ဝါယာကြိုးများ ဝန်နှင့်အားမျှမမျှ ကျွမ်းကျင်သူများနှင့်စစ်ဆေးသုံးစွဲရန် မန္တလေးမီးသတ်ဦးစီးမှူး အကြံပြု

မီးလောင်မှု သုံးကြိမ်ဖြစ်ပွားရင် နှစ်ကြိမ်ဟာ လျှပ်စစ်ကြောင့် မီးလောင်တာဖြစ်တဲ့အတွက် လျှပ်စစ်ဝါယာကြိုးတွေကို ဝန်နဲ့အား မျှ မမျှ ကျွမ်းကျင်သူတွေနဲ့ စစ်ဆေးပြီးမှ သုံးစွဲသင့်တယ်လို့ မန္တလေးခရိုင် မီးသတ်ဦးစီးမှူးက အကြံပြုတိုက်တွန်းလိုက်ပါတယ်။
လျှပ်စစ်ဓာတ်အားသုံးစွဲရာမှာ ပေါ့ပေါ့ဆဆ မသုံးစွဲသင့်ဘဲ သက်တမ်းအလိုက် ဟောင်းနွမ်းသွားတဲ့ ဝါယာကြိုးနဲ့ လျှပ်စစ်ပစ္စည်းတွေကို ကျွမ်းကျင်သူတွေနဲ့ စစ်ဆေးပြုပြင်ပြီးမှသာ သုံးသင့်တယ်လို့ မန္တလေးခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းက ပြောပါတယ်။
"တချို့တွေက ကိုယ့်အိမ်မှာသုံးတဲ့ဝန်နဲ့ အားနဲ့မမျှတာပေါ့။ ဥပမာဆိုရရင် အိမ်တအိမ်မှာ လျှပ်စစ် မီးပူတွေသုံးမယ်၊ တီဗွီတွေသုံးမယ်၊ အဝတ်လျှော်စက်တွေ၊ အဲကွန်းတွေသုံးမယ်။ ဒါပေမယ့် လျှပ်စစ်ကိုသွယ်တန်းဖို့ သုံးစွဲတဲ့ လျှပ်စစ်ဝါယာကြိုးတွေက သတ်မှတ်တဲ့စံချိန် စံညွှန်းမညီဘူး၊ နောက်အားသေးတဲ့ ကြိုးတွေကိုသုံးတော့ ဝန်နဲ့အားနဲ့မမျှတဲ့ခါကျတော့ ဝါယာတွေက အပူလွန်ကဲပြီး ဘေးမှာရှိတဲ့ အရာဝတ္ထုတွေ ကူးပြီးတော့ မီးလောင်မှုတွေ ဖြစ်ပွားတာပါဗျ။ ဟောင်းနွမ်းနေတဲ့ ဝါယာကြိုးတွေ မသုံးသင့်ပါဘူး၊ နောက် သုံးတဲ့ဝန်နဲ့အားနဲ့ မျှ မမျှကို ကျွမ်းကျင်တဲ့ လျှပ်စစ်ဝန်ထမ်းတွေနဲ့ လုပ်သင့်ပါတယ်။ ကိုယ့်ရဲ့အစီအစဉ်နဲ့ကို မလုပ်သင့်ဘူး။"
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း မန္တလေးမြို့မှာ အကြောင်းအရာအမျိုးမျိုးကြောင့် မီးလောင်မှု အကြိမ်ရေ ၂၇၀ကျော် ဖြစ်ပွားခဲ့ပြီး လူနေအိမ် ၃၀၈ လုံး၊ စက်ရုံအလုပ်ရုံ ၂ ခု၊ ဂိုထောင် ၁၁ လုံး ပျက်စီးကာ မီးဘေးသင့်ပြည်သူ ၇၈၀ နဲ့ လူ ၃ ဦးသေဆုံးခဲ့ပြီး ၂၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၇ ခုနှစ်ကလည်း မီးလောင်မှု ၂၀၂ ကြိမ်နဲ့ ၂၀၁၈ ခုနှစ်မှာ ၂၁၅ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်မှာလည်း ဇန်နဝါရီလကနေ ဖေဖော်ဝါရ်လလယ်ပိုင်းအထိ မန္တလေးမြို့မှာ မီးလောင်မှု ၁၅ ကြိမ်မက ဖြစ်ပွားခဲ့ပါတယ်။
မီးဘေးအန္တရာယ် လျော့နည်းကျဆင်းဖို့အတွက် မန္တလေးခရိုင်းအတွင်းမှာ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်တွေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက အသံချဲ့စက်နဲ့ ဆော်ဩရေးတွေ၊ ဟောပြောပွဲတွေ၊ မီးချိတ်မီးကတ်တွေ ထားရှိကြဖို့ စစ်ဆေးမှုတွေ၊ မီးဘေးကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုတွေ၊ ပြုလုပ်ပေးနေတယ်လို့လည်း သိရပါတယ်။
မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ဖို့အတွက် စာသင်ကျောင်း၊ ဈေးတွေနဲ့ ရပ်ကွက်တွေအလိုက် ဟောပြောမှုတွေ၊ အသိပညာပေးမှုတွေ ပြုလုပ်နေပြီး မီးဘေးအန္တရာယ် ကြုံတွေလာပါက မီးသတ်ဦးစီးဌာနကို အချိန်နဲ့တပြေးညီ သတင်းပေးပို့ စေလိုတယ်လို့ ဆိုပါတယ်။
ထိန်ထိန်လင်း











