DVB Logo
Home
Lead Story
လူကုန်ကူးမှု အန္တရာယ်ကို ဘယ်လို တားဆီးကာကွယ်မလဲ 
DVB
·
February 20, 2020
လူကုန်ကူးမှု အန္တရာယ်ကို ဘယ်လို တားဆီးကာကွယ်မလဲ 
Donate to DVB

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO)ရဲ့ထုတ်ပြန်ချက်ထဲမှာ ကမ္ဘာပေါ်ရှိ လူသား  သန်း ၂၀ ကျော်က နှစ်စဉ် အဓမ္မစေခိုင်းခံနေရတဲ့အကြောင်း ထုတ်ပြန်ထားပြီးတော့ နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၅၀ လောက်က လူကုန်ကူးတဲ့လုပ်ငန်းတွေကနေ အမြတ်အစွန်းရနေတဲ့အကြောင်းလည်း ဖော်ပြထားပါတယ်။

 ဒါ့အပြင် လူကုန်ကူးခံရသူ အများစုက အမျိုးသမီးတွေဖြစ်နေပြီးတော့ စုစုပေါင်း လူကုန်ကူး မှုရဲ့ ၄၉ ရာခိုင်နှုန်းအထိ ကိုယ်စားပြုနေတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာရုံး ( UNODC ) က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာဆိုရင်လည်း နှစ်စဉ် ပုံစံမျိုးစုံနဲ့ လူကုန်ကူးခံရမှုရှိနေသလို စိုးရိမ်စရာလည်းကောင်းတဲ့ အနေအထားတစ်ခုပါ။ ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ လူကုန်ကူးမှုတွေကို ရာခိုင်နှုန်း အရ လေ့လာကြည့်မယ်ဆိုရင်တော့ အဓမ္မထိမ်းမြားလက်ထပ်မှု ၇၅ ဒသမ၂၄ ရာခိုင်နှုန်း၊ အဓမ္မပြည့်တန်ဆာပြုမှု ၁၃ ဒသမ ၅၉ ရာခိုင်နှုန်း၊ အဓမ္မအလုပ်ခိုင်းစေမှု ၈ ဒသမ၇၄ ရာခိုင်နှုန်း၊ အငှားကိုယ်ဝန်ဆောင်မှု ၁ ဒသမ ၉၄ ရာခိုင်နှုန်း၊ အဓမ္မမွေးစားမှု ၀ ဒသမ ၄၉ ရာခိုင်နှုန်း ဖြစ်ပွားခဲ့တယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

အဆင့် ၃ မှာရှိနေတဲ့ မြန်မာ

လူကုန်ကူးမှုနဲ့ပတ်သက်ရင် နိုင်ငံအသီးသီးက အစိုးရတွေအနေနဲ့ လူကုန်ကူးခံရသူများ အကာအကွယ်ပေးရေး ဥပဒေ (Trafficking Victims Protection Act - TVPA) ရဲ့ အနိမ့်ဆုံးလိုက်နာရမယ့် စံချိန်စံညွှန်းကို လိုက်နာကြရပါတယ်။

ဒီဥပဒေအရ နိုင်ငံတွေကို အဆင့်တစ်၊ အဆင့်နှစ်၊ အဆင့်သုံးဆိုပြီး ခွဲခြား သတ်မှတ်ထားပါတယ်။ အဆင့် တစ်စာရင်းထဲမှာပါတဲ့ နိုင်ငံတွေက လူကုန်ကူးမှုတွေရှိပေမယ့် သတ်မှတ်ဥပဒေရဲ့ အနိမ့်ဆုံး လိုက်နာရမယ့် စံချိန်စံညွန်း( Minimum Standard) ကို အပြည့် အ၀လိုက်နာတဲ့နိုင်ငံဖြစ်ပါတယ်။ အဆင့်နှစ်စာရင်းထဲမှာပါတဲ့ နိုင်ငံတွေကတော့ ဒီစံချိန်စံညွန်းတွေကို တစ်စိတ်တစ်ပိုင်းသာလိုက်နာတဲ့နိုင်ငံတွေပါ။

အဆင့်သုံးထဲမှာ ပါ၀င်တဲ့ နိုင်ငံတွေကတော့ အနိမ့်ဆုံးဖြစ်တဲ့ စံချိန်စံညွှန်းတွေကိုတောင် ထိထိရောက်ရောက် လိုက်နာမှုမရှိတဲ့နိုင်ငံတွေပါပဲ။ လိင်ကျွန်အဖြစ် ရောင်းစားခံရတာတွေ၊ လိမ်ညာခြိမ်းခြောက်ခေါ်ဆောင်ပြီး အဓမ္မခိုင်းစေတာတွေ ၊ ကလေးသူငယ်တွေ ဖမ်းဆီးခေါ်ဆောင်ပြီး အတင်းခိုင်းတာတွေ စတဲ့ အဆိုးဆုံး အမှုတွေကို ထိထိရောက်ရောက် တားဆီး အရေးမယူတဲ့နိုင်ငံတွေပဲဖြစ်တယ်လို့ ဆိုရမှာပါ။

၂၀၁၈ ခုနှစ်အတွက်ထုတ်ပြန်တဲ့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံကို စောင့်ကြည့်အဆင့် Tier 2 ကနေ အဆိုးဝါးဆုံး Tier 3 အဆင့်ကို လျှော့ချ သတ်မှတ်လိုက်တာပါ။ အခုလို Tier 3 ကိုအဆင့် လျှော့ချသတ်မှတ်လိုက်ရတာဟာ လူကုန်ကူးမှု ပပျောက်ရေးဆိုင်ရာ အနိမ့်ဆုံးသတ်မှတ်ချက်တွေကို အပြည့်အဝ ပြည့်မီအောင် မြန်မာအစိုးရက လုပ်ဆောင်နိုင်ခြင်းမရှိဘူးဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။

မြန်မာ- ထိုင်း- မလေးရှား

၂၀၁၈ ခုနှစ်ထဲထင်ရှားတဲ့ သာဓက တစ်ခုကတော့ ၅၀၀ လောက်ထက်မနည်းရှိတဲ့ မြန်မာနိုင်ငံသား လူကုန်ကူးခံရသူတွေကို ထိုင်း- မလေးရှားနယ်စပ်လမ်းတွေမှာ ထိုင်းနိုင်ငံဘက်က ဖမ်းဆီး မိခဲ့တဲ့ဖြစ်ရပ်တွေ။ မြန်မာ၊ ထိုင်းနဲ့ မလေးရှားနယ်စပ်ထိ လူကုန်ကူးနေကြတာကို ရပ်တန့်ဖို့ ဆိုရင်တော့ လူသယ်ဆောင်ရာ လမ်းကြောင်းဖြစ်တဲ့ မြန်မာ-ကော့သောင်း နယ်စပ်လမ်းတွေကို အစိုးရဘက်ကပိတ်နိုင်မှပဲ လျော့ကျသွားနိုင်မယ့် အနေအထား ရှိပါတယ်။

အလားတူပဲ မြ၀တီ-မဲဆောက်လမ်းကနေတဆင့် လူကုန်ကူးနေတာတွေလည်းရှိပါတယ်။ ရွေးပြောင်းလုပ်သားအများစုဟာ တရားမ၀င်လမ်းကြောင်းက သွားနေကြတဲ့အတွက် လူကုန်ကူးခံရဖို့ လမ်းပွင့်နေတာပါ။ လက်ရှိအချိန်အထိ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်း လုပ်သား အရေအတွက်လေးသန်း၀န်းကျင်လောက် ရှိပေမယ့် တရား၀င် နိုင်ငံကူးလက်မှတ် (Passport ) လုပ် ထားသူက တစ်သန်းကျော်လောက်ပဲရှိနေပါ သေးတယ်။ ဒါကြောင့် တရားမ၀င်အလုပ်သမားတွေအတွက် လူကုန်ကူး ခံရမယ့် အနေအထားက မလျော့သွားသေးပါဘူး။ 

အထူးသဖြင့် နယ်စပ်ကနေ အလုပ်အကိုင်ရှာဖွေဖို့လာကြသူတွေကို အလုပ်ရမယ်ဆိုတဲ့ စကားနဲ့ လူပွဲစားတွေက ဖျားယောင်းပြီး အဆင့်ဆင့်ရောင်းစားတဲ့ပုံစံတွေက အဖြစ်များပါတယ်။ ဒီလိုဖြစ်ရပ်မျိုးက တဆင့် ထိုင်းငါးဖမ်းလှေ တွေပေါ် ကိုရောက်သွားကြတဲ့ မြန်မာတွေလည်း အများအပြားရှိနေတာပါ။ ဒါတွေကို အစိုးရတွေရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအားနည်းမှုကြောင့်လို့ ရှုမြင်တဲ့အမြင်တွေလည်းရှိပါတယ်။  Cross Border issue ဖြစ်နေတဲ့အတွက် ကိုင်တွယ်ဖြေရှင်း ရခက်နေတာလည်း အကြောင်းရင်းတစ်ခုပါ။

မြန်မာ- တရုတ်နယ်စပ်ကတဆင့် လူကုန်ကူးမှု

တရုတ်နိုင်ငံက ၁၉၇၉- ၈၀ လောက်မှာ One child policy ကိုချမှတ်ခဲ့တယ်။ တစ်အိမ်ထောင် ကလေး တစ်ယောက်ပဲ ယူရမယ်ဆိုတဲ့ပေါ်လစီပါ။ သားယောကျ်ားလေးကို ပိုပြီးတန်ဖိုးထားတဲ့ တရုတ်တို့ရဲ့ သဘာ၀အတိုင်း ယောကျ်ားလေးကိုသာယူကြတဲ့ မိသားစုတွေ များလာခဲ့ပါတယ်။

အဲဒါကြောင့်လည်း တရုတ်နိုင်ငံမှာ အမျိုးသမီးနဲ့ အမျိုးသားဦးရေ ကွာဟ မှုရှိနေခဲ့ပါတယ်။ ဒါကြောင့်ဒီပေါ်လစီနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ တချို့ ဒေသတွေမှာ ဆန္ဒပြတောင်းဆိုမှုတွေ အထိရှိ လာခဲ့ပါတယ်။ ပြဿနာက အရွယ်ရောက်ပြီး တရုတ်အမျိုးသားတွေ အိမ်ထောင်ပြုမယ့် အချိန်မှာ သတို့သမီးရှားပါးမှုနဲ့ ကြုံ တွေ့နေရတဲ့ ပြဿနာပါ။

အမျိုးသား အမျိုးသမီး အချိုးအဆ ကွာခြားမှုများလာတာကြောင့် မူလက တင်းကြပ်ထားတဲ့ ပေါ်လစီကို ၂၀၁၅ ခုနှစ်လောက်မှာ ဖြေလျော့ပေးလိုက်ပေမယ့်လည်း တရုတ်နိုင်ငံရဲ့ သတို့သမီး လိုအပ်ချက်ကိုဖြည့်ဆည်းဖို့ မဖြစ်နိုင်သေးပါဘူး။ ဒါကြောင့်လည်း သတို့သမီး လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ အိမ်နီးခြင်းနိုင်ငံတွေကအမျိုးသမီးတွေကို ပွဲစားတွေကနေ မှာယူတင်သွင်းမှုတွေ ရှိနေပါတယ်။ ဒါကြောင့် တရုတ်နဲ့ ထိစပ်နေတဲ့ နိုင်ငံတွေမှာ သတို့သမီးလိုအပ်ချက် အတွက် လူကုန်ကူးခံရမှုတွေ မြင့်တက်နေပါတယ်။ 

တရုတ်နိုင်ငံထဲကို လူကုန်ကူးခံရတဲ့အမျိုးသမီးတွေထဲမှာ မြန်မာ၊ ဗီယက်နမ်၊  ပါကစ္စတန်စတဲ့ အမျိုးသမီးတွေပိုများ နေပါတယ်။ ဥပမာ မကြာသေးခင်ကပဲ မြန်မာ-တရုတ်နယ်စပ် Dehong အထူးဒေသမှာတရုတ်နိုင်ငံသားတွေနဲ့ လက်ထပ်ထားတဲ့ မြန်မာ အမျိုးသမီး ၃၀၀၀၀ နီးပါးလောက် တရားမ၀င်နေထိုင်ကြတဲ့အကြောင်း တရုတ်နိုင်ငံရဲ့ Global Times သတင်းစာမှာရေးသား ထားတာ တွေ့ရပါတယ်။

မြန်မာအစိုးရဘက်ကတော့ လူကုန်ကူးခံရသူတွေအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ပြည်ထဲရေး၊ နယ်စပ်ရေးရာနဲ့ ရှေ့နေချုပ်ရုံးအပါအ၀င် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ပူးပေါင်း ဆောင်ရွက်နေတာတွေ ရှိတယ်လို့ ထုတ်ပြန်ထားပေမယ့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်တဲ့ အနေအထားမျိုးတော့ မတွေ့ရသေးပါဘူး။

လူကုန်ကူးမှုနဲ့ ပတ်သက်ရင် ပြည်ပကိုလူကုန်ကူးကြတာအပြင် ပြည်တွင်းမှာ ဖြစ်နေတာ တွေလည်းရှိပါတယ်။ ဥပမာ ဆိုရင် ဧရာ၀တီတိုင်းဒေသကြီးက ကျားဖောင် လုပ်ငန်းတွေလို့ပြောရ မှာပါ။ ဒီလုပ်ငန်းတွေမှာ အတင်းအဓမ္မ ခိုင်းစေတာ၊ ညှဉ်းပန်နှိပ်စက်ခံရတာတွေနဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နေတဲ့ အနေအထားတွေကြောင့် ဒီလုပ်ငန်းတွေကို ဆက်လုပ်ခွင့်ပေးသင့် မပေးသင့်စဉ်းစားဖို့လိုလာပြီဆိုတာမျိုးအထိ ပြောဆိုလာကြပါတယ်။

နောက်တစ်ခုက ရန်ကုန်တိုင်းပါ။ မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှု ဖြစ်စဉ်တွေမှာ  အခုနှစ်ပိုင်း ဆက်တိုက်ဆိုသလို မြင့်တက်လာတာကတော့ ရန်ကုန်တိုင်းဖြစ်ပြီး အဓိကအားဖြင့်တော့ တရုတ်နိုင်ငံကို လူကုန်ကူးခြင်းခံရတာပါ။ အထူးသဖြင့် လှိုင်သာယာ၊ ရွှေပြည်သာ ၊ မြောက်ဥက္ကလာ၊ သန်လျင်၊ ဒလ စတဲ့ မြို့နယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

အလားတူပဲ မြန်မာပြည်ရဲ့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့် ကိုယ့်ရပ်ကိုယ်ဒေသကို စွန့်ခွာထွက်ပြေး နေရသူတွေ သိန်းနဲ့ချီပြီး ရှိနေပါတယ်။ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း တသိန်းကျော်၊ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် လူပေါင်း တသိန်းနှစ်သောင်းကျော်ဟာ  ကိုယ့်ရပ်ရွာ ကိုယ့် ဒေသကို စွန့်ခွာထွ က်ပြေးကြရပါတယ်။ ဒါကစီးပွားရေးကြောင့်မဟုတ်ဘဲ စစ်ရေးကြောင့် ဖြစ်လာရတဲ့ကိစ္စပါ။ ဒီလူတွေ ထဲမှာ ဆိုးဆိုးရွားရွားလူကုန်ကူးခံရသူတွေ အများအပြားရှိနေပါတယ်။ 

ငြိမ်းချမ်းရေးမရ သေးသရွေ့စစ်ပွဲတွေနဲ့ ဆက်စပ်ပြီး ဖြစ်ပွားနေတဲ့ လူကုန်ကူးမှုတွေ ရှိနေပါလိမ့်ဦးပါ။ ဒါကို ပပျောက်အောင် မလုပ်နိုင်ရင်တောင် ဘယ်လို့လျော့ချမလဲဆိုတဲ့ ကိစ္စကို နိုင်ငံတော် အနေနဲ့ အလေးပေးဆောင်ရွက်ဖို့လိုအပ်နေပါတယ်။

ယမင်းမြတ်အေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013