DVB Logo
Home
မြန်မာသတင်း
မတရားအသင်းများ အက်ဥပဒေ ပြန်လည် ရေးဆွဲရန်လို
DVB
·
March 11, 2013
မတရားအသင်းများ အက်ဥပဒေ ပြန်လည် ရေးဆွဲရန်လို
Donate to DVB

မြန်မာအစိုးရအနေနဲ့ မတရားအသင်းများ အက်ဥပဒေကို ပြင်ဆင်ရုံနဲ့ မလုံလောက်ဘဲ ပြန်လည် ရေးဆွဲသင့်တယ်လို့  မြန်မာနိုင်ငံရှေ့နေများ ကွန်ရက် တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောပါတယ်။

မတရားအသင်းများ အက်ဥပဒေ  ပြင်ဆင်တဲ့ ဥပဒေကြမ်းကို မတ် ၁၁ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာမှာ ပြည်သူတွေ သိရှိစေဖို့အတွက် ရေးသားဖော်ပြပြီးတဲ့နောက် အခုလို ပြောဆိုလိုက်တာပါ။

[caption id="attachment_35599" align="alignleft" width="150" caption="တရားလွှတ်တော်ရှေ့နေ ဦးကိုနီ (ဓာတ်ပုံ- ဒီဗွီဘီ)"][/caption]

တဦးတယောက်ကဖြစ်စေ၊ အဖွဲ့အစည်းတရပ်ရပ်ကဖြစ်စေ နေစဉ်ပုံမှန် စားသောက်သွားလာ လုပ်ကိုင် ဆောင်ရွက်မှုအတွက် ဒါမှမဟုတ် အသက်ဘေးအန္တရာယ်ကို ကြောက်ရွံ့တဲ့တွက် မတရားအသင်းနဲ့ ဆက်နွှယ်ပတ်သက် ဆောင်ရွက်ရတာက ပြစ်မှုတွင် အကျုံးမ၀င်ဟု မှတ်ယူရမည့်အပြင် တရားစွဲဆိုခြင်း မခံထိုက်စေရ ဆိုတဲ့ စကားရပ်ကို ဥပဒေမှာ ထည့်သွင်းဖို့ အစိုးရပိုင် သတင်းစာက ဖော်ပြခဲ့ပါတယ်။

ကိုလိုနီခေတ်က မြန်မာနိုင်ငံသားတွေကို ဖိနှိပ်ဖို့ ရေးဆွဲထားတဲ့ ဒီဥပဒေကြမ်းဟာ ခေတ်မမီတော့သလို ပြန်လည်ရေးဆွဲဖို့ လိုအပ်ပြီး ဒီလောက် ပြင်ဆင်ရုံနဲ့ မရဘူးလို့ ဦးကိုနီက အခုလို ပြောပါတယ်။

“မတရားအသင်းဥပဒေ ဒီလိုမျိုးလေး ကွက်ပြီးတော့ မဟုတ်ဘူး။ ကျနော်ကတော့ တခုလုံးကို ပိုပြီးတော့ ခေတ်မီမီ အဆင့်အတန်းရှိရှိ ရေးချင်ပါတယ်။ ဒီဥပဒေက သိပ်အိုဟောင်းနေပါပြီ။ သိပ်လည်း ကြာညောင်းနေပါပြီ။ အခုခေတ်အနေအထားအရ ခေတ်မမီတော့ဘူးလို့ မြင်ပါတယ်။ ဥပဒေတခုလုံးကို ပယ်ဖျက်ပြီးတော့ လိုအပ်ရင် ဥပဒေအသစ်နဲ့ အစားထိုးသင့်ပါတယ်။ ဒီထက်ပိုပြီးတော့လည်း ကျယ်ကျယ်ဝန်းဝန်းလေး ဖြစ်သင့်ပါတယ်။ အထူးသဖြင့် ကျနော်ကတော့ မဆိုင်ဘဲနဲ့ အပြစ်မရှိတဲ့သူတွေ အရေးယူခံရတဲ့ ပြဋ္ဌာန်းချက်မျိုးအားလုံးကို ကျနော်ကမလိုလားဘူး။ လူဟာ ဘယ်လိုပဲဖြစ်ဖြစ် လူလိုပဲနေထိုင်သင့်တယ်။ လူ့အခွင့်အရေးတွေ အပြည့်အ၀ ရသင့်တယ်။ စွပ်စွဲချက်အမျိုးမျိုးနဲ့ လူတွေကို အပြစ်ပေးနိုင်အောင် ဥပဒေတွေ ဖန်တီးရေးဆွဲတာဟာ ခေတ်ကုန်ပြီလို့ထင်တယ်။ ဒါ အင်္ဂလိပ်ခေတ်က အင်္ဂလိပ်က ကျနော်တို့ကို မတရားအုပ်ချုပ်ထားတဲ့အခြေအနေမျိုးမှာ ဒီလိုဥပဒေတွေပြဋ္ဌာန်းခဲ့တယ်။ ကိုယ့်မင်းကိုယ်ချင်းနဲ့ဖြစ်လာပြီဆိုရင် အများကြီးစဉ်းစားဖို့ လိုလာပြီ။ ဥပမာ ကချင်၊ ကရင်၊ ကယား တိုင်းရင်းသားသူပုန်တွေဆိုကြပါစို့။ ဒါတွေက ကိုယ့်လူတွေပဲ အကြောင်းအမျိုးမျိုးနဲ့ဆက်ဆံနေရမှာပဲ။ သူက သူ့ယုံကြည်ချက်နဲ့သူ သူပုန်ထနေတာပဲ။ ကိုယ်ကကိုယ်မယုံလို့ သူပုန်မထဘူး။ အမျိုးတွေလည်းဖြစ်ချင်ဖြစ်နေမယ်။ အိမ်တအိမ်ထဲမှာတောင် ပါတီ ၂ ခု ၀င်နေနိုင်တာပဲ။ တယောက်က ပြည်ခိုင်ဖြိုးကို ကြိုက်မယ်။ နောက်တယောက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြိုက်မယ်လေ။ ဒီလိုအကြောင်းမျိုးတွေကြောင့် ကြီးလေးတဲ့ပြစ်ဒဏ်တွေ ထိုက်သင့်တဲ့ ပြစ်မှုမျိုးနဲ့ အရေးယူမှုခံရမယ်ဆိုရင် ဒါတွေက မတရားဘူးဗျ။ အခုခေတ်မှာ ဒီလိုဥပဒေတွေက မရှိသင့်ပါဘူး။ အခုလက်ရှိ ရှိနေတဲ့ မတရားအသင်းဥပဒေလည်း ကျနော် အစကတည်းက မကြိုက်တာ။ ဒီထက်ပို ခေတ်မီမီ အဆင့်မြင့်မြင့်ရေးတာ ကောင်းမယ်ထင်တယ်။ အခုလောက်လေးပြင်တာနဲ့ မလုံလောက်ပါဘူး။”

တရားခံက တင်ပြတဲ့ မတရားအသင်းနဲ့ ပတ်သက်တဲ့ သက်သေပြချက်ကို တရားသူကြီးက ကြားနာ စစ်ဆေး ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မတရားအသင်း အက်ဥပဒေအရ တရားမ၀င်အသင်းများနဲ့ ဆက်သွယ်ဆောင်ရွက်သူတွေဟာ အနည်းဆုံးထောင်ဒဏ် ၂ နှစ်ထက်မနည်း ၃ နှစ်ထက်မပိုတဲ့ ပြစ်ဒဏ်ကို ချမှတ်နိုင်မှာ ဖြစ်ပါတယ်။
စစ်အစိုးရလက်ထက်ကလည်း ဒီဥပဒေကို အသုံးပြုပြီး အတိုက်အခံတွေကို ဖမ်းဆီး ထောင်ချခဲ့သလို ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာလည်း လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်တယ်ဆိုပြီးတော့ ဒီဥပဒေနဲ့ တရားစွဲဆို ထောင်ဒဏ်ချမှတ်ခံနေရသူတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013