DVB Logo
Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ်သစ်ကို မြန်မာနိုင်ငံက ဂူအောင်းလင်းနို့များတွင်တွေ့ရှိထား  
DVB
·
February 13, 2020
ကိုရိုနာဗိုင်းရပ်စ်သစ်ကို မြန်မာနိုင်ငံက ဂူအောင်းလင်းနို့များတွင်တွေ့ရှိထား  
Donate to DVB

တကမ္ဘာလုံး တခြားဘယ်နေရာမှာမှ မတွေ့ဖူးသေးတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ကို မြန်မာနိုင်ငံက ဂူအောင်းလင်းနို့တွေဆီမှာ တွေ့ထားတယ်လို့ စမစ်ဆိုးနီးယန်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဇီဝဗေဒဌာန ကမ္ဘာ့ကျန်းမာရေး အစီအစဉ်မှာ အလုပ်လုပ်နေတဲ့ တောရိုင်းတိရစ္ဆာန်ကု ဆရာဝန် မာ့ခ်ဗာလစ်တီတိုကို ကိုးကားပြီး ဝါရှင်တန်ပို့စ် သတင်းစာက ဖေဖော်ဝါရီ ၉ ရက်မှာ ရေးပါတယ်။ 

ဗာလစ်တီတိုဟာ တိရစ္ဆာန်ကနေ လူကို ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်တွေကို အထူးပြု လေ့လာခဲ့သူ ဖြစ်ပါတယ်။ သူဟာ လင်းနို့တွေဆီက သွားရေနဲ့ မစင်နမူနာတွေကိုတင် စစ်တမ်းကောက်ခဲ့တာ မဟုတ်ဘဲ ဗိုင်းရပ်စ် ကူးစက်နိုင်လောက်တဲ့ နည်းလမ်းတွေကို နားလည်ဖို့ ဒေသတွင်း လူတွေရဲ့ အပြုအမူတွေကိုပါ လေ့လာခဲ့တာပါ။

မြန်မာနိုင်ငံအတွင်း ဂူတွေအများအပြားဟာ ဘာသာရေးအရ မြင့်မြတ်တဲ့ နေရာတွေအဖြစ် သတ်မှတ်ခံထားရပြီး လူတွေက ဂူထဲ ဖိနပ်တွေ ခြေအိတ်တွေ ချွတ်ပြီးဝင်ရတဲ့ဓလေ့ထုံးစံကြောင့် ခြေထောက်ကနေ ကူးစက်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

တချို့ ဒေသခံတွေကလည်း တောကောင်သား ဈေးကွက်ထဲမှာ လင်းနို့တွေကို စားတာရောင်းတာ ရှိနေတယ်လို့ ဗာလစ်တီတိုက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ပျားလင်းနို့လို့ခေါ်တဲ့ ဟမ်ဘယ်ဘီး လင်းနို့မျိုးစိတ်ထဲက လင်းနို့ကောင်ရေ  တထောင်ကျော်ကနေ နမူနာ တသောင်းကျော် ကောက်ယူစုဆောင်း စမ်းသပ်ထားခဲ့တယ်။ 

စမ်းသပ်ချက်အရ ကမ္ဘာပေါ် ဘယ်နေရာမှာမှ မတွေ့သေးတဲ့ ကိုရိုနာဗိုင်းရပ်စ် ရှိနေတယ်လို့ စစ်တမ်းက ဆိုပါတယ်။ ဒါပေမယ့် ဒီကိုရိုနာ ဗိုင်းရပ်စ်သစ်ဟာ လူသားတွေအတွက် ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်တဲ့ စွမ်းရည်ရှိမယ်မထင်ဘူးလို့ စမစ်ဆိုးနီးယန်းတက္ကသိုလ် ကမ္ဘာ့ ကျန်းမာရေး အစီအစဉ်ရဲ့ ညွှန်ကြားရေးမှူး ဆူဇန်မာရေးက ပြောပါတယ်။

အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ မသိသေးပေမယ့် အနည်းဆုံးတော့ ကျမတို့မှာ သတင်းအချက်အလက် ရှိထားပြီးပြီလို့ သူက ပြောပါတယ်။ နိုင်ငံတကာမှာ အသစ်ထွက်ပေါ်လာတဲ့ ကူးစက်ရောဂါတွေရဲ့ ခြိမ်းခြောက်မှုကို လေ့လာတဲ့ အမေရိကန် အေဂျင်စီ PREDICT ဟာ နိုင်ငံပေါင်း ၃၀ကျော်မှာ အလုပ်လုပ်နေတဲ့ အဖွဲ့အစည်း ငါးခု ပူးပေါင်း ဖွဲ့စည်းထားတဲ့ အေဂျင်စီပါ။

စမစ်ဆိုးနီးယန်း တက္ကသိုလ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပရောဂျက်ဟာ ဒီအေဂျင်စီက လုပ်နေတဲ့ အားထုတ်မှု အစိတ်အပိုင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း လွန်ခဲ့တဲ့ ငါးနှစ်က စတင်ခဲ့တဲ့ ပရောဂျက် ဟာ ၂၀၁၉ စက်တင်ဘာမှာ အဆုံးသတ်ခဲ့တာပါ။ ပရစ်ဒစ် အဖွဲ့ဝင် အသင်းတွေဟာ ကျန်ခဲ့တဲ့ ဆယ်နှစ်အတွင်း ကိုရိုနာ ဗိုင်းရပ်စ် အမျိုးအစားပေါင်း ၁၆၀ အပါအဝင် နို့တိုက်သတ္တဝါတွေကို ကူးစက်တဲ့ ဗိုင်းရပ်စ်သစ် ၁၂၀၀ကျော်ကို ရှာတွေ့ခဲ့တယ်လို့လည်း မာရေးက ပြောပါတယ်။

စမစ်ဆိုးနီးယန်းက သားရိုင်းတိရစ္ဆာန်ရေးရာ ပညာရှင်တွေဟာ တိရစ္ဆာန်ရုံတွေကနေ လူကို ရောဂါကူးစက်မှု လျှော့ချရေး အလားအလာတွေကို ကမ္ဘာတဝန်းမှာ ကျန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ရှာဖွေ ဖော်ထုတ်ခဲ့တယ်လို့  ဝါရှင်တန်ပို့စ် သတင်းစာက ရေးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013