DVB Logo
Home
မြန်မာသတင်း
ကြေးနီစီမံကိန်းကြောင့် နစ်နာမှုများကို လျော်ကြေးငွေပေးရေး မနက်ဖြန်စမည်ဟု ဒေါ်စုပြော
DVB
·
March 14, 2013
ကြေးနီစီမံကိန်းကြောင့် နစ်နာမှုများကို လျော်ကြေးငွေပေးရေး မနက်ဖြန်စမည်ဟု ဒေါ်စုပြော
1 / 2
Donate to DVB

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြောင့် နစ်နာဆုံးရှုံးခဲ့တဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးငွေ ထပ်မံဖြည့်ဆည်းပေးဖို့ကိစ္စကို မနက်ဖြန်ကစပြီး စတင်လုပ်ဆောင်မယ်မယ်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဆားလင်းကြီးမြို့နယ် ဒီနေ့ စီမံကိန်းဧရိယာအတွင်းရှိ တုံရွာမှာ ရွာသားတွေက နစ်နာကြေးတွေနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ပြောကြားလိုက်တာပါ။

 

[caption id="attachment_37392" align="alignleft" width="263" caption="တုံရွာ သပိတ်စခန်းရှိ သံဃာတော်များနဲ့တွေ့ဆုံ"][/caption]

“အားလုံးကို အကောင်းဆုံးဖြစ်အောင် ပြောင်းရမယ်။ အစီရင်ခံစာထဲမှာ အပြည့်အစုံ ပြောထားပြီးသားပါ။ လျော်ကြေးငွေ ပြန်ပြီးဖြည့်ဆည်းပေးမယ့် ကိစ္စကို သေချာကြပ်မတ်သွားမယ်။ ဖြည့်ဆည်းပေးမယ် ဆိုတာ နောက်လမဟုတ်ဘူး။ မနက်ဖြန် ၁၅၊ ၁၆၊ ၁၇ ရက်နေ့တွေမှာ အုပ်ချုပ်ရေးမှူးတွေက ကွင်းဆင်းမယ်။ ပြီးတော့ လျှောက်လွှာတွေ တင်ရမယ်။ ဘယ်တုန်းက ဘယ်လောက်ယူခဲ့လဲ၊ မပေးခဲ့ဘူးဆိုရင်လည်း လျော်ကြေးကို ရအောင် လုပ်ပေးမယ်။”

လက်ပန်းတောင်းအရေးလှုပ်ရှားသူတွေကတော့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေးကိုသာ လိုလားကြောင်းနဲ့ ကုမ္ပဏီက ၃ နှစ်စာ သီးနှံလျော်ကြေးသာ ပေးခဲ့တာဖြစ်ပြီး မြေယာလျော်ကြေးမဟုတ်ကြောင်း အခိုင်အမာ ပြောဆိုနေကြပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က သပိတ်စခန်းတွေကို ဖြိုခွင်းရာမှာ အသုံးပြုခဲ့တဲ့ မီးလောင်ဗုံးနဲ့ ပတ်သက်ပြီးလည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

“အပြစ်ရှာပြီး တရားခံရှာနေတာ မဟုတ်ဘူးဆိုပြီး အစကတည်းက ပြောထားပြီးပြီ။ နောက်ကျလို့ရှိရင် ဒီလို ပြဿနာမျိုးမဖြစ်အောင် သေသေချာချာ ဂရုစိုက်ရမယ်။ မီးလောင်ဗုံးနဲ့ မီးခိုးဗုံး ဘာကွာလဲဆိုတော့ မီးခိုးဗုံးဆိုတာ ဟင်းလင်းပြင်မှာ သုံးရမယ့်ကိစ္စပါ။

“ဒါက အစီရင်ခံစာထဲမှာ အားလုံးပါပြီးပြီ။ ဟင်းလင်းပြင်မဟုတ်ဘဲ တာပေါ်လင်နဲ့ အုပ်ထားတဲ့နေရာမှာသုံးတဲ့အခါ မီးစလေးတွေထပေါက်ပြီး မီးလောင်သွားတတ်တယ်။ မီးစကနေမီးလောင်တယ်၊ တာပေါ်လင်နဲ့ ထိပြီးမီးလောင်တယ်။ ဟင်းလင်းပြင်မှာသုံးရင် ဘာမှမဖြစ်ဘူး။ မီးခိုးဗုံးဆိုတာဟာ မီးမပါဘဲ မီးခိုးမထွက်ဘူး။ ပထမတော့ မီးစလေးတွေပေါက်တယ်။ မီးစကနေ မီးခိုးထွက်တယ်၊ ဒါမီးခိုးဗုံး။ အများကြီး တခါတည်း ပစ်တာများတော့ မီးလောင်ဗုံးဖြစ်သွားတယ်။”

သူရှင်းလင်းဆွေးနွေးနေတဲ့ တုံရွာဟာ မနှစ်သပိတ်စခန်း ဖြိုခွင်းခံရပြီးနောက်ပိုင်း အသစ်တည်ထားတဲ့ သပိတ်စခန်းဖြစ်ပြီး အဲဒီသပိတ်စခန်းကအင်အား ၄၀၀ ကျော်ဟာ မနေ့ကလည်း ၉ မိုင်ခရီးရှိတဲ့ ၀မ်ပေါင်ရုံးရှေ့ကို ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသမားတွေဟာ လွန်ခဲ့တဲ့ရက်ပိုင်းက လိပ်ခွံတောင်ပေါ်မှာလည်း သပိတ်စခန်းအသစ်တခု ဖွင့်လှစ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တုံရွာမှာ ဟောပြောပြီးတဲ့အခါ လိပ်ခွံတောင်ပေါ်က သပိတ် စခန်းဘက်ကိုလည်း သွားရောက်ဖို့ရှိသလို ညနေစောင်းကျရင် မုံရွာမြို့မှာ သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ ရှိတယ်ဆိုတာ ကြားသိရတယ်လို့ နယ်မြေခံ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမနက်ပိုင်းက ဆည်တည်ရွာသစ်မှာ နေရာချထားဆောက်လုပ်ပေးထားတဲ့ အိမ်တွေကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။

ဆည်တည်းရွာဟောင်းဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့လာရောက်တဲ့အခါ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတာကို မလိုလားတဲ့အတွက် လမ်းတချို့ကိုပိတ်ထားတာ တွေ့ရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာမှာ စီမံကိန်းလုပ်ခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးကျေးဇူးတွေ၊ ဖျက်သိမ်းလိုက်ခြင်းအားဖြင့် ရရှိလာမယ့် အကျိုးဆက်တွေအကြောင်း ပြည့်စုံစွာ ဖော်ပြထားပါတယ်။

မနေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ စီမံကိန်းဧရိယာတွေကို သွားရောက်ခဲ့ပြီး လက်ပန်းတောင် ကြေးနီ စီမံကိန်းကို မှန်မှန်ကန်ကန်လုပ်သွားရင် ဒေသခံတွေအတွက် သာမက တတိုင်းပြည်လုံးအတွက် အကျိုးရှိမယ်လို့ ယုံကြည်တဲ့အတွက် ဆက်ပြီးလုပ်ဖို့ အကြံပြုတာဖြစ်ကြောင်း ပြောကြားပါတယ်။

ဒီစီမံကိန်းကို အကောင်အထည်ဖော်လုပ်ဆောင်နေတဲ့ ဦးပိုင်ကုမ္ပဏီနဲ့ ၀မ်ပေါင်မိုင်းနင်းကော့ပါးကုမ္ပဏီတို့ကလည်း ကြိုဆိုကြောင်းနဲ့ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ လုပ်ဆောင်သွားမယ့်အကြောင်း ကြေညာချက် အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။ Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013