Homeမြန်မာသတင်း
မကွေးဆေးရုံ၌ စောင့်ကြည့်လူနာ အမျိုးသမီး ၁ ဦးသေဆုံး၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့်မဟုတ်ဟု ကျန်းမာရေးဌာန ထုတ်ပြန်
မကွေးဆေးရုံ၌ စောင့်ကြည့်လူနာ အမျိုးသမီး ၁ ဦးသေဆုံး၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့်မဟုတ်ဟု ကျန်းမာရေးဌာန ထုတ်ပြန်
DVB
·
February 10, 2020
မကွေးတိုင်းဒေသကြီး၊ မကွေးပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည့်ကုသပေးနေတဲ့ အမျိုးသမီး ၁ ဦးသေဆုံးသွားပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် မဟုတ်ဘူးလို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံကနေ လွန်ခဲ့တဲ့ ၂ လလောက်ကမှ ပြန်ရောက်လာတဲ့ တောင်တွင်းကြီးမြို့နယ်မှာနေထိုင်တဲ့ အသက် ၂၇ နှစ် အရွယ် အမျိုးသမီးတစ်ဦးဟာ ဖျားနာ၊ အသက်ရှူကြပ်၊ မောတဲ့ ရောဂါလက္ခဏာတွေ ခံစားခဲ့ရပြီး တောင်တွင်းကြီးဆေးရုံကနေ မကွေးပြည်သူ့ဆေးရုံကြီးမှာ ဖေဖော်ဝါရီ ၉ ရက်က တက်ရောက် ဆေးကုသမှုခံယူနေတာပါ။
လူနာဟာ နာတာရှည် အရေပြားလေးဖက်နာ ရောဂါဖြစ်ပွားနေတာ ၃ နှစ်လောက်ရှိပြီး ဆေးရုံသို့ရောက်ရှိချိန်မှာ သွေးပေါင်ချိန်ကျဆင်းကာ လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေ့ရှိခဲ့ရလို့ ကုသပေးနေစဉ် ဖေဖော်ဝါရီ ၉ ရက် မနက် ၁၁ နာရီ ၁၅ မိနစ်မှာ သေဆုံးသွားတာလို့ ကျန်းမာရေးဌာန သတင်းအရသိရပါတယ်။
အဆိုပါလူနာဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကထုတ်ပြန်ထားတဲ့ 2019 Novel Coronavirus (2019-nCoV) သံသယလူနာရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်နဲ့ ကိုက်ညီမှုမရှိပါကြောင်းနဲ့ လူနာသေဆုံးရခြင်းအကြောင်းအရင်းဟာ နာတာရှည် အရေပြားလေးဖက်နာရောဂါ အခြေအနေ ဆိုးဝါးလာပြီး နောက်ဆက်တွဲဆိုးကျိုးဖြစ်တဲ့ လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေနဲ့ သွေးဆိပ်တက်ခြင်းတို့ခံစားရကာ သေဆုံးရတာလို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။