
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်၊ တက္ကနဖ်မြို့နယ်ရှိ ဒုက္ခသည်စခန်းတခုက ရိုဟင်ဂျာ လူငယ်တယောက်ကို ပါကစ္စတန်နိုင်ငံရှိ တာလီဘန် စစ်သွေးကြွအဖွဲ့တဖွဲ့နဲ့ ဆက်စပ်တဲ့ WhatsApp group မှာ တွေ့ရှိခဲ့လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းစာတွေက ရေးပါတယ်။
တက္ကနဖ်မြို့နယ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် မဟ်မူဒူလ္လာ ကို ပါကစ္စတန် စစ်သွေးကြွအဖွဲ့ Tehrik-i-Taliban Pakistan (TTP)ရဲ့ WhatsApp group မှာ ပြောဆိုရေးသားတာတွေကို တွေ့ရှိခဲ့တာကြောင့် မေ ၄ ရက်မှာ တက္ကနဖ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာလို့ ကော့ဇ်ဘဇားမြို့နယ် ရဲတပ်ဖွဲ့မှူး မိုဟာမတ် အိုဟီဒူရ်ရာမန်က မီဒီယာတွေကို ပြောပါတယ်။
လက်ရှိမှာ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာလူငယ်ကို TTP နဲ့ ဆက်နွှယ်ပတ်သက်မှုရှိတယ်ဆိုတဲ့ အချက်အလက်တွေနဲ့ ထိန်းသိမ်းထားတာဖြစ်ပြီး အကြမ်းဖက်မှုတားဆီးရေး ဥပဒေတွေနဲ့ အမှုဖွင့်ထားတယ်လို့လည်း ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။
တက္ကနဖ်ရဲစခန်းတာဝန်ခံ ဆိုင်ဖူအစ္စလာမ်ကလည်း သံသယရှိသူဟာ TTP အဖွဲ့ကို ထောက်ခံသူ ဖြစ်တယ်လို့ မီဒီယာတွေကို ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ လူငယ်ဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ “Ayatullah BD Ahammed” အမည်ရှိတဲ့ နာမည်အမည်တုနဲ့ လှုပ်ရှားနေသူဖြစ်ပြီး သူနဲ့ TTP အဖွဲ့တို့ ဆက်နွှယ်မှုတွေကို နည်းပညာမြင့် သတင်းအချက်အလက် ဖော်ထုတ်မှုတွေကတဆင့် ရှာဖွေတွေ့ရှိခဲ့ကြတာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒါ့အပြင် သူ့ကို စုံစမ်းစစ်ဆေးရေးမှူးတွေက ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA အဖွဲ့နဲ့လည်း ဆက်စပ်မှုတွေ ရှိနိုင်တယ်လို့ ယူဆချက်တွေ ရှိနေကြတယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းစာတွေက ရေးကြပါတယ်။
Tehrik-i-Taliban Pakistan (TTP) အဖွဲ့ကို ပါကစ္စတန်နိုင်ငံမှာ ၂၀၀၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ပါကစ္စအစိုးရကို ဖြုတ်ချကာ အစ္စလာမ်ဘာသာရေးနဲ့ အုပ်ချုပ်ရေးကို အစားထိုးဖို့ အစိုးရကို တိုက်ခိုက်နေတဲ့ အကြမ်းဖက်အဖွဲ့စာရင်းသွင်းခံထားရတဲ့ စစ်သွေးကြွအဖွဲ့တခုလည်း ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေ အခြေကုပ်ယူထားကြတာကြောင့်လည်း စခန်းအတွင်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ မကြာခဏရှိနေကြတယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ပြောပါတယ်။
Ref: The Daily Star၊ The Business Standard










