကို မြောင်းမြရဲက ခေါ်ယူစစ်ဆေး
DVB
·
February 27, 2020
မီးရှို့နှိပ်စက်ခံခဲ့ရသည့် ဆိုင်အကူကလေးငယ်အမှု တရားလိုကို မြောင်းမြရဲက ခေါ်ယူစစ်ဆေး
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့က အသက် ၁၃ နှစ်အရွယ် ဆိုင်အကူလုပ်သား ကလေးငယ်ကို ဆီလောင်းမီးရှို့ခဲ့မှုနဲ့ ပတ်သက်ပြီး အမှုဖွင့်ခဲ့တဲ့ တရားလို ဧရာဝတီတိုင်း ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင် ဦးမြင့်ဌေးကို မြောင်းမြခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှာ သီးခြားအဖွဲ့ဖွဲ့ပြီး မနေ့က စစ်ဆေးမေးမြန်းခဲ့ပါတယ်။

ဆိုင်အကူကလေးငယ် မီးရှို့ခံခဲ့ရတာနဲ့ပတ်သက်ပြီး လပွတ္တာခရိုင်ရဲတပ်ဖွဲ့၊ လပွတ္တာမြို့ရဲစခန်းရဲ့ စုံစမ်းစစ်ဆေးမှုတွေက ပြည့်စုံလုံလောက်ခြင်း ရှိ မရှိသိရဖို့ မြောင်းမြခရိုင်ရဲတပ်ဖွဲ့က သီးခြားလွတ်လပ်တဲ့ အစီအစဉ်အနေနဲ့ စစ်ဆေးခဲ့တာလို့ တရားလို ဦးမြင့်ဌေးက ဒီဗွီဘီကိုပြောပါတယ်။

"လပွတ္တာမြို့မရဲစခန်းရဲ့ စစ်ဆေးမှုတွေ အမှုနဲ့ပတ်သက်ပြီး အမှုမဖွင့်ခင်ကာလက လပွတ္တာ ခရိုင်ရဲတပ်ဖွဲ့မှူးရဲ့ တင်ပြချက်တွေဟာ ကွဲလွဲနေတဲ့အတွက် ရဲတပ်ဖွဲ့အကြီးအကဲတွေအနေနဲ့ ဒီဖြစ်စဉ်အပေါ်မှာ သီးခြားလွတ်လပ်တဲ့အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးတဲ့ အဖြေကိုလည်းသိချင်လို့ စစ်ဆေး တာဖြစ်ကြောင်း နားလည်တယ်"

ခေါ်ယူစစ်ဆေးတဲ့အခြေအအနေကိုသိရဖို့ မြောင်းမြ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဦးမောင်မောင်စိုးကို မေးမြန်းကြည့်ရာမှာတော့  ဌာနတွင်း စစ်ဆေးတာဖြစ်လို့ ပြောလို့မရသေးဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက "ဖြစ်တာက လပွတ္တာခရိုင်မှာ ဖြစ်တယ်၊ ဒီဖြစ်စဉ်ကို ဘယ်လိုပေါ်ပေါက်လည်းဆိုတာကို သိချင်လို့ ဖြစ်စဉ်အမှန်ကို သိချင်တာကြောင့် တခြားခရိုင်ကိုစိစစ်ခိုင်းတာပါ" လို့ ဒီဗွီဘီ ကိုပြောပါတယ်။

ဆိုင်အကူအလုပ်သမားကလေးငယ်ကို ဆီလောင်းမီးရှို့ခဲ့တဲ့ ဆိုင်ရှင်အမျိုးသမီး အသက် ၃၆ နှစ်အရွယ် ဒေါ်ချိုချိုစန်းဆိုသူကို ဖေဖော်ဝါရီ ၂၄ ရက်က လပွတ္တာမြို့မရဲစခန်းမှာဖမ်းဆီးပြီး ရာဇသတ်ကြီး ပုဒ်မ ၃၂၆ နဲ့ အမှုဖွင့်ထားပါတယ်။

အသက် ၁၃ နှစ်အရွယ် ဆိုင်အကူကလေးမီးရှို့ခံခဲ့ရတာနဲ့ပတ်သက်ပြီး အမှုမှန် ပေါ်ပေါက်ရေးအတွက် လပွတ္တာ မြို့သူ မြို့သားတွေက ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကစတင်ကာ လူမှုကွန်ရက်တွင် ပရိုဖိုင်ပြောင်းတဲ့ကမ်ပိန်း စတင်ပြုလုပ်နေပါတယ်။

သတင်း- မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013