DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီဝယ်ယူမှု ကန့်သတ်ချက်ကြောင့် တောင်သူများ အခက်ကြုံ 
DVB
·
March 18, 2026
Photo:DVB
Photo:DVB
Donate to DVB

စစ်ကောင်စီက စက်သုံးဆီဝယ်ယူခွင့် ကန့်သတ်ထားလို့ စိုက်ပျိုးရေးလုပ်ကိုင်တဲ့ တောင်သူတွေ အနေနဲ့ ဆီဝယ်ယူရတာ ခက်ခဲနေပြီး စိုက်ခင်းတွေ ရေမသွင်းနိုင်၊ မရိတ်သိမ်းနိုင်တဲ့အခြေအနေတွေ ဖြစ်နေကြပါတယ်။

မတ် ၁၁ ရက်ကစပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တို့မှာ အများပြည်သူတွေကို တရက် တကြိမ်သာ စက်သုံးဆီ ဝယ်ခွင့်ပြုမယ်လို့ စစ်ကောင်စီစွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန် လိုက်ပါတယ်။

စက်သုံးဆီအရောင်းဆိုင်တွေမှာ တရက်အတွင်း ၂ ကြိမ် ဒါမှမဟုတ် ၃ ကြိမ် တန်းစီဝယ်ယူမှု မရှိစေဖို့ ကားတွေအတွက် Wheel Tax ရဲ့ ဘားကုတ်၊ ဆိုင်ကယ်တွေအတွက် Wheel Tax ပါ အချက်အလက် တွေကို အသုံးပြုပြီး QR Code ထုတ်ပေးတာ၊ Application နဲ့ အလိုအလျောက် စစ်ဆေးတဲ့ နည်းလမ်းနဲ့ စိစစ်ရောင်းချပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလို ကန့်သတ်ချက်တွေနဲ့အတူပဲ ဧရာဝတီတိုင်းမှာတော့ လယ်ယာလုပ်ငန်းခွင်တွေမှာ အသုံးပြုတဲ့ ထွန်စက်၊ ရိတ်စက်၊ ရေစုပ်စက်တွေကိုတော့ လယ်ယာပိုင်ဆိုင်ခွင့် ထောက်ခံစာနဲ့မှ ဆီဝယ်ယူခွင့် ပေးတယ်လို့ တောင်သူတွေက ပြောပါတယ်။

လက်ရှိမှာတော့ ဆည်တွေနဲ့နီးတဲ့ ဧရာဝတီတိုင်း မြန်အောင်မြို့နယ်၊ မန္တလေးတိုင်းမှာတော့ ဆည်တော်ကြီးနဲ့နီးတဲ့မြို့နယ်တွေ၊ နေပြည်တော်ဝန်းကျင်နဲ့ ဆည်ရေသွင်းနိုင်တဲ့ဒေသတွေမှာ မိုးကြို စပါးတွေ စိုက်ပျိုးနေတယ်လို့ သိရပါတယ်။

တောင်သူတွေမှာ စပါးဈေးကျလို့ အရှုံးပေါ်တဲ့အပြင် ဆီဝယ်ယူရတာ ခက်ခဲလို့ မိုးကြို စပါးစိုက် တောင်သူ တချို့ကတော့ သူတို့ရဲ့ စိုက်ခင်းတွေ ရေသွင်းတာကို ရပ်နားလိုက်ပြီလို့ တောင်သူတွေက ပြောပါတယ်။

လယ်ယာလုပ်ငန်းခွင်ကနေ သွားရောက်ပြီး ဆီဝယ်ယူရတဲ့အခြေအနေကို ဧရာဝတီတိုင်းက တောင်သူ တယောက်က  “လယ်မြေဧကကတော့ ထောက်ခံစာတွေနဲ့သွားတာပေါ့၊ ဒါတောင်မှ အပြည့်အဝ အလုံအလောက် မရကြဘူးလေ။ ထောက်ခံစာနဲ့ဆိုရင်တော့ ဂါလန်နဲ့ အတိုင်းအတာကို ချိန်ပြီးတော့ ရောင်းပေးတယ်ပေါ့လေ။ တခါတည်းနဲ့ အပြည့်မရတာမျိုး ရှိတယ်။ သူကတော့ နည်းနည်းချင်းခွဲပေးတာ၊ အခုဆီက အလုပ်တခုလိုဖြစ်လာပြီ နေ့စဉ်ဆီသွားဝယ်ရတဲ့ အလုပ်တခု ပိုလာပြီ၊ အဲဒီမှာတင် အချိန်တွေက တအားကုန်သွားပြီလေ၊ တရက်စာလောက်ပဲ ပြီးတဲ့အခါကျတော့ တရက်စာဝယ်လိုက်ပြီ နောက်နေ့အတွက်က ထပ်သွားဝယ်ရတာ အဲဒီတော့ အချိန်က မလောက်ဘူး။”လို့ ဆိုပါတယ်။

လက်ရှိအခြေအနေမှာတော့ စိုက်ခင်းသုံး ဆီဝယ်ဖို့ လူတယောက်က နေ့တိုင်း လယ်ထွန်စက်ကို မောင်းပြီး ဆီဆိုင်မှာ ထောက်ခံစာ ပြပြီး ဆီသွားထည့်ရတယ်လို့ ဆိုပါတယ်။

ဆီဆိုင်တွေကလည်း ခွဲတမ်းနဲ့ရောင်းချပေးတဲ့အတွက် ထည့်ပြီးတဲ့ဆီနဲ့ ထွန်စက်ကို လယ်ထဲပြန် မောင်းလာတဲ့အခါ ထည့်လာတဲ့ဆီရဲ့ ၃ ပုံ တပုံက လယ်ထဲနဲ့ ဆီဆိုင် အသွားအပြန်လုပ်ရတာနဲ့တင် ကုန်သွားတဲ့အခြေအနေတွေ ဖြစ်နေကြပါတယ်။

ပဲခူးတိုင်းထဲက မြို့နယ်တချို့မှာတော့ အခုအခါ ပဲတီစိမ်းရိတ်သိမ်းတဲ့အချိန်ဖြစ်ပြီး ဆီဝယ်ယူရ ခက်တဲ့အတွက် ပဲရိတ်ခဈေးတွေ မြင့်တက်လာတယ်လို့ တောင်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပဲတီစိမ်းတဧက ရိတ်သိမ်းခ ၁၄၀,၀၀၀ ကျပ်ပေးခဲ့ရာက ဆီဝယ်ယူရ ခက်ပြီး နောက်ပိုင်း တဧက ရိတ်သိမ်းခ ၂၂၀,၀၀၀ ကျပ်အထိ ဈေးမြင့်လာတယ်လို့ တောင်သူတွေက ပြောပါတယ်။

လက်ရှိ ပဲတီစိမ်းတွေ ရိတ်ဖို့ ဆီကို ခွဲတမ်းနဲ့ ရောင်းပေးနေပေမဲ့ မိုးစပါးစိုက်ဖို့ မြို့နယ် ထောက်ခံချက် တောင်းဖို့ စီစဉ်နေတယ်လို့ တောင်သူတွေက ဆိုပါတယ်။

ဆီဝယ်ရခက်တဲ့အတွက် ပဲရိတ်နေရင်း ရပ်နားနေတဲ့ သနပ်ပင်မြို့နယ်က တောင်သူတယောက်က “အဲဒါတွေတော့ မြို့နယ်က ထိုက်တန်သလောက်ပေးတယ်၊ နောက်တပိုင်းက ကိုယ့်ဖာသာ ကိုယ်လည်း ဝယ်ရတာပေါ့နော်၊ စက်တွေက‌တော့ ထွန်ဖို့ အခက်အခဲရှိတယ်လေ ထွန်ဖို့ မလွယ်ဘူး၊ ရေတင်ဆီတို့ဘာတို့လည်း စပါးတွေ မပြတ်သေးတော့ လိုကြတာပေါ့၊ ကိုယ်တွေတောင်မှာ ပဲရိတ် နေရင်း တန်းလန်း စက်တွေ ဆီပြတ်လို့ မြို့နယ်မှာထောက်ခံချက်လေး ဘာလေး မြို့နယ်လူကြီးတွေ ကို သွားပြောကြည့်မလားလို့ စဉ်းစားနေတုန်းပါပဲ၊ ပဲရိတ်တဲ့တန်းလန်း အကုန် ကိုးရိုးကားရားတွေ ဖြစ်ကုန်တယ်။”လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်ကစလို့ အစ္စရေး-အီရန်၊ အမေရိကန်တို့ရဲ့ စစ်ရေးပဋိပက္ခကြောင့် မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံတွေဆီ ရေနံနဲ့ ဓာတ်ငွေ့တင်ပို့တဲ့ အဓိကလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ် ရေလက်ကြားကို အီရန်က ပိတ်ဆို့လိုက်တာကြောင့် မြန်မာနိုင်ငံအတွင်း စက်သုံးဆီ ဝင်ရောက်မှု မရှိတဲ့အတွက် စက်သုံးဆီတွေကို အကန့်အသတ်နဲ့သာ ရောင်းချပေးနေတာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013