မကွေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ နယ်ခရီးထွက်ရင်း တိုက်နယ်ဆေးရုံတခုတွင် ဆေးကုသမှုခံယူ
Aung Ko Latt
·
February 19, 2020

မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာဟာ နယ်ခရီးထွက်ရင်း ရုတ်တရက် သွေးတိုးရောဂါကြောင့် ဟံသာဝတီတိုက်နယ်ဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူခဲ့ရပါတယ်။
မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ ဝန်ကြီးတွေ၊ မကွေးတိုင်း လွှတ်တော်ဥက္ကဋ္ဌဦးတာနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ဂန့်ဂေါမြို့နယ်အတွင်းက ဒေသခံတွေနဲ့ တွေ့ဆုံပွဲတခုကို နှမ်းခါးကျေးရွာမှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီကနေ တိုင်းလွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့အဖွဲ့က ကလေးမြို့ဘက်ကနေ မုံရွာ၊ အဲဒီကတဆင့် မကွေးကို ပြန်ဖို့ ပြန်လည်ထွက်ခွာသွားခဲ့တာပါ။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာတော့ လွှတ်တော် ဥက္ကဋ္ဌက နေမကောင်းတဲ့အတွက် ကလေး-ဂန့်ဂေါလမ်းအတိုင်း ပြန်လည်ထွက်ခွာခဲ့ကာ ဂန့်ဂေါမြို့နယ်နှင့် ကလေးမြို့နယ်အစပ်ရှိ ဟံသာဝတီကျေးရွာက တိုက်နယ်ဆေးရုံမှာ ခေတ္တဝင်ရောက်ကာ ဆေးကုသမှုခံယူခဲ့ရတာပါ။
ဂန့်ဂေါမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးအောင်ဆန်းဝင်းက"အခုတော့ ကောင်းသွားပါပြီ။ သွေးတိုးတာပေါ့။ ဆေးခန်းခဏပြပြီး ဂန့်ဂေါလာ။ ဂန့်ဂေါမှာ ခဏနားတယ်။ သက်သာတဲ့အတွက် မကွေးကို ပြန်သွားပါပြီ။ လူကြီးဆိုတော့ ခရီးပန်းတာလည်း ပါတာပေါ့။ မနေ့ကလည်း မနက် ၆ နာရီလောက်ကတည်းက ဂန့်ဂေါမြောက်ပိုင်းက ရွာစဉ်တလျှောက်သွားရတယ်။ လူထုတွေ့ဆုံပွဲကလည်း နေ့လည်ထိ လုပ်ရတယ်။ မနက်ပိုင်းကလည်း ရာသီဥတုက အေးတယ်လေ။ အဲဒါလည်း ပါတာပေါ့။"လို့ ပြောပါတယ်။
လွှတ်တော်ဥက္ကဋ္ဌရဲ့ လက်ရှိ ကျန်းမာရေးအခြေအနေအားလုံးကောင်းတယ်လို့လည်း ဆေးကုသမှုပေးခဲ့ ဟံသာဝတီတိုက်နယ်ဆေးရုံက ဆေးရုံအုပ်ကြီး ဒေါက်တာ ခိုင်ဇော်ဝင်းက ပြောပါတယ်။
ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့က ၃ ရက်ကြာခရီးစဉ်အဖြစ် မကွေးတိုင်းအစိုးရအဖွဲ့နဲ့အတူ ဂန့်ဂေါမြို့က ဝန်ထမ်းအိမ်ရာဖွင့်ပွဲ၊ မြို့နယ်အတွင်းက ကျောင်းဖွင့်ပွဲ၊ လူထုတွေ့ဆုံပွဲတွေကို သွားရောက်ခဲ့ကြပါတယ်။
မကွေးတိုင်းဝန်ကြီးချုပ်နဲ့အဖွဲ့ကတော့ ချင်းပြည်နယ် ထန်တလန်မြို့ကို ဆက်လက်ထွက်ခွာသွားခဲ့ပြီး တိုင်းလွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတို့ကတော့ မကွေးကို ပြန်လာခဲ့ကြ ပါတယ်။