ဗင်နီဇွဲလားနိုင်ငံဟာ အမေရိကန်နဲ့ ၂၀၁၉ ခုနှစ်ကတည်းက ပြတ်တောက်နေတဲ့ သံတမန်ဆက်ဆံရေးကို ပြန်တည်ဆောက်ဖို့အတွက် ဒီအပတ်အတွင်းမှာပဲ ဝါရှင်တန်ကို သံတမန်အဖွဲ့တဖွဲ့ စေလွှတ်တော့မယ်လို့ ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂတ်ဇ်က မတ် ၂၄ ရက်က မြို့တော်ကရာကာ့စ်မှာ အတည်ပြုလိုက်ပါတယ်။
ဒီခရီးစဉ်မှာ သံတမန်အဖွဲ့ဟာ အမေရိကန်နဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်ဖို့အပြင် စွမ်းအင်၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုလို ကဏ္ဍတွေမှာ သဘောတူညီချက်တွေ ရရှိအောင် လုပ်ဆောင်သွားမဲ့အပြင် အမေရိကန်မှာနေတဲ့ ဗင်နီဇွဲလားနိုင်ငံသားတွေအတွက် ကောင်စစ်ဝန်ရုံး ဝန်ဆောင်မှုတွေ ပြန်စတင်ပေးဖို့၊ ပတ်စပို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးတာနဲ့ တရားဝင် စာရွက်စာတမ်း အတည်ပြုလုပ်ငန်းတွေကို ပြန်လည်စတင်နိုင်ဖို့လည်း ရည်ရွယ်ထားပါတယ်။
ကရာကာ့စ်မြို့မှာ ပြုလုပ်တဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေနဲ့ တွေ့ဆုံပွဲမှာ ယာယီသမ္မတ ရိုဒရီဂတ်ဇ်က ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူတွေကို တွေ့ဆုံပြီး ဗင်နီဇွဲလားမှာ ရင်းနှီးမြှုပ်နှံရင် ဥပဒေဘက်က အာမခံချက်နဲ့ နိုင်ငံရေးတည်ငြိမ်မှု ရှိတယ်လို့ ပြောပါတယ်။
နီကိုးလပ်စ်မာဒူရို ရာထူးက ဆင်းပေးခဲ့ရပြီးနောက်ပိုင်း အစိုးရသစ်အနေနဲ့ ဥပဒေကြောင်းအရ အကာအကွယ်ပေးမှာဖြစ်သလို နိုင်ငံရေးတည်ငြိမ်မှုကိုလည်း အာမခံနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အခုရှိနေတဲ့ အမေရိကန်ပိတ်ဆို့မှုတွေ မဖယ်ရှားဘူးဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာဖို့ ခက်ခဲမယ်လို့လည်း ပြောကြားပါတယ်။
အထူးသဖြင့် Chevron လို ရေနံကုမ္ပဏီကြီးတွေရဲ့ လုပ်ငန်းလည်ပတ်ခွင့် လိုင်စင်တခုတည်းနဲ့ မလုံလောက်ဘဲ ရေရှည် ရင်းနှီးမြှုပ်နှံမှုတွေအတွက် လိုအပ်တဲ့ နှစ်နိုင်ငံကြား ဥပဒေပိုင်းဆိုင်ရာ ညှိနှိုင်းမှုတွေကို ပြင်ဆင်ပြီး ဗင်နီဇွဲလားနဲ့ သူ့စီးပွားရေးအပေါ် ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့လိုတယ်လို့ ထရမ့်ပ်အစိုးရကို တိုက်ရိုက် တောင်းဆိုထားပါတယ်။
ပိတ်ဆို့မှုတွေကို အဆုံးသတ်လိုက်တာဟာ ဗင်နီဇွဲလားအတွက် အခွင့်အရေးတခုဖြစ်ပြီး စီးပွားရေးလုပ်ငန်း အသိုင်းအဝိုင်းအတွက် လက်တွေ့လိုအပ်ချက်တခု ဖြစ်တယ်လို့ ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂတ်ဇ်က အလေးပေး ပြောပါတယ်။
Source: Reuters










