DVB Logo
Home
Lead Story
လက်နက်ကိုင်ပဋိပက္ခအိပ်မက်ဆိုးမှ ကလေးငယ်များလွတ်မြောက်စေလို
DVB
·
February 14, 2020
လက်နက်ကိုင်ပဋိပက္ခအိပ်မက်ဆိုးမှ ကလေးငယ်များလွတ်မြောက်စေလို
Donate to DVB

“ဟေး..လာ..မိတ်ဆွေတို့ရေ…ကလေးငယ်များ ပျော်ပါစေ” ..။ ထူးအိမ်သင်၏ သီချင်းစာသားလေးက ပြန့်လွင့်နေသည်။ ကလေးငယ်များလည်း အမှန်တကယ်ပျော်နေကြသည်။ အချို့က ဗိုလ်ချုပ်အောင်ဆန်းကဗျာကို သံပြိုင်ရွတ်ဆိုနေကြသည်။ အချို့က ဗိုလ်အောင်ဆန်းကဗျာရွတ်၍ ပြိုင်ပွဲဝင်သူကဝင်၊ ပဲပြုတ်နံပြားကို ပလုပ်ပလောင်း စားသူကစား၊ အပူအပင်မဲ့ ကျောင်းရှေ့တွင် ကစားသူက ကစားနေသည်။

ဖေဖော်ဝါရီ ၁၃ ရက်သည် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့။ ထို့အပြင် “ကလေးများနေ့”။ ကျောင်းပိတ်ရက်ရုံးပိတ်ရက်ကားမဟုတ်။ သို့သော် မြန်မာနိုင်ငံရှိ ကျောင်းများတွင် ပျော်ပွဲရွှင်ပွဲ၊ ကဗျာရွတ်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကျပန်းစကားပြိုင်ပွဲ၊ စကားရည်လုပွဲများ ကျင်းပပေးခဲ့ကြသည်။ အချို့ကမူ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းဟော ပြောပွဲများကျင်းပကြသည်။   

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်ရှိ ခမီးချောင်းကျေးရွာသည် မနက်လင်းအားကြီး အချိန်ကတည်းက ပစ်ခတ်သံများ ကြားနေရသည်။ တိုက်ပွဲနေရာဖြင့်မဝေးလှ။ ကီလိုမီတာ ၁၂၀၀ ခန့်အကွာ ကံပိုင်ချောင်ဘက်ဆီမှ တဖျောက်ဖျောက်ဖြင့် သေနတ်သံများကြားနေရသည်။ တိုက်ပွဲဖြစ်ကြခြင်းက ခမီးချောင်းရွာနေသူ့အတွက် အစိမ်းသက်သက်မဟုတ်။ ကြားနေကျ၊ ဖြစ်နေကြဖြစ်သည့်အတွက် အစဉ်အလာမပျက်ကျောင်းဖွင့်ခဲ့သည်။ ကလေးများနေ့ ဖြစ်၍လည်း အရင်လို စည်းကမ်းတင်းကြပ်မထားမိခဲ့။ ကလေးတချို့မှာ ကျောင်းရှေ့တွင်လည်းကောင်း၊ အချို့က အခန်းတွင်၌လည်းကောင်း ဆော့နေကြသည်။ ကျောင်းကား လူမစုံသေးသဖြင့် ဆရာ/ဆရာမများ လည်း စာသင်ရန်စောင့်စားနေကြသည်။  

  နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် ပေါက်ကွဲသံကြီး ရုတ်တရက်ထွက်ပေါ်လာပြီး ကျောင်းဆောင်ခေါင်မိုးကြီး တခုလုံး ပွင့်ထွက်သွားသည်။ ဆော့ကစားနေသော ကလေးငယ်များ လည်း အထိတ်တလန့်ဖြစ်ကာ ပြေးသူပြေး။ ဟစ်အော်၍ ငိုသူကငိုနှင့် တကျောင်းလုံး ဆူညံ၍ ရုန်းရင်းဆန်ခတ်ဖြစ်သွားသည်။ အချို့ကလေးငယ်များတွင် လဲကျသူက လဲကျနေသည်။ အချို့က သွေးအလိန်းလိန်းနှင့်တွေ့ရသည်။ စုစုပေါင်း ကလေးငယ် ၂၁ ဦး ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။ KG တန်းမှ ၅ နှစ်အရွယ် ကလေးတယောက်လည်းပါဝင်နေသည်။

   ဖြစ်စဉ်တွင် အေအေနှင့် တပ်မတော်တို့ တိုက်ပွဲငယ်တခုဖြစ်ခဲ့သည်ဟုဆိုသည်။ အဆိုပါ လက်နက်ကြီးကို မည်သည့်ဘက်မှ ပစ်ခတ်သည်ဟုမသိရ။ လက်သည်တရားခံမပေါ်ခဲ့။ အေအေ ကလည်း တပ်မတော်ဟု စွပ်စွဲသည်။ တပ်မတော်ကလည်း  အေအေအဖွဲ့လက်ချက်ဟုဆိုသည်။ တဖွဲ့တဖွဲ့လွှဲချခြင်းဖြင့် လူထုသာ ကြားမှ တန်ဆာခံဖြစ်နေရသည်မှာ ယခုမှမဟုတ်။ တိုက်ပွဲဖြစ်ရာနေရာတိုင်းရှိ လူထုမှာ ‘ငဝက်’ ဒဏ်ခံခဲ့ရပေါင်းများပြီ။ ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်ချိရေးအတွက် အသုံးချသည်လည်း ဖြစ်နိုင်သည်။ မကျွမ်းကျင်သောကြောင့် မတော်တဆ ကျရောက်သည်လည်း ဖြစ်နိုင်သည်။ သို့သော် မည်သည့်အဖွဲ့အစည်းကမျှ တာဝန်ယူမှု တာဝန်ခံမှုမရှိ၊ လွှဲချအပြစ်တင်ခြင်းအဆင့်၌သာ ဖြစ်ရပ်တို့ ပြီးဆုံးသွားခဲ့ရသည်။

ဖြစ်ရပ်တို့ ပြီးဆုံးသွားပြီဆိုသော်လည်း လူထုနှလုံးသားဒဏ်ရာနှင့်ခံစားမှုက ဆုံးခန်းမတိုင်ခဲ့။ “စာသင်ကျောင်း၊ ဆေးရုံတို့ကို ပစ်ခတ်ထိခိုက်ခြင်းမရှိစေရ” ဆိုသော အခြေခံစစ်စည်မျဉ်းကိုပင် မထိန်းသိမ်းနိုင်ခဲ့ကြပေ။ ထိုသူများ၏လက်ထဲသို့ နိုင်ငံတော်အာဏာအပ်နှင်းရမည်ဆိုလျှင် အနာဂတ်ကလေးငယ်များအတွက် ရင်လေးစရာပင်။

ယင်းဖြစ်ရပ်အပေါ်တွင် ပြည်တွင်းနှင့် ပြည်ပက အရပ်ဘက်အဖွဲ့အစည်းအချို့ကလည်း ကန့်ကွက်ခဲ့ကြသည်။ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးများအပေါ် အကြမ်းဖက်မှု အဖြစ်ရှုတ်ချကြသည်။ ကျင့်ဝတ်အရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေများအရဖြစ်စေ လိုက်နာကျင့်သုံးရမည့် တာဝန်ကိုချိုးဖောက်မှုအဖြစ် ထောက်ပြကြသည်။ ကျောင်းသားကလေးငယ်များကို ထိခိုက်စေသည့် ပစ်ခတ်တိုက်ခိုက်မှုများအားလုံးကို ရပ်တန့်ရန်နှင့် ကလေးသူငယ်များကို အကာအကွယ်ပေးရန်တောင်းဆိုကြသည်။

အဆိုပါတိုက်ခိုက်မှုကိုပြည်သူလူထုကလည်း ပြစ်တင်ကဲ့ရဲ့ကြသည်။ မြန်မာနို်ငငံ၌ နှစ်ပေါင်းကြာရှည် ပဋိပက္ခအတွင်း ထိုသို့ပြုလုပ်ခဲ့ပေါင်းလည်း များပြားနေပြီဖြစ်သည်။ သို့သော် မည်သည့်လက်ကိုင်အဖွဲ့အစည်းကမှ မဆင်ခြင်ခဲ့ကြပေ။

ပြည်တွင်းငြိမ်းချမ်းရေးမရမချင်း အလားတူ အနိဋ္ဌာရုံများကို  မြန်မာလူထုအနေဖြင့် ဆက်လက်ရင်ဆိုင်ခံစားနေရဦးမည်ပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ တိုင်းပြည်အနာဂတ်၏ ကလေးငယ်များပျော်စေချင်သည်။ လက်နက်ကိုင်ပဋိပက္ခအိပ်မက်ဆိုးကြီးမှ ကလေးငယ်များ လွတ်လပ်စွာ ပျော်ပါးနိုင်ဖို့ဆိုလျှင်  သက်ဆိုင်သူတို့ အသိတရားရချိန်တန်ပြီဟု ပြောရုံမှတပါး အခြားမရှိတော့ပြီ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013