DVB Logo
Home
မေးမြန်းခန်း
မြန်မာအိုင်စီတီနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် မေးမြန်းချက် – ၂
DVB
·
March 8, 2013
မြန်မာအိုင်စီတီနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် မေးမြန်းချက် – ၂
Donate to DVB

မြန်မာပြည်က လူငယ်တွေအတော်များများဟာ အင်တာနက်နည်းပညာသုံးပြီး ပြည်သူပြည်သား သတင်းသမားတွေ လုပ်ချင်ကြတယ်လို့ မြန်မာအိုင်စီတီနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း(မီဒို) (Myanmar ICT for Development Organization- MIDO)ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဘလော့ဂါ ဦးနေဘုန်းလတ်က ပြောပါတယ်။

ဦးနေဘုန်းလတ်ကို ဦးသန်းဝင်းထွဋ် တွေ့ဆုံမေးမြန်းချက် အပိုင်း ၂-နိဂုံး ဖြစ်ပါတယ်။



[caption id="attachment_37194" align="alignleft" width="300" caption="ဦးနေဘုန်းလတ်နဲ့ ဦးသန်းဝင်းထွဋ်"][/caption]

လူငယ်တွေ အင်တာနက်သုံးတယ်၊ လူမှုကွန်ယက်တွေသုံးတဲ့အခါမှာ သူတို့ကိုယ်တိုင်က တွေ့သမျှ မြင်သမျှကို ချင့်ချိန်ပြီး ယုံကြည်ဖို့ရာက အပိုင်း တပိုင်း။ တာဝန်ခံ၊ တာဝန်ယူတဲ့ ပို့စ်တွေ ဖြန့်တာက အပိုင်း တပိုင်း။ အဲ ၂ ပိုင်းလုံးအနေနဲ့ တွေ့သမျှက အားရစရာရှိပြီလား။


“သင်တန်းလိုက်ပေးပြီး နောက်ပိုင်းမှာတော့ သူတို့အများကြီး စဉ်းစားသွားတယ်။ သင်တန်းမပေးခင်အချိန်မှာတော့ တော်တော် ဆိုးဆိုးဝါးဝါးတွေဖြစ်တယ်။ ဘာမှန်းမသိဘဲ လိုက်ခ် လုပ်တယ်။ ဘာမှန်းမသိဘဲ ရှယ် လုပ်တယ်။ ကိုယ်ကိုယ်တိုင်ရေးတဲ့ သတင်းတွေကလည်း မပြည့်စုံဘူးပေါ့။ သင်တန်းပေးပြီး နောက်ပိုင်းမှာတော့ သင်တန်းသားတွေဆီက ပြန်ကြားရတာကတော့ သူတို့တော်တော်လေး စဉ်းစားလာတယ်။ Enter ကိုလွယ်လွယ်ကူကူ မခေါက်တော့ဘူးပေါ့။”

အင်တာနက်ကျင့်ဝတ်တွေပေါ့။ ဥပမာ အီးမေးလ်တွေပို့တဲ့အခါ ကိုယ့်သူငယ်ချင်းတွေရဲ့ အီးမေးလ်တွေပါ မြင်သာထင်သာရှိစွာနဲ့ တွဲပို့နေကြတာမျိုးတွေ၊ တခြားတယောက် သူ့ အီးမေးလ်လိပ်စာတွေပေါ်စေချင်လား မပေါ်စေချင်လား မစဉ်းစားဘဲ ပို့နေတာမျိုးတွေ၊ ဒါတွေနဲ့ပတ်သက်တဲ့ အင်တာနက်ဆိုင်ရာ ကျင့်ဝတ်တွေနဲ့ပတ်သက်လို့ရော ဆွေးနွေးတာမျိုး ရှိလား။

“ကျနော် သင်တန်းတွေမှာတော့ ပြောတယ်။ အခွင့်အရေးရရင်ရသလို ဂျာနယ်တွေမှာလည်း ပြောတယ်။ ပြဿနာက ဘာဖြစ်လဲဆိုတော့ တချို့တွေက အဲလိုပြောရင် တမျိုးမြင်တယ်။ အကုန်လုံးတော့ မဆိုလိုပါဘူး။ ဒီအွန်လိုင်းမှာရေးနေတဲ့ တော်တော်များများက ဘာဖြစ်လဲဆိုတော့ ဒါငါတို့ဝေါလ်၊ ငါတို့ပေ့ခ်ျပေါ့။ ငါတို့ရေးချင်တာ ရေးမယ်ဆိုတဲ့ သဘောမျိုး တချို့တွေက စဉ်းစားနေတာရှိတယ်။ လွတ်လပ်လွန်းခြင်း အစွန်းကို ရောက်နေတာပေါ့လေ။ ကျနော်တို့ တခါတလေ ဒါတွေသွားတွေ့ရတယ်။ ထိန်းချုပ်လွန်းခြင်းအစွန်းကနေ လွတ်လာတော့ လွတ်လပ်လွန်းခြင်းအစွန်းကို ရောက်လာတယ်။ ပြောရရင် ဒါကလည်း ဒီမိုကရေစီအတွက် အနှောင့်အယှက်ပါပဲ။”

တကယ်ပဲလွတ်လပ်ပြီလား။ ဥပမာပြောရင် ကိုနေဘုန်းလတ်ကိုယ်တိုင် ၂၀၀၄ အီလက်ထရောနစ်အက်ဥပဒေနဲ့ ဖမ်းဆီးထောင်ချခံခဲ့ရတယ်။ အခုရော ၂၀၀၄ အီလက်ထရောနစ်ဥပဒေနဲ့ပတ်သက်ပြီး လူငယ်တွေကြားမှာ စိုးရိမ်ပူပန်မှုတွေ လုံးဝ မရှိတော့ဘူးလား။

“မရှိဘူး။ မရှိဘူးဆိုတာ သူတို့မသိလို့။ မသိလို့ မရှိတာ။ လွတ်လပ်ပြီလားဆိုတာမှာ လွတ်လပ်မှုကိုပေးထားတဲ့ သဘောရှိတယ်။ အမှန်အတိုင်းပြောမယ်ဆို အကူးအပြောင်းကာလမို့သာ အစိုးရက တချို့ဟာတွေ လျှော့ပေးထားတာရှိတယ်။ အီလက်ထရောနစ်အက်ဥပဒေက အခုအချိန်ထိ အသက်ဝင်နေသေးတယ်။ ဖမ်းချင်ရင်ဖမ်းလို့ရတယ်။ အချိန်မရွေး အနည်းဆုံး ၇ နှစ်၊ အများဆုံး ၁၅ နှစ်ချလို့ရတယ်။ အဲဒါတွေကို လူငယ်တွေက မသိဘူး။ ကျနော်လည်း လွတ်လာတယ်။ အခုအချိန်ထိ ရေးနေသမျှတွေကိုလည်း ဘာမှဖမ်းဆီးအရေးယူခြင်း အစိုးရက မလုပ်တဲ့အခါကျတော့ ဥပဒေဘက်ပိုင်းကို နည်းနည်းမေ့နေတာပေါ့။ Legal Danger ကရှိနေတယ်။ လွတ်လပ်တယ်။ မလုံခြုံသေးဘူးပေါ့။ လုံခြုံမှုရဖို့အတွက်က ဒီအီလက်ထရောနစ်အက်ဥပဒေကို ပြင်ရမယ်။ တချို့ကျတော့လည်း ဆိုင်ဘာနဲ့ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ ဘာဥပဒေမှမလိုဘူးဆိုတာမျိုး စဉ်းစားတာမျိုးလည်း ရှိတယ်။ ကျနော်ကတော့ အဲလိုမျိုးလည်း မစဉ်းစားစေချင်ဘူး။”

မီဒိုက မြန်မာပြည်တ၀န်း လှည့်လည်သွားလာတဲ့အခါ လူငယ်တွေအသိုင်းအ၀ိုင်းကြားမှာရော လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ပတ်သက်လို့၊ ၂၀၀၄ အီလက်ထရောနစ်အက်ဥပဒေ ပယ်ဖျက်ရေးတွေနဲ့ ပတ်သက်လို့ရော လူငယ်တွေက ကိုယ့်အခွင့်အရေးကိုယ်တောင်းဆိုလှုပ်ရှားဖို့ ဆန္ဒ၊ သဘောထား၊ အမြင်တွေ အခြေအနေတွေရော ဘယ်လိုဖြစ်နိုင်လဲ။

“သိပ်မသိကြဘူး။ အမှန်အတိုင်းပြောရရင် ဥပဒေနဲ့ပတ်သက်လို့ လေ့လာရကောင်းမှန်းလည်း မသိကြသေးဘူး။ အားနည်းသေးတယ်။ ဥပဒေတွေ ပြင်ဆင်ရေးကိစ္စ၊ ထပ်မံ အသစ်ရေးဆွဲတဲ့ကိစ္စတွေမှာ ပြည်သူလူထုကိုယ်တိုင်က ပူးပေါင်းပါဝင် ဆောင်ရွက်ခွင့်ရှိတယ် ဆိုတဲ့အသိလည်း မရိသေးဘူး။ ဥပဒေဟာ ငါတို့နဲ့မဆိုင်ဘူး။ ဥပဒေပြုရေးလုပ်တာက လွှတ်တော်ကိုယ်စားလှယ်တွေကိစ္စဆိုပြီး နားလည်ထားတယ်ပေါ့။”

လွှတ်တော်ကိုယ်စားလှယ်တွေမှာ လူငယ်တွေလည်း ရှိပါတယ်။ လူငယ်တွေနဲ့ အဆက်ပြတ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ လူငယ်တွေရဲ့ သတင်းနည်းပညာ အိုင်တီနဲ့ ပတ်သက်ပြီး တော်တော်လေး ထဲထဲဝင်ဝင်စဉ်းစားတာမျိုး၊ လှုပ်ရှားတာမျိုးတွေ လွှတ်တော်ကိုယ်စားလှယ်တွေ အသိုင်းအ၀ိုင်းမှာ မြင်ရလား။ အားရလား။

“အားမရဘူး။ သူတို့ကိုယ်တိုင်ကလည်း အမှန်အတိုင်းပြောရရင် အားနည်းတယ်။ နည်းပညာနဲ့ ပတ်သက်ရင် အားနည်းချက်တွေက လွှတ်တော်ကိုယ်စားလှယ်တွေတင်မကဘူး ၀န်ကြီးပိုင်းတွေရော၊ တကယ့် အုပ်ချုပ်ရေးပိုင်းကလူတွေရော Facebook သုံးနေတာရှိတာပဲလေ။ သူတို့သုံးတဲ့အခါမှာ နည်းပညာနဲ့ပတ်သက်ပြီး အားနည်းချက်တွေ တွေ့နေရတယ်။”

ဒီအင်တာနက် နည်းပညာ လူငယ်တွေကြားမှာ ထွန်းကားဖို့။ နောက် အင်တာနက်လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို အရေးဆိုတဲ့ လှုပ်ရှားမှုတွေထက်စာရင် လွှတ်တော်ထဲမှာ ဥပမာ ဒေါက်တာဆိတ်ဖွား ဘယ်သူလဲဆိုတာမျိုးနဲ့ အလုပ်ရှုပ်နေတာကို လူငယ်တွေကြား ဘယ်လိုဝေဖန်ချက်တွေ ရှိလဲ။

“နည်းပညာနားလည်သူတွေ တော်တော်များများက ပြောပါတယ်။ ဒေါက်တာဆိတ်ဖွားကို ရှာဖို့ဆိုတာ နည်းနည်းတော့ခက်တယ်။ နောက် အပိုအလုပ်တွေလို့ ထင်ကြတယ်။ အပိုအလုပ်ဆိုတာထက် လူငယ်တွေကို နည်းနည်း အီလက်ထရောနစ်အက်ဥပဒေ ရှိနေသေးတယ်ဆိုတာမျိုး၊ ဒါမျိုးရေးရင် ဒါမျိုးလုပ်လို့ရတယ်ဆိုတာမျိုး ခြောက်လိုက်တဲ့ ပုံစံမျိုးတွေလည်း ဖြစ်တယ်။ အင်တာနက်လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ကျနော်တို့ မီဒိုက ဇွန်လလောက်ထဲမှာ Internet Freedom Forum ဆိုတာ လုပ်ဖို့ရှိတယ်။ အဲဒါက ပြည်သူလူထုကိုလည်း အင်တာနက် လွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့ awareness (နားလည်သဘောပေါက်မှု) မြင့်လာအောင်လုပ်မယ်။ ဖြစ်နိုင်ရင် ကိုယ်စားလှယ်တွေ၊ ဥပဒေရေးဆွဲသူတွေကိုပါ ဖိတ်ခေါ်ပြီးတော့၊ သူတို့ကိုယ်တိုင်ကလည်း ဒါဟာ လိုအပ်တယ်ပေါ့။ ICT for Development ဆိုတာ ရှိတယ်။ ICT 4D ဆိုတာရှိတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိုင်စီတီကဏ္ဍပါတိုးတက်ဖို့ လိုတယ်။ အိုင်စီတီတိုးတက်မှုဟာ တိုင်းပြည်တိုးတက်မှုနဲ့ တိုက်ရိုက်အချိုးကျနေတယ်ဆိုတဲ့ သိမှုမျိုး သူတို့ထဲ ၀င်သွားအောင်။ နောက် အင်တာနက်လွတ်လပ်ခွင့်ဆိုတာလည်း လွတ်လွတ်လပ်လပ်ပေးရေးထားတာမျိုးတင် မဟုတ်ဘူး။ သူများတွေ မြန်မြန်သုံးလို့ရပြီး ကျနော်တို့ မြန်မြန်သုံးမရတာလည်း ဒါ အင်တာနက်လွတ်လပ်ခွင့် ချိုးဖောက်ခံနေရတာပဲ။”

ကိုနေဘုန်းလတ်တို့ မီဒိုကနေ မြန်မာတပြည်လုံး လှည့်ပြီးတော့ ဝေးလံခေါင်ဖျားတဲ့ဒေသက လူငယ်တွေကို အိုင်စီတီနည်းပညာတွေ သင်ပေးတယ်။ နောက် ကျင့်ဝတ်တွေနဲ့ပတ်သက်ပြီးတော့၊ လူမှုကွန်ရက်တွေနဲ့ပတ်သက်ပြီးတော့ သင်တန်းတွေပေးတယ်။ တကယ့် တကယ် လူငယ်တွေကို ဖြည့်ဆည်းပေးရမယ့် တာဝန်ရှိပုဂ္ဂိုလ်တွေမှာလည်း အိုင်စီတီနည်းပညာတွေကို ရိပ်မိနားလည်တာ နည်းနေမယ်ဆိုရင် တာဝန်ရှိလူကြီးတွေကိုရော မသင်ပေးသင့်ဘူးလား။

“သင်ပေးသင့်တာပေါ့။ သူတို့သင်ချင်တယ်ဆိုရင် မီဒိုက သင်ပေးဖို့အဆင့်သင့်ပါ။ လူကြီးများအတွက် သီးသန့်သင်တန်းရော။ ကျနော်တို့က လယ်သမားတွေအတွက် အိုင်စီတီ၊ အခြေခံလူတန်းစားတွေအတွက် အိုင်စီတီ၊ လွှတ်တော်ကိုယ်စားလှယ်တွေအတွက် အိုင်စီတီ ဆိုပြီး သင်ရိုးညွှန်းတန်းတွေ ပြုစုနေတာရှိတယ်။ ၀န်ကြီးတွေ၊ လွှတ်တော်ထဲက တခြားလူကြီးတွေ သိချင်တတ်ချင်တယ်ဆိုရင်လည်း သင်ပေးလို့ရပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013