DVB Logo
Home
ကျန်းမာရေး
စားရမှာ ကြောက်တဲ့ရောဂါ (Anorexia nervosa)
DVB
·
February 23, 2020
စားရမှာ ကြောက်တဲ့ရောဂါ (Anorexia nervosa)
Donate to DVB

ခေါင်းစဉ်ကိုကြည့်ပြီး စားရမှာ ကြောက်တဲ့သူဆိုတာ ရှိလို့လားလို့ မေးစရာရှိပါတယ်။ ထူးထူးဆန်းဆန်းပေမယ့် တကယ်ရှိပါတယ်။ ဆေးပညာအရတော့ ဒါဟာရောဂါတစ်မျိုးပါပဲ။ စားရမှာ ကြောက်တယ်ဆိုတဲ့နောက်ကွယ်မှာ အကြောင်းရင်းတွေအများကြီးရှိပါတယ်။ တကယ်တော့ စားရတာကို ကြောက်တာမဟုတ်ပါဘူး။ စားပြီးဝိတ်တက်လာမှာ၊ ဝလာမှာကိုကြောက်တာပါ။ ဒီရောဂါရှင်တွေက သူတို့ကို သူတို့ ဝိတ်မတက်အောင် အစားအစာကို နည်းမျိုးစုံနဲ့ ရှောင်ကြပါတယ်။ စားပြီးတာနဲ့ လက်ထိုးအန်တာ၊ ဝမ်းသွားအောင်ဆေးတွေသောက်တာ၊ ပိန်ဆေးတွေ သောက်တာ စသဖြင့် နည်းမျိုးစုံကို သုံးကြပါတယ်။ အလွန်အကျွံအစားရှောင်ပြီး ပိန်အောင်လုပ်ကြတာပါ။ ပိန်မှလှမယ်လို့ ထင်တဲ့ဒီခေတ်ကြီးမှာ နည်းမျိုးစုံနဲ့ ပိန်အောင်လုပ်ကြတဲ့အတွက် ကိုယ်မသိလိုက်ဘဲ ဒီရောဂါဖြစ်မလာဘူးလို့ မပြောနိုင်ပါဘူး။ ဒီလို အစားအသောက်ရှောင်ရာကနေ အာဟာရပျက်ပြီးသေနိုင်တဲ့အထိဖြစ်နိုင်တာကြောင့် သတိထားဖို့လိုပါတယ်။

စားရမှာ ကြောက်တဲ့သူတွေက ဘာလက္ခဏာပြမှာလဲ။


အပြင်ပန်းကြည့်ရင်တော့ အာဟာရပြတ်နေတဲ့သူနဲ့ တူပါတယ်။ ဒါပေမယ့် သူ့မှာ သေချာကြည့်ရင်တခြား စိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမူပိုင်းဆိုင်ရာ ပြဿနာရှိနေတာကို တွေ့ရမှာပါ။ ဒီမှာသတိထားရမှာက ပိန်တဲ့သူတိုင်း anorexia nervosaရှိနေတာမဟုတ်ပါဘူး။ တချို့ကျတော့လည်း သိပ်မပိန်ဘဲ ရောဂါရှိနေတာပါ။ သူတို့ရဲ့အဓိက ပြဿနာက ပိန်ချင်တယ်၊ သူတို့ကိုသူတို့ ဘယ်လောက်ပိန်ပိန် ထပ်ပိန်ချင်သေးတယ်။ ဒါကြောင့် အလွန်အကျွံအစားရှောင်ကြတယ်။

ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ

စိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမူပိုင်းဆိုင်ရာလက္ခဏာများ

  • အဆာခံတာ၊ ဘာမှမစားဘဲနေတာ

  • လေ့ကျင့်ခန်းအလွန်အကျွံလုပ်တာ

  • စားပြီးတာနဲ့ လက်ထိုးအန်တာ၊ ဝမ်းသွားအောင်ဆေးတွေသောက်တာ၊ ပိန်ဆေးတွေ သောက်တာ

  • သူများအတွက်တော့ စားဖို့ချက်ပေးတယ်၊ သူကိုယ်တိုင်တော့ မစားဘူး

  • အစာစားဖို့ငြင်းဆန်တာ

  • အဆီနည်း၊ ကယ်လိုရီနည်းတာပဲ စားတာ

  • တစ်ခါတစ်လေ ဝါးပြီးမျိူမချဘဲ ထွေးထုတ်တာ

  • လူကြားထဲမှာအစာမစားတာ

  • ခဏခဏပေါင်ချိန်တာ

  • သူ့ခန္ဓာကိုယ်က အဆီများကြောင်းမကြာခဏငြီးငြူတာ

  • ပိန်နေတာကို ထပ်ပိန်ဖို့ကြိုးစားတာ

  • ဝတာမသိသာအောင် အဝတ်ထူထူဝတ်တာ

  • စိတ်ဓာတ်ကျတာ

  • အပေါင်းအသင်းတွေကိုရှောင်တာ

  • လိင်စိတ်နည်းတာ စတာတွေဖြစ်တတ်ပါတယ်။


ဘာလို့ဖြစ်ရတာလဲ။


ဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ သေချာမသိကြသေးပါဘူး။ တခြားရောဂါတွေလိုပဲ မျိုးရိုးဗီဇ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်ဝန်းကျင်အချက်တွေအများကြီးသက်ဆိုင်နေပါတယ်။

  • မျိုးရိုးဗီဇ- သေချာမပြောနိုင်သေးပေမယ့် တချို့မျိုးရိုးဗီဇရှိတဲ့သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ တချို့မျိုးဗီဇတွေက ကိုယ့်ကိုယ်ကို ပြည့်စုံချင်လွန်းတဲ့ဘက်ကို ဦးတည်နေပါတယ်။ ဒီလိုလူတွေမှာတွေ့ရတတ်ပါတယ်။

  • စိတ်ပိုင်းဆိုင်ရာ- Anorexia nervosaရှိတဲ့သူတွေက တစ်ခုခုကို မလုပ်ရမနေနိုင်အောင် စွဲလမ်းနေတာမျိုး (obsessive-compulsive personality)နဲ့ ဆက်စပ်နေကြပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲဆာဆာ မစားဘူးဆိုပြီး ခေါင်းမာနေကြတာပါ။

  • ပတ်ဝန်းကျင်ဆိုင်ရာ- ခုခေတ်မှာက ပိန်မှလှတာလို့ အများစုကယူဆကြတဲ့အတွက် ပိန်တာကို အောင်မြင်မှုတစ်ခုလို သတ်မှတ်ပြီး ကြိုးစားနေကြပါတယ်။ ပတ်ဝန်းကျင်မှာ  ကိုယ့်သူငယ်ချင်းတွေ အပြိုင်အဆိုင်ပိန်ချင်နေကြတဲ့အတွက် ကိုယ့်အတွက် ဖိအားတစ်ခုဖြစ်လာပါတယ်။


နောက်ဆက်တွဲဆိုးကျိုးများ


Anorexia nervosarမှာ ဆိုးကျိုးတွေအများကြီးရှိပါတယ်။ သေနိုင်တဲ့အထိဖြစ်သွားနိုင်ပါတယ်။ အဆိုးဆုံးကတော့ ကိုယ်မှာရှိတဲ့ ဓာတ်ဆားတွေ မမျှတဘဲ နှလုံးခုန်မမှန်တာကြောင့် ရုတ်တရက်သေဆုံးတာပါ။  တခြားဆိုးကျိုးတွေကတော့

  • သွေးအားနည်းတာ

  • နှလုံးအလုပ်မလုပ်နိုင်တာ

  • အရိုးကျိုးလွယ်တာ

  • ကြွက်သားတွေသေးတာ

  • အမျိုးသမီးတွေမှာ ရာသီပျောက်သွားတာ

  • အမျိုးသားတွေမှာ တက်စတိုစတီရုန်းနည်းသွားတာ

  • အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတွေဖြစ်တာ

  • ကိုယ်တွင်းဓာတ်ဆားတွေမမျှတတာ

  • ကျောက်ကပ်ပျက်စီးတာတွေထိဖြစ်နိုင်ပါတယ်။


အစာမစားချင်တဲ့ ရောဂါသိပ်ဆိုးလို့ အာဟာရချို့တဲ့လာရင် ကိုယ်တွင်းအင်္ဂါတွေပျက်စီးလာနိုင်ပါတယ်။ ဒါက အစာမစားချင်တဲ့ရောဂါကုသပြီးရင်တောင် နာလန်ပြန်ထဖို့ ခက်ခဲပါတယ်။ ဒီလိုရောဂါတွေအပြင် စိတ်ပိုင်းဆိုင်ရာရောဂါတွေဖြစ်တဲ့ စိတ်ကျတာ၊ အရက်စွဲ၊ ဆေးစွဲတာ၊ ကိုယ့်ကိုယ်ကို သတ်သေချင်တဲ့ စိတ်ဖြစ်တာ စတာတွေ ဖြစ်လာနိုင်ပါတယ်။

ဘယ်လိုကုသကြမလဲ။


တကယ်တော့ ဒီရောဂါက ရုပ်ပိုင်းဆိုင်ရာရောဂါချည်းသက်သက်တော့မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုလည်းပါဝင်ပါတယ်။ ဒါကြောင့်

  • စိတ်ရောဂါဆရာဝန်နဲ့ ဆွေးနွေးတာ

  • စိတ်ကျရောဂါသောက်ဆေးတွေ၊ စိတ်ငြိမ်ဆေးတွေပေးတာ

  • အာဟာရဆရာဝန်နဲ့ ပြသတာ

  • လိုအပ်ရင်ဆေးရုံတက်ပြီးကုသမှုခံယူတာ

  • မိသားစုနဲ့ ပတ်ဝန်းကျင်က ဖေးမကူညီတာ စတာတွေလိုအပ်ပါတယ်။


ရေးသားသူ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013