DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် အမျိုးသမီးများ၏ဘ၀ မလုံခြုံသေးဟုဆို
DVB
·
March 8, 2013
မြန်မာနိုင်ငံတွင် အမျိုးသမီးများ၏ဘ၀ မလုံခြုံသေးဟုဆို
1 / 2
Donate to DVB

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးကာလမှာ အမျိုးသမီးတွေရဲ့ဘ၀ လုံခြုံမှု မရှိသေးဘူးလို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က နိုင်ငံတကာအမျိုးသမီးများနေ့မှာ ပြောကြားလိုက်ပါတယ်။

ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေတဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေပေမယ့်လည်း ပြည်တွင်းနဲ့ ပြည်ပ မြန်မာအမျိုးသမီးတွေမှာ လုံခြုံမှု အားနည်းနေသလို အလုပ်အကိုင်အခွင့်အလမ်းနဲ့ အခြေခံစားဝတ်နေရေး မဖူလုံတဲ့ အမျိုးသမီးတွေ အများကြီး ရှိနေသေးတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်တင်တင်ညိုက ပြောပါတယ်။

“ဒီဘက်မှာအလုပ်လာလုပ်နေတဲ့ အမျိုးသမီးတွေအတွက်ရော၊ ဒုက္ခသည်စခန်းမှာရှိနေတဲ့ အမျိုးသမီးတွေအတွက်ရော၊ နောက် ပြည်တွင်းမှာ စစ်ဖြစ်နေတဲ့ဒေသတွေမှာရှိနေတဲ့ အမျိုးသမီးတွေအတွက်ရော ဘယ်နေရာမှာမဆို အမျိုးသမီးတွေအတွက် လုံခြုံမှုဆိုတာမရှိဘူးဖြစ်နေတယ်လေ။ ခေတ်ပျက်စနစ်ပျက်ဘ၀မှာ အမျိုးသမီးတွေရဲ့ဘ၀က ပိုဆိုးရွားသွားတဲ့အခြေအနေပေါ့။

“ဥပမာ လိင်ပိုင်းဆိုင်ရာကန့်သတ်မှုတွေအပြင်ကို ရောင်းစားခံရတာ။ တခြားလူ့အခွင့်အရေးချိုးဖောက်မှုတွေအပြင်ကို အခုအပြောင်းအလဲ ဖြစ်ပေါ်လာတဲ့အချိန်မှာလည်း အမျိုးသမီးတွေအတွက် လုံခြုံမှုပေးနိုင်တဲ့ယန္တရားတွေ မပေါ်လာသေးဘူး။ ဒီအတွက် အမျိုးသမီးအဖွဲ့တွေကနေ တတ်နိုင်သမျှအစအဆုံး ပြောဆိုဆွေးနွေးကြတာ ရှိပေမယ့်လည်း အမျိုးသမီးနဲ့အမျိုးသားတွေကြားမှာ ခွဲခြားဆက်ဆံမှုမရှိဘူးဆိုတဲ့ပုံစံမျိုးကလည်း ဦးဆောင်မှုပြုနေတဲ့ လူတွေကြားမှာရှိနေတယ်ဆိုတော့ အမျိုးသမီးတွေနဲ့ အဓိက သက်ဆိုင်တဲ့ လုံခြုံရေးပိုက်ကွန်ကို အမျိုးသမီးတွေကပဲ အဓိက ရက်လုပ်ရမယ်။ ကိုယ့်ကိုကိုယ် ကာကွယ်ရမယ်ဆိုတာမျိုး ရှေ့တန်းတင် ပြောဖြစ်ကြပါတယ်။”

ဒါကြောင့် သူတို့အဖွဲ့က ပူးပေါင်းပါဝင်တဲ့ ထိုင်းနိုင်ငံ ချင်းမိုင်က နိုင်ငံတကာအမျိုးသမီးများနေ့ အခမ်းအနားကို  (လုံခြုံမှုကို ပိုက်ကွန်ယက်ပါ) ဆိုတဲ့ ခေါင်းစဉ်နဲ့  စည်းရုံးလှုပ်ရှားခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသမီးတွေရဲ့ဘ၀ လုံခြုံရေးမှာ မိမိကိုယ်တိုင်လည်း ကာကွယ်ရမှာဖြစ်သလို မိမိ ရောက်ရှိနေတဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကလည်း ပူးပေါင်းပါဝင်ဖို့ လိုတယ်လို့ ပြောပါတယ်။

ဒီနေ့ ညနေပိုင်း ချင်းမိုင်မြို့ ထာ့ဖဲဂိတ်မှာ ကျင်းပခဲ့တဲ့ အခမ်းအနားမှာ ထိုင်းဌာနဆိုင်ရာအဖွဲ့အစည်းနဲ့  မြန်မာ့အရေး လှုပ်ရှားနေတဲ့ အမျိုးသမီးအဖွဲ့အစည်း၊ တိုင်းရင်းသူအဖွဲ့အစည်းတွေ အတူတကွ လမ်းလျှောက်ချီတက်ခဲ့ကြပါတယ်။

ဒီအခမ်းအနားမှာ ချင်းမိုင်လူမှုဖွံ့ဖြိုးရေးနဲ့ လုံခြုံရေးဦးစီးဌာနက ကိုယ်စားလှယ်၊ ထိုင်းနိုင်ငံ ဥပဒေ ပြုပြင်ပြောင်းလဲရေးကော်မတီ ဒုဥက္ကဋ္ဌတို့က အမျိုးသမီးဘ၀ လုံခြုံရေးနဲ့ အကာအကွယ်ပေးရေးတွေ  ပြောကြားခဲ့တယ်လို့ ဒေါ်တင်တင်ညိုက ပြောပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ ကိုယ်စားလှယ်တွေအနေနဲ့  ပြည်တွင်းမှာလုပ်တဲ့   နိုင်ငံတကာအမျိုးသမီးများနေ့ အခမ်းအနားတွေကို ပူးပေါင်းပါဝင်ခဲ့ရာမှာတော့ လက်ရှိ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းမှာ အမျိုးသမီးတွေ ပိုမိုပါဝင်ခွင့်ရရေး  စည်းရုံး ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့မှာတော့ ဒီနှစ် နိုင်ငံတကာအမျိုးသမီးများနေ့မှာ  ထူးထူးခြားခြား ကယားပြည်နယ်တခုလုံးက လူထုလူတန်းစားနဲ့ အဖွဲ့အစည်းအသီးသီးက အမျိုးသမီးတွေ လာရောက်ဆုံဆည်းပြီး ဖယ်ဒရယ်ပြည်ထောင်စု အခန်းကဏ္ဍတွေကို   ဆွေးနွေးခဲ့တယ်လို့ အခမ်းအနားဖြစ်မြောက်ရေးကော်မတီဝင် အယ်ဗလင်းက ပြောပါတယ်။

“ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ ဖက်ဒရယ်ရဲ့ အနှစ်သာရကို ပြောဖြစ်ကြတယ်။ အများစုက ဖက်ဒရယ်အပေါ်မှာ နားမလည်သေးတဲ့သူတွေလည်း ရှိတယ်။ နားလည်လျက်နဲ့ မကျင့်နိုင်သေးတဲ့သူတွေလည်း ရှိတယ်။ ဒီအပေါ်မှာ အမျိုးသမီးတွေရဲ့ အသံက အရေးကြီးတယ်။ မြန်မာတနိုင်ငံလုံးရဲ့ လူဦးရေမှာ အမျိုးသမီးက ထက်ဝက်ကျော်ပါနေတဲ့အတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ အမျိုးသမီးတွေ ပါဝင်သင့်တယ်၊ ဒါ့အပြင် အုပ်ချုပ်ရေး၊ နိုင်ငံရေးနဲ့ တရားဥပဒေစိုးမိုးရေးကဏ္ဍတွေမှာလည်း အမျိုးသမီးတွေ ပါဝင်ဖို့လိုအပ်တယ်၊ နေရာပေးဖို့ လိုအပ်တဲ့ဆိုတဲ့အကြောင်းတွေ ဆွေးနွေးခဲ့ကြတယ်။”

ဒီနေ့ဆွေနွေးပွဲမှာ  မြန်မာနိုင်ငံဥပဒေထဲက  အမျိုးသမီးတွေကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေတွေအကြောင်း၊ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုပပျောက်ရေးနဲ့ ကယားပြည်နယ် ဆိုတဲ့အမည်ကနေ ကရင်နီပြည်အဖြစ် ပြန်လည်ခေါ်ဆို သတ်မှတ်ရေးတွေလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်မှာတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနဲ့ စိုက်ပျိုးရေးအလုပ်သမားအဖွဲ့ (အေအက်ဖ်အက်ဖ်အမ်) က ဦးဆောင်ပြီး ကမ္ဘာ့အမျိုးသမီးများနေ့ အကြိုအခမ်းအနားကို “အမျိုးသမီးများအသံ ကမ္ဘာကြီးကို လှုပ်ခတ်စေမည်” ဆိုတဲ့ခေါင်းစဉ်နဲ့ မတ် ၆ ရက်နေ့က နိကာယ်ပရိယတ္တိစာသင်တိုက်မှာ ပထမဆုံးအကြိမ်ကျင်းပခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ အထည်ချုပ်စက်ရုံက အမျိုးသမီးအလုပ်သမားတွေ လုပ်အားခ အပြည့်အ၀မရတာ၊ ခွဲခြားဆက်ဆံခံရတာနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေကို ဆန့်ကျင် ဆန္ဒပြခဲ့ကြရာက နိုင်ငံတကာမှာ အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုတွေ ပျံ့နှံ့ခဲ့ပါတယ်။  အမျိုးသမီးလှုပ်ရှားမှု စတင်ခဲ့တဲ့ မတ် ၈ ရက်နေ့ကို နိုင်ငံတကာအမျိုးသမီးများနေ့ အဖြစ် ကမ္ဘာ့ကုလသမဂအဖွဲ့က  ၁၉၇၅ ခုနှစ်မှာ အသိအမှတ်ပြုပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013