DVB Logo
Home
မြန်မာသတင်း
ပြုပြင်ပြောင်းလဲခွင့်ကို လက်လွှတ်ရင် သမိုင်းတရားခံ ဖြစ်လိမ့်မယ်လို့ ဒေါ်စု သတိပေး
DVB
·
March 10, 2013
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌသစ်အဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ဖို့ အခွင့်အလမ်းရနေချိန်မှာ ဖိဖိစီးစီး ကြိုးပမ်းအားထုတ်ကြဖို့ ပါတီဝင်တွေကို တိုက်တွန်းလိုက်ပါတယ်။

ဒီနိုင်ငံကို ပြုပြင်ပြောင်းလဲဖို့ ရနေတဲ့အခွင့်အရေးကို မလွှတ်တမ်း ကိုင်စွဲထားဖို့နဲ့ ဒီအခွင့်အရေး လွတ်သွားရင် သမိုင်းတရားခံ ဖြစ်သွားလိမ့်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မတ် ၁၀ ရက်နေ့ ညီလာခံအပိတ်မိန့်ခွန်းမှာ ညီလာခံကိုယ်စားလှယ်တွေကို ပြောဆိုလိုက်ပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆက်သွားရမယ့် လမ်းက ခက်ခဲပါလိမ့်မယ်။ အရင်တုန်းက အခက်အခဲမျိုး မဟုတ်ပေမယ့်၊ မတူတဲ့အခက်အခဲတွေ ဆိုပေမယ့် ပိုလွယ်မှာတော့ မဟုတ်ပါဘူး။ အခက်အခဲ အမျိုးအစားသာ မတူမှာ။ အခက်အခဲရဲ့ လေးနက်မှုအဆင့်ကတော့ တူရုံတင်မက ပိုပြီးတော့ မြင့်ဦးမယ်လို့ ထင်ပါတယ်။ ဒီနိုင်ငံကို ပြုပြင်ပြောင်းလဲဖို့ ရနေတဲ့အခွင့်အရေးကို မလွတ်တမ်းကိုင်သွားဖို့လိုပါတယ်။ ဒီအခွင့်အရေးကိုလွတ်သွားတယ်ဆိုရင် ကျမတို့ဟာ သမိုင်းတရားခံဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒီလိုပီပီပြင်ပြင် ဒီမိုကရေစီအခြေခံပေါ်မှာ ဆောက်တည်ပြီးတဲ့အခါမှာ ပိုပြီးတော့ နိုင်ငံနဲ့ ပြည်သူတွေရဲ့ အခွင့်အရေးတွေကို ထမ်းဆောင်နိုင်တဲ့ အခြေအနေရောက်အောင် အဖွဲ့ဝင်တဦးချင်း တဦးချင်းက တတ်နိုင်သမျှ ကြိုးစားကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။”

စစ်မှန်တဲ့ ညီညွတ်ရေးမရဘဲနဲ့တော့ ရေရှည်ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ ရနိုင်မှာ မဟုတ်ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

“တကယ့်ပြည်တွင်း ငြိမ်းချမ်းရေးရဖို့ဆိုရင် ကျမတို့ရဲ့ တိုင်းရင်းသားအားလုံးဟာ ဒီနိုင်ငံအတွင်းမှာ မျှမျှတတနေနိုင်မယ်။ ဒီနိုင်ငံဟာ မိမိတို့ရဲ့ အခွင့်အရေးတွေကို အပြည့်အ၀ အကာအကွယ်ပေးနိုင်မယ်ဆိုတာကို အာမခံနိုင်မယ့် နိုင်ငံရေးသဘောတူညီချက်တွေရဖို့ လိုတယ်ဆိုတာ ကျမက ထောက်ပြချင်ပါတယ်။ နောက် ကျမတို့အချင်းချင်းကြားမှာ အမျိုးသားရင်ကြားစေ့ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလိုတယ်ဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ကတည်းက ပြောခဲ့တဲ့ ကိစ္စပါ။”

ညီညွတ်ရေး အရေးကြီးပုံကိုလည်း ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့ဟာ တကယ့်ကိုညီညွတ်တဲ့ ပြည်ထောင်စုကြီး ဖြစ်ရမယ်။ ဒီလိုဖြစ်ဖို့ဆိုတာဟာ ကျမတို့ရဲ့ တိုင်းရင်းသားညီအကိုမောင်နှမတွေ မျှော်လင့်ချက်တွေ၊ မျှော်မှန်းချက်တွေ၊ ခံစားချက်တွေနဲ့ ယုံကြည်ချက်တွေကို နားလည်ရမယ်။ လေးစားရမယ်။ အဲလို အပြန်အလှန်လေးစားမှုနဲ့ နားလည်မှုမရှိရင်တော့ စစ်မှန်တဲ့ညီညွတ်ရေးဆိုတာ ရနိုင်မှာမဟုတ်ပါဘူး” လို့ ပြောပါတယ်။

ပြည်သူနဲ့ တပ်မတော်အကြား အဆင်ပြေစေချင်တယ်လို့လည်း မိန့်ခွန်းမှာ ထည့်ပြောပါတယ်။

“ကျမအနေနဲ့ ပြည်သူနဲ့ တပ်မတော်ကြား အဆင်ပြေစေချင်ပါတယ်။ တချိန်တခါတုန်းက ပြေခဲ့သလို နောင်လည်းအဆင်ပြေအောင် ကျမတို့ ဆက်ကြိုးစားသွားရမယ်လို့ ယုံကြည်ပါတယ်။ ကျမတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး မူဆိုတာ ဒါလည်း ပါတယ်။ တပ်မတော်နဲ့ ပြည်သူကြား ပြန်အဆင်ပြေရမယ်။ အရင်တုန်းက အဆင်မပြေခဲ့တဲ့ နိုင်ငံရေးအစုအဖွဲ့တွေကြားမှာလည်း အဆင်ပြေရမယ်။”

ဒီမိုကရေစ်ီအောင်မြင်ဖို့ နိုင်ငံသားအားလုံးမှာတာဝန်ရှိတယ်လို့ သတိပေးပြောဆိုခဲ့ပါတယ်။

“နိုင်ငံသူနိုင်ငံသားတိုင်းဟာ အခွင့်အရေးရှိသလို၊ တာဝန်ဝတ္တရားလည်းရှိပါတယ် ဆိုတာ ကျမ ခဏ ခဏ သတိပေးပါတယ်။ အဲဒီစိတ်ဓာတ်ဟာ စွဲစွဲမြဲမြဲ ကျမတို့ နိုင်ငံသူနိုင်ငံသားတွေ အားလုံးရဲ့ ခေါင်းထဲဝင်သွားမှသာလျှင် တကယ့်ကို အောင်မြင်တဲ့ ဒီမိုကရေစီနိုင်ငံထူထောင်နိုင်မှာပါ။”

အချင်းချင်းဝေဖန်တဲ့အခါ အပြုသဘောနဲ့ မှန်မှန်ကန်ကန်  သိက္ခာရှိရှိ တည်တည်ငြိမ်ငြိမ်နဲ့ ဝေဖန်ဖို့ မကြောက်ရွံ့ကြဖို့ သူက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

အတိတ်က ဖိနှိပ်မှုတွေ ဆိုးဆိုးဝါးဝါးကြုံခဲ့ရပေမယ့် အတိတ်နဲ့ ပတ်သက်လို့ မမေ့နိုင်ရင်တောင် အာဃာတတွေကို လျော့ကျသွားအောင် လုပ်ဖို့နဲ့ ဒီလိုခံခဲ့ရတဲ့အဖြစ်မျိုးတွေ နောင်မျိုးဆက်တွေမခံရအောင် ဘယ်လိုလုပ်မလဲဆိုတာ တွေးတောလုပ်ဆောင်ဖို့ သူက တိုက်တွန်းပါတယ်။

အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ်ဟာ ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒပြုပြင်ရေး ကြွေးကြော်သံတွေနဲ့ ပြီးခဲ့တဲ့နှစ် ၂၀၁၂ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။

မတ် ၈ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာညီလာခံမှာ ကိုယ်စားလှယ် ၉၀၀ ခန့် တက်ရောက်ပြီး ဗဟိုကော်မတီဝင် ၁၂၀ ဦး၊ အရန်ဗဟိုကော်မတီဝင် ၃၀ ဦး၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၁၅ ဦးနဲ့  အရန်ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၅ ဦး ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။

အန်အယ်လ်ဒီပါတီဟာ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတုန်းကတော့ အမတ်နေရာ ၄၈၅ နေရာအနက် ၃၉၂ နေရာမှာ အနိုင်ရခဲ့ပေမယ့် အာဏာရယူ အုပ်ချုပ်ခွင့်မရခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013