DVB Logo
Home
မြန်မာသတင်း
လွှတ်တော်တွင်း အော်ဟစ်ပြောဆိုသည့်ကိစ္စကို အရေးမယူဘဲ စိတ်ရှည်သည်းခံနေဟု နာယကပြော  
DVB
·
February 26, 2020
လွှတ်တော်တွင်း အော်ဟစ်ပြောဆိုသည့်ကိစ္စကို အရေးမယူဘဲ စိတ်ရှည်သည်းခံနေဟု နာယကပြော  
Donate to DVB

လွှတ်တော်တွင်း အော်ဟစ်ပြောဆိုခဲ့တဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ကို စီမံခန့်ခွဲမှုနည်းလမ်းအရရော၊ ဥပဒေအရရော အရေးယူနိုင်ပေမယ့် စိတ်ရှည်သည်းခံပြီး ဆောင်ရွက်ပေးနေတယ်လို့ ပြည်ထောင်စု လွှတ်တော်နာယက က ပြောကြားလိုက်ပါတယ်။ 

ဖေဖော်ဝါရီ ၂၅ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောကြားသွားတာပါ။

ဗိုလ်မှူးချုပ် အောင်စန်းချစ် အပါအဝင် တပ်မတော်ကိုယ်စားလှယ် ၁၄၄ ဦး လက်မှတ်ထိုးပြီး တင်သွင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေကြမ်းအပေါ် လေ့လာစိစစ်ရေးပူးပေါင်းကော်မတီက စိစစ်ပြီး တင်ပြထားတာမှာ စာသားတချို့ ကျန်ခဲ့တဲ့အတွက် ဗိုလ်မှူးချုပ်အောင်စန်းချစ်နဲ့ လွှတ်တော်နာယကတို့ အပြန်အလှန် ပြောဆိုနေစဉ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တဦးက အော်ဟစ်ပြောဆိုခဲ့တဲ့အတွက် အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“နာယကကြီးအနေနဲ့ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ စည်းကမ်းသေဝပ်မှုရှိစေရန် ထိန်းသိမ်းဖို့ တာဝန်ရှိပါတယ်။ ဒီလို ထိန်းသိမ်းဆောင်ရွက်တဲ့နေရမှာ နာယကကြီးအနေနဲ့ မိမိ ချမှတ်တဲ့အမိန့်တွေကို အတည်ပြုစေဖို့ အခွင့်အာဏာသုံးလို့ရတယ် ဆိုပေမယ့်လို့ ကနေ့ထိ ဒါတွေ သုံးစွဲခဲ့ခြင်း လုံးဝမရှိပါဘူး။ ဒါအားလုံးလည်း နားလည်ကြမယ်လို့ ယုံကြည်ပါတယ်။ နာယကအနေနဲ့ ဆောင်ရွက်နိုင်တဲ့အပိုင်းတွေ ရှိပါတယ်။ စီမံခန့်ခွဲရေးနည်းလမ်းအရ ဆောင်ရွက်လို့ရသလို ဥပဒေအရလည်း အရေးယူဆောင်ရွက်နိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။ ဒါပေမဲ့ နာယကအနေနဲ့ အားလုံး ဘယ်သူ့ကိုမဆို အားလုံး ချစ်ကြည်ရင်းနှီးစွာနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မိမိအနေနဲ့တော့ အတတ်နိုင်ဆုံး စိတ်ရှည်သည်းညည်းခံပြီး ဆောင်ရွက်ပေးနေတယ်ဆိုတာကို နားလည်သဘောပေါက်စေလိုပါတယ်”လို့ ဦးတီခွန်မြတ်က ပြောပါတယ်။

တပ်မတော်သားကိုယ်စားလှယ်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီးတော့လည်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဂုဏ်သိက္ခာနဲ့အညီ ပြုမူပြောဆိုဖို့နဲ့ စိတ်ဆန္ဒကိုပဲ ဦးစားပေး ဆောင်ရွက်ရင် မလိုလားအပ်တဲ့ ချစ်ကြည်ရင်းနှီးမှုတွေ ထိခိုက်လာနိုင်တဲ့ အနေအထားမျိုး ရှိတာကြောင့် ရုန့်ရင်းကြမ်းတမ်းတဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာများ မပြုဖို့ သတိပေးခဲ့ပါတယ်။

ဗိုလ်မှူးချုပ်အောင်စန်းချစ် တင်ပြတဲ့ကိစ္စဟာ မှန်ကန်ပြီး လွှတ်တော်ရုံးပိုင်းဆိုင်ရာက လိုအပ်ချက်ကြောင့် အခုလို စာသားတချို့ ကျန်ခဲ့အတွက် ပြန်လည်ပြင်ဆင်ဖြည့်စွက်ပေးသွားမယ်လို့လည်း လွှတ်တော်နာယက ပြောပါတယ်။

ဓာတ်ပုံ- ပြည်ထောင်စုလွှတ်တော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013