DVB Logo
Home
Lead Story
သန္ဓေမမှန်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ ပြောင်းလဲချိန်တန်ပြီ (အယ်ဒီတာအာဘော်)
DVB
·
February 18, 2020
သန္ဓေမမှန်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ ပြောင်းလဲချိန်တန်ပြီ (အယ်ဒီတာအာဘော်)
Donate to DVB

“မျိုးစေ့မမှန် ပင်မသန်၊ ပွင့်တန်ငုံကင်း အသီးဖျင်း”ဟူ၍ မြန်မာတို့ ဆိုရိုးစကား ရှိခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ထိုနည်းနှင်နှင် ပြောရမည် ထင်ပါသည်။ အစကတည်းက သန္ဓေမမှန်ခဲ့ဟု ဆိုကြသည်။ အစကတည်းက အဘယ်ကြောင့် သန္ဓေမမှန်ခဲ့ပါသနည်း။

၁၉၈၈ ပြည်သူ့လှုပ်ရှားမှုအရေးတော်ပုံကြီးအား တပ်မတော်က အာဏာသိမ်းယူပြီးနောက် ပထမဆုံး ဗိုလ်ချုပ်မှူးကြီးအဖြစ် ဦးစောမောင် တက်လာခဲ့သည်။ သူ တက်ပြီး မကြာမီမှာ  ၁၄/၈၉ ဆိုပြီး ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်၏ အခန်း (၃)၊ ပုဒ်မ(၃) မှာ “ရွေးချယ်ခံရသော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ပြည်သူ့လွှတ်တော် ဖွဲ့စည်းရမည်။ ထိုရွေးကောက်ပွဲသည် အမျိုးသားဥပဒေပြုလွှတ်တော်ကို ဖွဲ့စည်းပေးစေနိုင်မည်”ဟူ၍ ဖြစ်သည်။

ထိုအချက်ဖြင့် နိုင်ငံရေးပါတီများ ၁၉၉၀ တွင် ရွေးကောက်ပွဲဝင်ခဲ့ကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမတ်ဦးရေ ၄၈၅ ဦးအနက် ၃၉၂ နေရာဖြင့် အမတ်အများဆုံး ရခဲ့သည်။

အဆိုပါရွေးကောက်ပွဲပြီးနောက် န.ဝ.တ စစ်အစိုးရက ၁/၉၀ ကို ထုတ်ပြန်ခဲ့သည်။ ၎င်းမှာ “အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ခဲ့ကြသော ပါတီအများစု၏ ဆန္ဒမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲရေး ဖြစ်သည်။ ထို့ကြောင့် လက်ရှိအခြေအနေ၌ ပြည်သူက ရွေးချယ်ထားသော ကိုယ်စားလှယ်များသည် အနာဂတ်ဒီမိုကရေစီနိုင်ငံအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရန် တာဝန်ရှိသူများ ဖြစ်သည်” ဟူ၍ပါရှိသည်။

သို့သော် တကယ်တမ်း ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင် အရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်များက ဦးဆောင်ကျင်းပခွင့်မရဘဲ ၁၉၉၂ မေလတွင် ရန်ကုန်တိုင်းမှူး ဒုဗိုလ်ချုပ်ကြီးမျိုးညွန့်ကို “အမျိုးသားညီလာခံကျင်းပရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ထားရှိပြီး  စစ်တပ်က ဦးစီးကာ ဖွဲ့စည်းလိုက်ပါတော့တယ်။ အနိုင်ရပါတီဖြစ်သည့် ဒီ/ချုပ် ပါတီ ကိုယ်စားလှယ် ၉၀ သာ ပါဝင်ခွင့်ရပါတော့သည်။

၁/၉၀ ထုတ်ပြန်ချက်နှင့် မတူသည့် လုပ်ဆောင်ချက်များကိုသာ လုပ်ကိုင်လာခဲ့ကြတော့သည်။ ထိုနည်းတူ “ဖွဲ့စည်းပုံကို ခင်ဗျားတို့ ရေးကြပါ။ ကျုပ်တို့တပ်ကို တရားခံမရှာပါနဲ့”ဟု ပြောခဲ့သူ ဗိုလ်ချုပ်မှူးကြီးစောမောင်လည်း တစခန်း သိမ်းသွားခဲ့တော့သည်။

အမျိုးသားညီလာခံ အစကတည်းက ကန့်ကွက်လိုက်၊ ရပ်နားလိုက်၊ ပြန်စလိုက်နှင့် အကြိမ်ကြိမ် ရပ်နားခဲ့ရသည်။ ဖွဲ့စည်းပုံအခြေခံမူ ပုဒ်မ ၆(စ) ပါ  “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်” ဆိုသည့်အချက်ကို ဒီချုပ်ပါတီက အပြင်းအထန် ကန့်ကွက်ခဲ့သည်။  ဤအချက်ကို ကန့်ကွက်သူတို့ အဖမ်းခံရသူ၊ ထွက်ပြေးကြရသူတွေလည်း ရှိခဲ့သည်။

ညီလာခံကို ဝေဖန်သူ၊ ဆန့်ကျင်သူတွေ အလွန်များလာသောအချိန်တွင် န.ဝ.တအစိုးရက ၅/၉၆ ကို ပြဋ္ဌာန်းလိုက်တော့သည်။ ထိုကြေညာချက်မှာ “အမျိုးသားညီလာခံအား လူသိရှင်ကြား ဝေဖန်ခြင်းသည် ထောင်ဒဏ်အနှစ် ၂၀ အထိ ကျခံစေနိုင်သည်” ဟူ၍ ဖြစ်သည်။ ဤသို့ဆိုလျှင် အမျိုးသားညီလာခံသည် ပွင့်လင်းမြင်သာသော ညီလာခံ ဟုတ်ပါ၏လောဟု အမေးတို့ ဖြစ်ပေါ်လာခဲ့တော့သည်။

ထို့နောက် ဒီချုပ်ပါတီက ညီလာခံလုပ်ထုံးလုပ်နည်း မပြင်ပေးပါက ဆက်လက်၍ ညီလာခံတက်ရန် ငြင်းဆန်ခဲ့သည်။ ညီလာခံအတန်ကြာ ရပ်ဆိုင်းပြီးနောက် ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့ကိုယ်စားလှယ်တွေ မပါဘဲ ညီလာခံကို ဆက်လက်ကျင်းပပြီး‌နောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်တပ်ကပဲ အလိုကျ ရေးဆွဲခဲ့ကာ နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပြည်သူလူထု သိန်းချီ သေကျေပျက်စီးနေချိန်၌ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၈ ခုနှစ်တွင် အတည်ပြုလိုက်ကြတော့သည်။

ဤသည်ကို ချင့်တွက်၍ စစ်မှန်သော ဒီမိုကရေစီစနစ်ကို လိုလားသော နိုင်ငံရေးသမားများ၊ ဥပဒေပညာရှင်များနှင့် တိုင်းရင်းသားများက  စစ်မှန်သော ဖွဲ့စည်းပုံ မဟုတ်ဟု အစဉ်တစိုက် ပြောဆိုလာခဲ့ကြသည်။

ယင်းဖွဲ့စည်းပုံအောက်မှ ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေး ပြဿနာသည် နိုင်ငံရေးပါတီများ အကြားတွင်လည်း ပြဿနာဖြစ်ခဲ့သည်။ ဖွဲ့စည်းပုံ လက်မခံသူများအကြားတွင်လည်း ဖွဲ့စည်းပုံကို ပြင်ဆင်ရေးနှင့် လုံးဝဖျက်သိမ်းပြီး အသစ်ရေးဆွဲရေး နှစ်မျိုး ကွဲခဲ့သည်။

ပြင်ဆင်ရေးသမားများက ရွေးကောက်ပွဲဝင်၍ ပြင်ဆင်ရန် စိတ်ကူးခဲ့ဟန်ရှိသည်။ ညီလာခံမတက်ခဲ့သော ဒီချုပ်ပါတီသည်ပင် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယခုလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဒီ/ချုပ်အနေဖြင့် ရေွးကောက်ပွဲတွင် ပေးထားသည့်ကတိအတိုင်း လွှတ်တော်တွင်း လမ်းကြောင်းကသာမက လွှတ်တော်ပြင်ပ လမ်းကြောင်းဖြစ်သည့်  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံနှင့် ချိတ်ဆက်ပြီး နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေဆဲ ဖြစ်သည်။

လတ်တလော လွှတ်တော်တွင်းမှ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရန် ဒီချုပ်ပါတီက အရှိန်မြှင့် ကြိုးပမ်းလာနေချိန်တွင် ဖွဲ့စည်းပုံကို မပြင်ဆင်လိုသည့် အင်အားစုများနှင့်  အချေအတင် ငြင်းခုံကန့်ကွက်မှုများ ပိုမိုပြင်းထန်လာမည်ကို မြင်တွေ့ရဖွယ် ရှိနေသည်။ သို့သော် လက်ရှိ ဖွဲ့စည်းပုံက ပေးထားသည့် အခြေအနေအရ တပ်မတော်၏ ထောက်ခံမှု မပါဘဲ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်မည့် အနေအထားမရှိပေ။

မည်သို့ပင်ဆိုစေ မျိုးစေ့မမှန်ခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံအား ပြင်ဆင်ခြင်း၊ သို့မဟုတ် ဖျက်သိမ်းခြင်း တခုခုကို ပြုလုပ်ရန်အချိန်တန်ပြီ ဖြစ်သည်။ မြန်မာပြည်သူတို့ကား တစ်ပါတီ အာဏာရှင်ရှင်စနစ်မှ စစ်အာဏာရှင်အုပ်ချုပ်ရေးအောက် ကာလအတန်ကြာ ခံစားခဲ့ရဖူးပြီ။

မြန်မာပြည်သူလူထုသည် စစ်မှန်ပြည့်ဝသည့် ဒီမိုကရေစီစနစ်၊ ဒီမိုကရေစီအစိုးရမျိုးနှင့် ထိုက်တန်သူများ ဖြစ်သည်။ ပြည်သူ့ကိုယ်စားလှယ်များအနေဖြင့် ယနေ့ကာလတွင် ပြည်သူကို အမှန်တကယ် တန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် ဒီမိုကရေစီစနစ်နှင့် မကိုက်ညီသည့် ဖွဲ့စည်းပုံပြင်ဆင်ပြောင်းလဲရေးအတွက် လွှတ်တော်အတွင်း ကြိုးပမ်းမှုများတွင် လိုက်ပါလုပ်ဆောင်ရန် အချိန်သင့် အခါသင့် ရောက်နေပြီဟု ယူဆမိပါကြောင်း တင်ပြလိုက်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013