ငဖဲမြို့နယ်အတွင်း လူ ၅၀ ခန့် ပါဝင်သည့် ကြက်ဝိုင်းအား တိုင်းရဲ ဝင်ရောက်ဖမ်းဆီး
DVB
·
February 16, 2020
မကွေးတိုင်း ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာအနီးမှာ လူဦးရေ ၅၀ လောက် ပါဝင်တဲ့ ကြက်တိုက်လောင်းကစားဝိုင်းကို တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၅ ရက်က ဝင်ရောက် ဖမ်းဆီးခဲ့ပါတယ်။
အဲ့ဒီလိုဖမ်းဆီးရာမှာ လူ ၈ ဦး၊ ကြက် ၄ ကောင်၊ ဆိုင်ကယ် ၂၂ စီးနဲ့လောင်းကြေး ငွေ ၅ သိန်းကျော် ဖမ်းမိခဲ့တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံက သိရပါတယ်။
ပဒါန်းကျေးရွာအနီး ကျောက်တန်းလေးကန် အရှေ့တောင်ဘက်ဝါးရုံတောအတွင်း ကြက်တိုက်လောင်ကစားလုပ်နေတယ်ဆိုတဲ့ သတင်းအရ တိုင်းရဲတပ်ဖွဲ့ ဒုရဲမှူးအောင်နိုင်ဦး ခေါင်းဆောင်တဲ့ တပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးရမိတဲ့သူတွေကတော့ ကြက်ဒိုင်ဖိုးဇော်(ခ)ဆန်းထိုက်၊ လောင်းကစား စာရင်း ကိုင်မင်းဦး၊ ကြက်ကု ဇော်ဌေး၊ ကြက်တိုက်လောင်းကစားနေသူများဖြစ်တဲ့ တင်ထွန်းအောင်၊ လှိုင်မျိုးထွန်း၊ ဝင်းမြိုင်၊ဇော်မင်းဦးနဲ့ ဆန်းမင်းနိုင်တို့ဖြစ်ပြီး ကျန်လူတွေ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ တိုင်းရဲတပ်ဖွဲ့ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့မှ ရဲအုပ်မျိုးလွင်က ပြောပါတယ်။
ဖမ်းမိတဲ့ လူတွေဆီက လောင်းကြေးငွေ ၅ သိန်းကျော်၊ တိုက်ကြက်ဖ ၄ ကောင်နဲ့ ဆိုင်ကယ်၂၂ စီးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ အဲဒီ ၈ ဦးကို ပဒါန်းနယ်မြေရဲစခန်းက (ပ)၁၁/၂၀၂၀၊လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က)နဲ့ အမှုဖွင့်အရေးယူထားပါတယ်။
တင်ရွှေ(မင်းဘူး)