DVB Logo
Home
မြန်မာသတင်း
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေမူကြမ်း ရုပ်သိမ်းရန် တောင်းဆို
DVB
·
March 12, 2013
Donate to DVB

ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထုတ်ပြန်ကြေညာတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေမူကြမ်းကို ပြန်လည်ရုပ်သိမ်းပေးဖို့ သတင်းလွတ်လပ်ခွင့် ကော်မတီက တောင်းဆိုလိုက် ပါတယ်။

သတင်းလွတ်လပ်ခွင့်ကော်မတီ ပြောခွင့်ရသူ ဦးဇော်သက်ထွေးက ဒီဥပဒေမူကြမ်းဟာ မီဒီယာသမားတွေကို သွယ်ဝိုက်ထိန်းချုပ်မယ့်  အချက်အလက်တွေ ပါနေတာ တွေ့ရတယ်လို့ ပြောပါတယ်။

“ဖြန့်ဝေတဲ့အခါမှာ သတင်းအေဂျင်စီတွေ၊ သတင်းစာတွေ၊ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ မှတ်ပုံတင်အရာရှိဆီမှာ မှတ်ပုံတင်လုပ်ရမယ်ဆိုတာတွေ ပါဝင်သလို၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဝေဖန်ရေးသားတဲ့ အရေးအသားတွေကိုလည်း လိုက်နာရှောင်ကျဉ်ရမယ့် စည်းကမ်းချက်တွေလည်း ဖော်ပြထားတာရှိတယ်။ လွှတ်တော်ကတော့ အခု ပြစ်မှုပြစ်ဒဏ်ကတော့ ထောင်ဒဏ်ကိုဖျက်သိမ်းလိုက်ပြီ ဆိုပေမယ့် မီဒီယာလောကရဲ့ မှတ်ပုံတင်မယ့် အချက်အလက်တွေကို ကျနော်တို့က မှတ်ပုံတင်အရာရှိက ကိုင်ထားတယ်ဆိုတာ၊ အရင် စာပေစိစစ်ရေးတုန်းက လုပ်ထားသလိုပဲ ဆောင်ရွက်တာတွေ့ရပါတယ်။ ဒါကြောင့် မီဒီယာသမားတွေနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ပြီးတော့ ဒီဥပဒေဟာ မီဒီယာလောကသားတွေရဲ့ အကျိုးစီးပွားသာမကဘဲ ပြည်သူတွေရဲ့ အကျိုးစီးပွားပါ ထိခိုက်တယ်လို့ ယူဆလို့ ဒီနေ့ ညှိနှိုင်းဆွေးနွေးပြီး သဘောမတူကြောင်း ကြေညာချက်ထုတ်ပြန်တာ ဖြစ်ပါတယ်။”

အဲဒီအစည်းအဝေးကနေ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းများပါ အကျုံးဝင်မည့် စာနယ်ဇင်းကောင်စီက ရေးဆွဲထားတဲ့ မီဒီယာဥပဒေကြမ်းဟာ ပြည်သူလူထုအကျိုးစီးပွားကို အာမခံပါက ထောက်ခံမယ်၊ ဒီသဘောထားကြေညာချက်ကို သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံ ပေးပို့သွားမယ်လို့ ဆိုပါတယ်။

ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေမူကြမ်းကို ပြင်းထန်စွာ ကန့်ကွက်တဲ့ မျက်နှာစုံညီ ဆွေးနွေးပွဲကို အလံပြဘုရားလမ်းက ယုဇနဂါဒင်းဟိုတယ်မှာ ဒီနေ့ ကျင်းပပြုလုပ်ပြီး မီဒီယာလောကသားတွေက ထုတ်ပြန်ကြေညာလိုက်တာပါ။

ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း၊ မြန်မာနိုင်ငံ သတင်းစာဆရာများ သမဂ္ဂ၊ မြန်မာဂျာနယ်လစ်ကွန်ရက်နဲ့ သတင်းလွတ်လပ်ခွင့်ကော်မတီက ပုဂ္ဂိုလ်တွေ တက်ရောက်ကြသလို ၈၈ မျိုးဆက်ကျောင်းသား ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ပြည်တွင်း)၊ ဗကသများအဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်နဲ့ စိတ်ဝင်စားသူတွေ တက်ရောက် ဆွေးနွေးခဲ့ကြတာပါ။

ဒီဥပဒေကြမ်းကို တဖက်က ကန့်ကွက်ပြီး ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြသလို မြန်မာနိုင်ငံ စာပေထုတ်ဝေသူနဲ့ ဖြန့်ချိသူများအသင်းကတော့ ဒီဥပဒေကြမ်းကို ထောက်ခံကြောင်း သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

ဒီအသင်းရဲ့ထုတ်ပြန်ချက်မှာ ဒီဥပဒေမူကြမ်းဟာ စာအုပ်ထုတ်ဝေရေး လောကရဲ့ ရပ်တည်ရေးကို ဥပဒေကြောင်းအရ အထောက်အကူပြုတယ်။ အရင် ၁၉၆၂ ပုံနှိပ်ထုတ်ဝေသူများနဲ့ ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေနဲ့ ၁၉၃၁ ခုနှစ် ပုံနှိပ်သူများ (အရေးပေါ်အာဏာ) ဥပဒေတွေနဲ့ ယှဉ်ရင် ပိုမိုလွတ်လပ်ပျော့ပျောင်းပြီး လုပ်ကိုင်နိုင်ခွင့်တွေ ရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013