DVB Logo
Home
မေးမြန်းခန်း
မြန်မာအိုင်စီတီနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် မေးမြန်းချက် – ၁
DVB
·
March 7, 2013
မြန်မာအိုင်စီတီနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် မေးမြန်းချက် – ၁
Donate to DVB

မြန်မာပြည်က လူငယ်တွေအတော်များများဟာ အင်တာနက် နည်းပညာ သုံးပြီး ပြည်သူပြည်သားသတင်းသမားတွေ လုပ်ချင်ကြတယ်လို့ မြန်မာအိုင်စီတီနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း(မီဒို) (Myanmar ICT for Development Organization- MIDO)ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဘလော့ဂါ ဦးနေဘုန်းလတ်က ပြောပါတယ်။

ဒီဗွီဘီသတင်းဌာနနဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ သူက ခုလို ပြောလိုက်တာဖြစ်ပါတယ်။

ဦးနေဘုန်းလတ်ကို ဦးသန်းဝင်းထွဋ်က တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။

မြန်မာပြည်အနှံ့ သင်တန်းတွေ ဖြန့်ဝေပေးနေတဲ့ မီဒိုအကြောင်း ရှင်းပြပေးပါ။

[caption id="attachment_37162" align="alignleft" width="264" caption="ဦးနေဘုန်းလတ်နဲ့ ဦးသန်းဝင်းထွဋ်"][/caption]

“Myanmar ICT for Development Organization (MIDO)ကတော့ မြန်မာအိုင်စီတီနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းပေါ့။ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာ နည်းပညာပိုင်းအနေနဲ့ ဘယ်လို အထောက်အပံ့ပေးနိုင်မလဲပေါ့။ ပထမကတော့ အိုင်စီတီ သတင်းနဲ့ဆက်သွယ်ရေးနည်းပညာတွေကို နယ်တွေကို သင်ပေးလိုက်ချင်တယ်။ နယ်ကလူတွေက ရန်ကုန်တက်ပြီး စာသင်ဖို့ အခက်အခဲရှိတယ်။ နယ်နဲ့ မြို့ကြီးတွေရဲ့ကြားမှာ နည်းပညာကွာဟမှု အရမ်းကို ကြီးနေတယ်။ အဲဒါကို ကွာဟချက်မကြီးအောင် ကျနော်တို့ လိုက်သင်နေတာ။ ကွာတာကတော့ အခြေခံအဆောက်အအုံပိုင်းက တော်တော် ကွာတယ်။ နောက်တခုက အသုံးပြုမှုအပိုင်း၊ တချို့နေရာတွေမှာ နည်းပညာတွေက ရှိတော့ရှိနေတယ်။ ဒါပေမယ့် လူငယ်တွေ အသုံးပြုမှုအပိုင်းကျတော့ တချို့က ဖျော်ဖြေရေးလုပ်နေတာတို့၊ အပျော်သုံးနေတာတို့ အဲဒါတွေ ပိုများနေတယ်။ ကျနော်တို့ အင်တာနက်တွေ စပေါ်လာတုန်းက ရန်ကုန်မှာ ဖြစ်သလိုပဲ တချို့နယ်တွေမှာ အင်တာနက်ဆိုတာ တခြားဘာတွေသုံးလို့ရသေးတယ်ဆိုတာ နားမလည်ဘဲနဲ့ ချက်တင်ဝင်ဖို့ရယ်၊ ဖျော်ဖြေရေးအတွက် သုံးနေတာမျိုး။ အဲဒါတွေက နယ်တွေမှာ အများကြီး ဖြစ်နေတာပေါ့။ အဲဒါကြောင့် နည်းပညာနဲ့ ပတ်သက်တဲ့ သင်တန်းတွေကို နယ်အနှံ့လိုက်ပြီး ပေးဖြစ်တာပါ။”

မီဒိုရဲ့ အခုလှုပ်ရှားမှုအရ ဘယ်နယ်တွေ ရောက်ခဲ့ပြီးပြီလဲ။

“ကျနော်တို့က တိုင်းနဲ့ပြည်နယ် ၁၄ ခုလုံးကို သွားဖို့ အစီအစဉ်ရှိတော့ မရောက်သေးတာ ကချင်ရှိမယ်။ ရခိုင်ဆို ဒီလထဲမှာ သွားဖို့ရှိတယ်။ ကချင်ပဲ ကျန်တော့တယ်။”

နေရာတော်တော်များများ ရောက်ပြီးပြီဆိုတော့ မြို့တွေ၊ မြို့ပြတွေနဲ့ ဝေးလံတဲ့နေရာဒေသတွေ နည်းပညာ ကွာဟချက် ဘယ်နေရာမှာ အကြီးမားဆုံးလဲ။

“တချို့နေရာတွေဆို နောက်ဆုံးအဆင့်အရ အင်တာနက်ရရမယ်။ အင်တာနက်မရခင်မှာ နောက်တဆင့် ချပြီး ပြောမယ်ဆိုရင် မီးလာရမယ်။ တချို့နေရာတွေမှာ မီးကို မလာတဲ့နေရာမျိုးတွေ ရှိတယ်။ အဲလိုနေရာတွေကိုလည်း သွားတယ်။ တနေကုန် မီးစက်နဲ့ သင်ရတယ်။ အင်တာနက်မရတဲ့ နေရာတွေလည်း ရှိနေတယ်။ အဲဒါမျိုးကျတော့ ကျနော်တို့ ကွန်ပျူတာအခြေခံပဲ သင်ရတယ်။ အင်တာနက် ရတဲ့နေရာတွေ ကျပြန်တော့လည်း အင်တာနက်သာ ရနေတယ်။ လူငယ်တွေရဲ့ အသုံးပြုမှုက ကိုယ့်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့မဖြစ်တာမျိုးတွေ တွေ့လာရတယ်။ အဲလိုနေရာမျိုးတွေကျတော့ ကျနော်တို့က ဖွံ့ဖြိုးတိုးတက်မှုအတွက် နည်းပညာကို ဘယ်လိုသုံးလို့ရတယ်ဆိုတာ ပြောရတာပေါ့။”

နယ်တွေသွားတဲ့အခါကျတော့ လူငယ်တွေ အလွှာမျိုးစုံ တွေ့ခဲ့တယ်။ တက္ကသိုလ်ပညာရေးလိုက်စားတဲ့ လူငယ်နဲ့ဆိုင်တဲ့ အင်တာနက် အသုံးပြုပုံ၊ လယ်ယာစိုက်ပျိုးရေးလုပ်နေတဲ့ လူငယ်တယောက်ရဲ့ အင်တာနက်အသုံးပြုပုံ၊ မွေးမြူရေးလုပ်နေတဲ့ လူငယ်တယောက်ရဲ့ အင်တာနက်အသုံးပြုပုံ စသဖြင့် အလားအလာ ဘယ်လိုတွေ့ရလဲ။

“အခုလောလောဆယ် ကျနော်သွားတဲ့အချိန်မှာ အများဆုံးတွေ့ရတာကတော့ အဲလိုတွေ မတွေ့ရဘူး။ တက္ကသိုလ်တက်နေတဲ့ လူငယ်တယောက်က သူနဲ့သက်ဆိုင်တဲ့ ဘာသာရပ်တခုခုကို အထောက်အကူပြုဖို့အတွက် အင်တာနက်သုံးတာမရှိဘူး။ လယ်ယာကဏ္ဍနဲ့ပတ်သက်လို့လည်း လယ်ယာကဏ္ဍနဲ့ချိတ်ဆက်မှုလည်း မရှိကြဘူး။ ကျနော်တွေ့ရအများဆုံးကတော့ တယောက်နဲ့တယောက် ဆက်သွယ်ဆောင်ရွက်ချင်တာတွေ ရှိတယ်။ အများဆုံးက ဘာလဲဆိုတော့ ဂျာနယ်လစ်ဇင်ပေါ့။ သူတို့ဒေသတွင်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို သတင်းတွေပို့ချင်တယ်။ အဲဒါတွေကို ဘယ်လိုပို့ရမလဲပေါ့။ Citizen Journalist ဖြစ်ချင်တဲ့သူက တော်တော်များတယ်။”

ကိုယ်နယ့်မှာဖြစ်နေတာတွေကို သတင်းဌာနနဲ့ဆက်သွယ်ပြီး သတင်းပို့ချင်ကြတဲ့သူတွေ သတင်း၊ အိုင်တီနည်းပညာကို စိတ်ဝင်စားတဲ့လူငယ်တွေက ပိုများတယ်ပေါ့။ သူတို့အတွက် မီဒိုက  ဘာတွေလုပ်ပေးနိုင်မလဲ။ ဘာတွေကူညီပေးနိုင်မလဲ။

“ပထမ ကျနော်က နည်းပညာတွေ ဘယ်လိုသုံးရလဲဆိုတာ လိုက်သင်တယ်။ သင်တဲ့အခါ ခုနက တွေ့ရှိချက်ကို တွေ့လိုက်ရတယ်။ Citizen Journalist သဘောမျိုး သတင်းပို့ချင်တဲ့လူတွေက အတိုင်းအတာတခုအထိ တော်တော်များနေတာတွေ့ရတော့ သူတို့ကို နည်းပညာတွေချည်းပဲ သင်ပေးရုံနဲ့မလုံလောက်တာကို သွားတွေ့ရတယ်။ နည်းပညာချည်းပဲ နားလည်ပြီး ဂျာနယ်လစ်ဇင်နဲ့ ပတ်သက်ပြီး နားမလည်တဲ့အခါ သူတို့ပြောသမျှက သတင်းမဖြစ်ဘူး။ တခါတခါကျ အရမ်း စိတ်ခံစားမှုများနေတယ်ပေါ့။ နောက်ပိုင်း ကျနော့်ရဲ့ သင်တန်းတွေမှာ ဘာပါထပ်ဖြည့်ဖို့ စဉ်းစားထားလဲဆိုတော့ ဂျာနယ်လစ်ဇင်နဲ့ပတ်သက်တာတွေ၊ အိုင်တီနဲ့ ဂျာနယ်လစ်ဇင်တွဲပြီးတော့ အဓိက ရည်မှန်းတာက CJတွေ၊ တကယ့်အရည်အချင်းပြည့်ဝတဲ့ CJ တွေတနိုင်ငံလုံးအနှံ့ပေါ်လာဖို့ ဦးတည်ပြီးတော့ CJ အတွက် သီးသန့် သင်တန်းပေးတာတွေပါလုပ်ဖို့ စဉ်းစားနေပါတယ်။”

နယ်ပေါင်းစုံမှာ အခု လူငယ်တွေက ကွန်ပျူတာ၊ အင်တာနက်တွေသုံးတယ်။ Facebook လို လူမှုရေးကွန်ယက်တွေသုံးတယ်။ လူမှုရေးကွန်ယက်ထဲမှာ အတည်ပြုရတဲ့ သတင်းရော၊ အတည်ပြုလို့မရတဲ့ သတင်းတွေ ရောနေတဲ့အပေါ်မှာ လူငယ်တွေရဲ့ ဆင်ခြင်ပိုင်းဖြတ်ခွဲခြားနိုင်မှု အဆင့် အတိုင်းအတာကို ဘယ်လိုသုံးသပ်ချင်လဲ။

“အားနည်းတယ်။ တချို့ကျတော့ သိကိုမသိတာ။ တော်တော်များများ တချို့နေရာတွေ ဂျာနယ်တွေဘာတွေ ဖတ်ဖို့ အဆင်မပြေတဲ့အခါ facebook ပေါ်က သတင်းတွေကိုပဲ အားထားနေတာရှိတယ်။ Facebook ရဲ့သဘောသဘာဝကို နားမလည်ကြဘူးပေါ့။ Facebook ဆိုတာ လူတိုင်းရေးလို့ရတယ်ဆိုတာမျိုး။ နောက် Photoshop ဆော့ဖ်ဝဲတွေသုံးပြီး ပုံတွေပြင်လို့ရတယ်၊ ဟိုဘက်ကပုံ ဒီဘက်က ပုံစာထိုး။ ဒီဘက်ကပုံ ဟိုဘက်ပုံ စာထိုး လုပ်လို့ရတယ်ဆိုတာမျိုးတွေလည်း နားမလည်ကြဘူး။ အဲဒါတွေကို နားမလည်တဲ့အခါ အခု ဂျာနယ်လစ်ဇင်နဲ့ ပတ်သက်တာမှာ ကျနော် ဒါမျိုးထည့်ထားတယ်။ ဖိုတိုရှော့နဲ့ ဘယ်လိုပြင်လို့ရတယ်၊ နောက် တွေ့တာတိုင်း သတင်းမဟုတ်ဘူး။ သတင်းကို ယုံကြည်ဖို့အတွက်က ဘယ်လိုရင်းမြစ် အတည်ပြုချက်တွေ လိုက်ရမယ်ဆိုတာမျိုးတွေ၊ နောက် သတင်းကို ပြန်ဖြန့်တဲ့အခါ အများကြီး သတိထားရမှာတွေ၊ တာဝန်ခံဖို့တွေပါ။ အဲဒါတွေလည်း အခုလည်းပြောဖြစ်တယ်။ Facebook သင်တိုင်း ဒါတွေပြောဖြစ်တယ်။ ဘာလို့လဲဆိုတော့ Facebook အခန်းကဏ္ဍက တဖြည်းဖြည်းကျလာတယ်။ ပေါက်တတ်ကရတွေများလာတယ်။ သတင်းမဟုတ်တဲ့ သတင်းတွေကနေ လှုံ့ဆော်မှုတွေ အများကြီး ဖြစ်လာတယ်။ သက်ရောက်မှုတွေလည်း အရမ်းကြီးလာတယ်။ လူတွေက ဘယ်လောက်အထိဖြစ်လာလဲဆိုရင် Facebook က အလကားပါကွာဆိုတာမျိုး ဖြစ်လာတယ်။ ကျနော်က Facebook အခန်းကဏ္ဍကျလာတာ မလိုလားဘူး။ Facebook အခန်းကဏ္ဍကျလာခြင်းနဲ့အတူ CJရဲ့အခန်းကဏ္ဍပါ ကျလာတယ်။ CJတို့ Facebook တို့က သုံးရဦးမှာ။ ၂၀၁၂ တုန်းကလည်း ဒီအားကို သုံးခဲ့တာ။ ၂၀၀၇ တုန်းကလည်း ဒီ အွန်လိုင်းမီဒီယာအားကို သုံးခဲ့တာ။ ၂၀၁၅ မှာလည်း ဒါကိုသုံးရဦးမှာ၊ သူ့ရဲ့အခန်းကဏ္ဍကို မကျစေချင်ဘူး။”

အပိုင်း ၂ ဆက်လက်ဖော်ပြပါမည်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013