DVB Logo
Home
မြန်မာသတင်း
ကေအိုင်အိုနှင့် အစိုးရ တိုက်ပွဲများ ဆက်လက်လျှော့ချရေး သဘောတူ
DVB
·
March 12, 2013
ကေအိုင်အိုနှင့် အစိုးရ တိုက်ပွဲများ ဆက်လက်လျှော့ချရေး သဘောတူ
1 / 2
Donate to DVB

ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) နဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ဟာ မတ် ၁၁ ရက်နေ့ ညပိုင်းထိ ဆွေးနွေးခဲ့ပြီး ပြဿနာဖြစ်ပွားနိုင်တဲ့ ဒေသက တပ်ကိစ္စနဲ့ တိုက်ပွဲတွေ ဆက်ပြီးလျှော့ချဖို့အတွက် အောက်ခြေတပ်ထိ ညွှန်ကြားသွားဖို့ သဘောတူခဲ့ပါတယ်။

အရင်ဆွေးနွေးပွဲ သဘောတူချက်အရ တိုက်ပွဲအရှိန်တွေ လျှော့ချနိုင်ခဲ့ပေမယ့်လည်း လုံးဝရပ်တန့်သွားဖို့အတွက် နောက်ထပ် ဆက်ပြီး လျှော့ချသွားမှာဖြစ်ပြီး ပြဿနာဖြစ်ပွားနိုင်တဲ့ ဒေသတွေမှာလည်း နှစ်ဘက် တပ်ဆိုင်ရာကိစ္စတွေကို ဆက်ညှိနှိုင်းမယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲတက်ရောက်ခဲ့သူ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ရဲ့ ဦးလမိုင်ဂွမ်ဂျာက

[caption id="attachment_37309" align="alignright" width="300" caption="မတ်လ ၁၁ ရက်နေ့က ရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (Photo_ U Ye Htut) "][/caption]

“ဖေဖော်ဝါရီ ၄ ရက်နေ့က တိုက်ပွဲတွေအရှိန်လျှော့မယ်ဆိုပြီး နှစ်ဦးနှစ်ဖက် သဘောတူကြေညာချက်ထုတ်တဲ့အပိုင်းမှာပေါ့လေ။ အရင်တုန်းကလို စစ်ရှိန်မြှင့် တိုက်ခိုက်တာမဟုတ်ဘဲ ကြိုကြားပေါ့လေ။ အရင်တုန်းကဖြစ်တာထက်စာရင်တော့ တော်တော်လေး လျော့ကျသွားတဲ့ သဘောပါ။ အခုလည်း စစ်ရှိန်လျော့သထက် လျော့အောင် နှစ်ဦးနှစ်ဖက်လျှော့ချဖို့ သဘောတူလက်မှတ်ရေးထိုးတဲ့ သဘောပါ” လို့ ပြောပါတယ်။

ဒါအပြင် ပဋိပက္ခဖြစ်ပွားတဲ့ ရှေ့တန်းစစ်မြေပြင်တွေကို ကွင်းဆင်းလေ့လာစောင့်ကြည့်ဖို့ နှစ်ဘက်စောင့်ကြပ်ရေးရုံးတွေ ထားရှိရေး သဘောတူခဲ့ကြပါတယ်။

စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ အပြန်အလှန် လေးစားနားလည်မှု၊ ယုံကြည်မှုနဲ့ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်နိုင်တဲ့အထိ   ဆောင်ရွက်မယ်လို့ ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက် ဆွေးနွေးပွဲနဲ့ ဒီတခေါက် ဆွေးနွေးပွဲက သဘောတူချက်တွေ ဆက်ပြီး အကောင်အထည်ဖော်သွားမှာဖြစ်ပြီး နောက်တကြိမ် ဆွေးနွေးပွဲကို ၂၀၁၃ ခုနှစ် ဧပြီလမတိုင်ခင် ကျင်းပဖို့လည်း သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲ သဘောတူချက်တွေကို အစိုးရဘက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုး၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်နဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ်  ဦးလဂျွန်ငန်ဆိုင်း တို့က လက်မှတ်ရေးထိုးခဲ့တယ်။

ကေအိုင်အိုဘက်က ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆွမ်လွတ်ဂွမ်၊ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ ဗဟိုအုပ်ချုပ်ရေးဌာန ဒုတိယတာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရော်၊ ဗိုလ်မှူးကြီး လဖိုင်လနဲ့ ဗိုလ်မှူးကြီးခွန်နောင်တို့ လက်မှတ်ထိုးခဲ့ပါတယ်။

ဒါအပြင်  တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက သံမှူး မစ္စတာဝမ်ဇုန်းရင်နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ(ယူအန်အက်ဖ်စီ)က ကိုယ်စားလှယ် ၄ ဦးဖြစ်ကြတဲ့ ပီအန်အယ်လ်အို ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊  မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်၊ ကေအန်ယူ ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ် သာကပေါနဲ့ ကေအန်ပီပီ အထွေထွေအတွင်းရေးမှူး ခူဦးရယ် တို့ လက်မှတ်ထိုးခဲ့တယ်။

ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့က ဗိုလ်မှူးကြီးစိုင်းလူးနဲ့ ဗိုလ်ကြီးစိုင်းဦး၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့က ဗိုလ်မှူးကြီးစိုင်းထူး၊ ဗိုလ်မှူးဘထွန်းနဲ့ အန်ဒီအေအေ မိုင်းလားအဖွဲ့က ဦးအိုက်ဆိုင်လားနဲ့ ဦးခမ်းမောင်တို့ကလည်း  အသိသက်သေတွေအဖြစ် လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီတခေါက်ဆွေးနွေးပွဲဟာ အပစ်အခတ်ရပ် သဘောတူလက်မှတ်ရေးထိုးတာ မဟုတ်သေးဘဲ တိုက်ပွဲတွေ အရင်လျှော့ချဖို့ ဖြစ်ကြောင်း၊ လာမယ့်ဆွေးနွေးပွဲကျရင်တော့ အစိုးရဘက်က ချပြထားတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလမ်းစဉ်အရ အပစ်အခတ်ရပ်ရေး၊ နယ်မြေသတ်မှတ်ရေးနဲ့ ဆက်ဆံရေးရုံးဖွင့်လှစ်ရေးကိစ္စတွေ ဆက်ဆွေးနွေးနိုင်မယ်လို့ ယူဆကြောင်း ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

“အပစ်အခတ်ရပ်စဲရမှသာလျှင် ငြိမ်းချမ်းရေး စကားပြောလို့ရမယ်ဆိုတာကို ကေအိုင်အိုက မူအရ လက်ခံပြီ။ ဆက်ဆံရေးရုံးတွေ ထားရှိရမယ်။ နောက် စစ်ရှောင်ဒုက္ခသည်စခန်းတွေ ပြန်လည် ထူထောင်ဖို့ ပြောတာရှိတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် စစ်ရှိန်တွေလျော့မှဖြစ်မယ်။ စစ်ရှိန်တွေလျော့မှ နှစ်ဦးနှစ်ဖက်ယုံကြည်မှုရှိလာပြီဆိုရင်တော့ အပစ်အခတ်ရပ်စဲရေး ပြန်ဆွေးနွေးသွားမှာဖြစ်တယ်။”

ကေအိုင်အိုနဲ့ အစိုးရတပ်တွေဟာ ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်နေ့ကစပြီး တိုက်ပွဲတွေ   ပြန်ဖြစ်ခဲ့ပြီးနောက်ပိုင်း ပစ်ခတ်မှုတွေ ရပ်တန့်ဖို့၊ နိုင်ငံရေးဆွေးနွေးဖို့အတွက် အလွတ်သဘောအနေနဲ့ရော၊ တရားဝင်ပါ တွေ့ဆုံဆွေးနွေးခဲ့တာ ၈ ကြိမ် ရှိပြီ ဖြစ်ပေမယ့် တိုက်ပွဲတွေ ကြိုကြားကြိုကြား ဆက်လက်ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013