DVB Logo
Home
မြန်မာသတင်း
ကေအိုင်အိုနှင့်အစိုးရ အပစ်အခတ်ရပ်စဲရေး ဦးတည်ဆွေးနွေး
DVB
·
March 11, 2013
Donate to DVB

အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) တို့ ဒီကနေ့ တရုတ်နိုင်ငံ ရွှေလီမြို့မှာ တွေ့ဆုံပြီး နှစ်ဘက်အပစ်အခတ်ရပ်ရေးကို ဦးတည်ဆွေးနွေးနေကြပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့အတွက် အဓိကအားဖြင့် အပစ်အခတ်ရပ်စဲရေး အရင်လုပ်ရမှာဖြစ်တဲ့အတွက် တပ်ပိုင်းဆိုင်ရာကိစ္စတွေ ဆွေးနွေးနေကြတယ်လို့ ဆွေးနွေးပွဲ တက်ရောက်သူ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

“ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့အတွက်ကို အဓိက အပစ်အခတ်ရပ်စဲရေးကို အရင်လုပ်ရမှာဖြစ်တယ်။ အပစ်အခတ်ရပ်စဲဖို့အတွက် တပ်ပိုင်းဆိုင်ရာ ညှိနှိုင်းတဲ့ အပိုင်း အပိုင်းပေါ့။ အဲဒါကို နှစ်ဦးနှစ်ဖက်အဖြေက မရသေးဘူး။ အခု ခဏလေးနားတဲ့အချိန်ပြီးမှပဲ ပြန်ဆွေးနွေးရင် အဲဒါပြောဖြစ်မယ်။”

ဆွေးနွေးပွဲမှာ အစိုးရဘက်က တပ်ပိုင်းဆိုင်ရာ ထိပ်ပိုင်းပုဂ္ဂိုလ်တွေ ပါဝင်လာတဲ့အတွက် အပစ်အခတ်ရပ်ရေးကိစ္စ အောင်မြင်မယ်လို့ ယူဆကြောင်း ပြောပါတယ်။

“ကျနော်တို့ မြင်တာကို သုံးသပ်ရရင်တော့ အစိုးရဘက်ကရော ကေအိုင်အိုဘက်ကပါ နှစ်ဦးနှစ်ဖက်က ငြိမ်းချမ်းရေးလိုချင်တယ်။ တကယ်လည်း အပစ်အခတ်ရပ်စဲချင်တဲ့ဆန္ဒရှိနေလို့ အခြေအနေ အတော်လေးကောင်းပါတယ်လို့ သုံးသပ်ချင်တယ်။ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး ကိုယ်တိုင်ပါတယ်။ သူက အထက်ပိုင်း ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ် အားလုံးက သူနဲ့ဆိုင်တာလေ။ နောက် ဒုတိယဗိုလ်ချုပ်မှူးကြီးအထိကို ပြောနိုင်တဲ့အဆင့်ပေါ့လေ။ သူ့အနေနဲ့ပါဝင်မယ်ဆိုရင်တော့ စစ်အရှိန်လျှော့တဲ့ကဏ္ဍမှာတော့ တော်တော်ထိရောက်ပြီး အဆင်ပြေမယ်လို့တော့ ထင်တယ်။ အဲလို သုံးသပ်တယ်။”

ဆွေးနွေးပွဲကို ဒီနေ့ မနက် ၉ နာရီက တရုတ်နိုင်ငံ ရွှေလီမြို့ ကျင်းချန်းဟိုတယ်မှာ ကျင်းပခဲ့ပြီး အစိုးရဘက်က ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဒုဝန်ကြီး ဦးအုန်းမြင့်၊ တပ်ပိုင်းဆိုင်ရာ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ ကချင်ပြည်နယ် ၀န်ကြီးချုပ်နဲ့  အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး စတဲ့ပုဂ္ဂိုလ်တွေ အပါအ၀င် စုစုပေါင်း ၁၂ ဦး တက်ရောက်ခဲ့တယ်။

ကေအိုင်အိုဘက်ကတော့ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆာင် ဦးဆွမ်လွတ်ဂွမ်၊ ဒု - စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နဲ့ ကိုယ်စားလှယ် ၁၂ ဦး တက်ရောက်ခဲ့ပါတယ်။

ဒီတခေါက်ဆွေးနွေးပွဲမှာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အဖွဲ့ဝင်တွေဖြစ်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်က ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ကရင်အမျိုးသားအစည်းအရုံးက ဖဒိုဒေးဗစ်သာကပေါ၊ ကေအန်ပီပီ ကရင်နီအမျိုးသားတိုးတက်ရေးပါတီက ခူးဦးရယ် တို့ တက်ရောက်ခဲ့ပါတယ်။

ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့က ဗိုလ်မှူးကြီးစိုင်းလူး၊ ဗိုလ်ကြီးစိုင်းဦး၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့က ဗိုလ်မှူးကြီးစိုင်းထူး၊ ဗိုလ်မှူးဘထွန်း၊ မွန်ပြည်သစ်ပါတီက နိုင်ထောမွန်နဲ့ မိုင်းလားအဖွဲ့က ဦးအိုက်ဆိုင်လား၊ ဦးခမ်းမောင်တို့တက်ရောက်ခဲ့ပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေဟာ  ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့ကလည်း တရုတ်အစိုးရရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုနဲ့ တရုတ်-မြန်မာနယ်စပ် ရွှေလီမှာ နှစ်ဖက် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပြီး စစ်ရေးအရှိန်လျှော့ချဖို့ သဘောတူညီမှုရခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ကေအိုင်အေဌာနချုပ်အနီးနဲ့ အခြားကေအိုင်အေ ထိန်းချုပ်နယ်မြေတွေထဲ ၀င်ရောက်နေရာယူထားကြတဲ့ အစိုးရတပ်တွေဟာ တပ်ဆုတ်ခွာသွားတာမရှိဘဲ တပ် အလဲအလှယ် လုပ်တာ၊ စခန်းပြင်ဆင်တာတွေ လုပ်နေတယ်၊ ဒီကြားထဲ ကေအိုင်အေ တပ်မဟာ ၁နဲ့ တပ်မဟာ ၄ ဒေသထဲမှာ တိုက်ပွဲငယ်တွေ ပြန်ဖြစ်နေပါတယ်။

ကေအိုင်အိုနဲ့ အစိုးရတပ်တွေဟာ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့ကစပြီး တိုက်ပွဲတွေ   ပြန်ဖြစ်ခဲ့ပြီးနောက်ပိုင်း ပစ်ခတ်မှုတွေ ရပ်တန့်ဖို့၊ နိုင်ငံရေးဆွေးနွေးဖို့အတွက် ကေအိုင်အိုနဲ့ အစိုးရကြား အလွတ်သဘောအနေနဲ့ရော၊ တရားဝင်ပါ တွေ့ဆုံဆွေးနွေးခဲ့တာ ၇ ကြိမ် ရှိပြီဖြစ်ပေမယ့် ပစ်ခတ်မှုတွေ မရပ်စဲနိုင်သေးသလို နှစ်ဘက်ကြား တိကျတဲ့ သဘောတူချက်တွေ လက်မှတ် မထိုးနိုင်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013